Sunday, December 6, 2015

Attitude-Pollution Nation (စိတ်ထား ညစ်ညမ်းမှု့သင့် နိုင်ငံတော်)

 

နိုင်ငံတစ်ခု တွင် အရေးကြီးဆုံး လိုအပ်ချက် က
ဘယ်အရာဖြစ်နိုင်မလဲ ?။
ကျွန်တော့်အမြင် သက်သက်က တော့
Human Resource ဆိုတဲ့ လူ့အရင်းအမြစ် လို့ပဲထင်ပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ အရင်က သယံဇာတတွေ ပေါ်တဲ့ နိုင်ငံပါ ။ ဒါပေမဲ့ အခုချိန်မှာ အားလုံးသိတဲ့ အတိုင်းပါပဲ ။

ထားလိုက်ပါတော့ ဖြစ်ပြီးတာတွေ ။
ဒီတော့သေချာတာက ကျွန်တော်တို့နိုင်ငံမှာ အဓိက အားကိုးအားထားပြုစရာ လူပဲ ကျန်ပါတော့တယ် ။
ဒါဟာ အားငယ်စရာမဟုတ်တာတော့ အသေအခြာပါပဲ ။ ကျွန်တော်တို့ ထက်တောင် ဆိုးပြီး ရေ တောင်မထွက်တဲ့ တိုင်းပြည်တွေ ဟာဆို ခုချိန်မှာ လူ့အရင်းအမြစ်ကို အားကိုးပြီး တည်ဆောက်လာတာ ၊ အခုဆို ကျွန်တော်တို့ နိုင်ငံ အထက်မှာ ကျော်လွှားနော်ကြတာကို တွေ့ရမှာပါ ။
အရင်က ကျွန်တော်တို့ ကို အတုယူကာ
ကျွန်တော်တို့နိုင်ငံက ရန်ကုန်လို ဖြစ်အောင်လုပ်မယ်ဆိုပြီး ကြွေးကျော်ခဲ့တဲ့
စင်ကာပူဟာဆိုရင် နိုင်ငံစတည်စ
1965 ခုနှစ်မှာ လူဦးရေ ၁.၇သန်းကျော် သာ ရှိခဲ့ ရာမှ ယခု 2015 ခုနှစ်တွင်မှာ 6 သန်း နားကပ်ယုံရှိပါသေးတယ် ။
သူတို့နိုင်ငံကို ဦးဆောင် ခဲ့တဲ့ လီကွမ်းယု ဟာ သူ့ လက်ထက်မှာ ဘားမှမရှိပဲ လူနည်းနည်း နှင့် နိုင်ငံကို လူ့အရင်းမြစ်ကိုပဲ အားကိုပြီး တည်ဆောက်သွားခဲ့တာ အခုဆို ကျွန်တော်တို့နိုင်ငံ ဟာ စင်ကာပူနောက်မှာ ကောင်းကောင်းကို ကျန်ခဲ့ပါတယ် ။
သူတို့ ဟာ လူတွေကို ပညာတတ်အောင် သင်ခဲ့တယ် ၊ စည်းကမ်းကောင်းအောင် ထိန်းကျောင်းခဲ့တယ်၊ ပြီးတော့ စိတ်ဓာတ်ကောင်းအောင် ပျိုးထောင်ခဲ့ပါတယ်။
ဒီလို တွေးမိတော့ ငယ်ငယ်က ကျွန်တော်တို့ ကျောင်းတွေမှာပါတဲ့ တံဆိပ်ကို သတိတရဖြစ်မိသေးရဲ့ ။
""စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ"" ဟူ၍ဖြစ်သည်။
သိပ်ကောင်းသည့် ဆောင်ပုဒ်တွေ ဖြစ်ပါသည်။
နိုင်ငံတစ်ခု၏ အဓိကလိုအပ်ချက်မှာ နိုင်ငံသားကောင်းများဖြစ်ပြီး ။ နိုင်ငံသားကောင်းများဖြစ်ရန် အဓိကလိုအပ်ချက်မှာ အထက်ပါသုံးခု သာဖြစ်ပါသည်။
အားမနာတမ်းပြောရလျှင် ကျွန်တော်တို့ နိုင်ငံမှာ ချို့တဲ့ နေတာလဲ ဒီသုံးခုပင် ဖြစ်သည်။
ကျွန်တော်တို့ နိုင်ငံမှာ လူပေါင်း ၅၁သန်းကျော် ရှိပါတယ်။ ရန်ကုန်တစ်မြို့ စာတင် ၈သန်းနားကပ်နေပါပြီ ။
လူအရင်းအမြစ် ကို အားကိုးပြီး နိုင်ငံတည်ဆောက်လျှင်တောင် စင်ကာပူထက် ဆယ်ပြန် မက အပြန်၁၀၀ လောက် သာ နိုင်သည်။
သို့သော် ကျွန်တော်တို့မှာ အထက်ကပြောခဲ့တဲ့ "စိတ်ဓာတ် ၊ စည်းကမ်း ၊ ပညာ " ဆိုတဲ့ အဓိက သုံးချက် ရှိမှ ရမည်။
ထိုးသုံးချက်လုံးသည် တြိဂံ တစ်ခု၏ထောင့်များ လိုပင် အရေးကြီးသည်။ တြိဂံ၏ ဂုဏ်သတ္တိမှာ ထောင့်သုံးထောင့် ရှိရန်လိုအပ်ပြီး တစ်ထောင့် ပျောက်လျှင်ပင် တြိဂံ မ မည် တော့ပေ။
ဒီလိုပဲ ကျွန်တော်တို့ တွေ နိုင်ငံသားကောင်းဖြစ်ရန် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ဆိုသော ထောင့်သုံးထောင့် လိုအပ်ပြီး တစ်ထောင့်မှ လျှော့လို့မရပေ ။
ဒီသုံးချက်သည်ပင် လူတို့၏ စိတ်နေစိတ်ထား အပြုအမူ အကျင့် (Attitudes) တို့ ကို ဦးဆောင်ဖော်ညွှန်းသွား ကြတာဖြစ်သည်။
သို့သော် ယနေ့ခေတ် ကျွန်တော်တို့ ကျွန်တော်တို့ တိုင်းပြည်က လူတွေ ကျွန်တော်အပါအဝင် အားလုံး ရဲ့
စိတ်နေစိတ်ထား အပြုအမူ အကျင့်(Attitudes) တွေ ဘယ်လိုဖြစ်၍၊ ဘယ်အနေအထားရောက်နေပါလဲ?။
ကဲ ကျွန်တော်တို့ ကိုယ် ကျွန်တော်တို့ အားမနာတန်း ဝေဖန် ကြည့်ကြမလား? ။ smile emoticon
အပြင်လောကကို ခဏထားလို့ Social Network ပေါ်မှာ ခုတလော မြင်တာတွေပဲ ပြောကြည့်ဦးဆို့ ။
ကြားပေါက်ကြားပေါက် အမှိုက်ကောက်တာ အလှူလုပ်တာ၊ ပရဟိတ လုပ်တာတွေတော့ ရံဖန်ရံခါ ဝမ်းသာစရာ တွေ့ရပေမဲ့ ။ များသောအားဖြင့်တော့ အနှုတ်သဘောတွေသာ များနေတာ အားလုံး သတိထားမိမှာပါ။
-အသက် ၇ဝ ကျော်က မြေးအရွယ်လေးကို မဒိန်း ပက်ပက်စက်စက် ကျင့်တာ။
-၈နှစ်အရွယ်ကလေးမကို တစ်ကိုယ်လုံးချွတ်ပြီး ကြိုးတုပ် နှိပ်စက်တာ ။
-အိမ်အကူခေါ်ပြီး ခွေးလှောင်အိမ်ထဲထည့်ထားပြီး နှိုပ်စက်တဲ့ အဆီချ လုပ်ငန်း ။
-အဖေက သမီးအရင်းကို ဓားထောက် မုဒိန်းကျင့်တာ။
-သူခိုးကြီးညဆိုပြီး တစ်မြို့လုံး အမှိုက်ပုံးတွေ ရိုက်ခွဲ အမှိုက်တွေ ဖွ သွားတာ ။
-ညအိပ်ရပ်ထားတဲ့ ကားတွေကို မှန်ပါမကျန် သံချောင်းနဲ့ခြစ်သွားတာ။
-ကားလမ်းလုရင်း လူမိုက်စတိုင် ရန်ဖြစ်ကြတာ။
-အုပ်စုဖွဲမုဒိန်းကျင့်တာ ။
-သမီးရည်းစား ကိစ္စတွေ၊ အိပ်ယာပေါ်က ကိစ္စတွေကို မိန်းကလေးတွေကိုယ်တိုင်က အတားအစီး မရှိ ပြောနေဆိုနေတာ ။
-မိန်းကလေးနှစ်ယောက်လမ်းဘေးမှာ နပန်းသတ်နေတာ ။
-သူများနိုင်ငံဒုက္ခရောက်နေတာကို "ကောင်းတယ်" ၊ "သေပစေ"၊ "ပိုပြီး လုပ်ရမှာ" အစရှိတဲ့ ကွန်မန့် တွေ။
ဆက်ပြောရင် ကျွန်တော့်ကိုပဲ အဆိုးမြင်ဝါဒီ လို့ သမှုတ်ခံရဖို့ ရှိတယ် ။
ဒါပေမဲ့ ဒါတွေက တကယ်ဖြစ်နေတာ။
ဘာကြောင့် ကျွန်တော်တို့ တွေ နိုင်ငံက လူတွေရဲ့ Attitude တွေ ဒီလောက်အောက်ထိုးဆင်းနေတာလဲ ?။
မှားဖြေစရာမရှိပါဘူး။ ပညာရေးပါ။
တစ်မျိုးသားလုံးနီးပါး ပညာချို့တဲ့ နေကြတာပါ။
ကျွန်တော်ပြောတဲ့ ပညာဆို တစ်နှစ်တစ်တန်းအောင် ၊ ဘွဲ့ရ ပညာကိုပြောတာမဟုတ်ပါ။
ကျွန်တော်တို့ အခြေခံကျောင်းတွေက မသင်ပေးလိုက်နိုင်တဲ့ ပညာပါ။
ကိုယ့်ဦးနှောက်ဥာဏ်ဖြင့် ကောင်းဆိုး ဝေဖန်ပိုင်းခြားနိုင်တဲ့ "ပညာ" ကို ပြောတာပါ ။
အမှန်ကော အခြေခံကျောင်းတွေမှာ ဒါတွေမသင်လိုက်ဘူးလား? ။
ုငယ်ငယ်က လူမှု့ရေး တို့ ၊အထွေထွေ သိပ္ပံ တို့ ၊ စာရိတ္တ တို့ ဆိုတဲ့ စာသင်ချိန်တွေကို မှတ်မိမလား မသိဘူး ။
လူမှု့ရေးဆို ထိုင်း မကောင်းကြောင်း သင်တယ်။
နှစ်တန်းအရွယ်ကလေးကို သင်တဲ့ လူမှု့ရေး စာအုပ်အစိမ်းထဲမှာ
"ထိုင်းတို့၏ အယူဝါဒမှာ လေယူရာယိမ်းသည့် ဝါဒဖြစ်သည်" ဆိုတဲ့ စာသား ခုထိမှတ်မိနေပါသေးတယ် ။
ဒါကိုလူမှု့ရေးလို့ ဘယ်မဟာပညာကျော်ကြီးတွေက ဘယ်လို သတ်မှတ်လိုက် သည်မသိ ။
စာရိတ္တဆိုလဲ ကြည့်ဦး ။
"မောင်မောင်သည် မိဘကိုရိုသေသူ ဖြစ်သည်။
ကျွန်တော်သည် မောင်မောင့်ကို အားကျပါသည်။" ဆိုတာမျိုး
ဒီလိုသင်လိုက်ယုံနဲ့ ကျွန်တော်တို့တွေ ဒီအရွယ်ရောက်တဲ့ အခါ စာရိတ္တတွေ လူမှု့ရေးတွေ အရမ်းကောင်းသွား ရောလား။
ခေတ်အဆက်ဆက် စီမံခန့်ခွဲမှု့ ညံ့ဖျင်းမှု့အကျိုးဆက်ကို ကျွန်တော်တို့ ကောင်းကောင်းကြီးလှိမ့်ခံနေရတာပါ။
ကြုံလို ဂျပန်ပညာရေးအကြောင်း တစ်ပိုင်း တစ်စ ပြောပြချင်မိတယ် ။
အရင် ခေတ်ဟောင်းက ဂျပန်၏မူလ ပညာရေးစနစ် သည် ဘာသာရေးနှင့် အတော် လေး ဆက်စပ်နေပါတယ်။ ကျွန်တော်တို့နိုင်ငံလိုပဲ ပညာရေးကို ဘုန်းတော်ကြီးကျောင်းတွေမှ စခဲ့ တာလဲ တူပါတယ်။
ကျောင်းသင်ပညာရေးစနစ်ကို ဘုရားကျောင်း များမှတစ်ဆင့်ချုပ်ကိုင်ထားပြီး ဗုဒ္ဓစာပေများကို ဘုန်းတော်ကြီးများ မှတစ်ဆင့် သင်ကြားလေ့လာကြရသည်။ နောက်ပိုင်းတွင် ပညာရှာ လိုသည့်ကလေးများသည် တာရာကိုရာ (Tera-koya) ဟုခေါ်သည့် နေရာတွင်စုဝေးကြရပြီး ဂျပန်စာအရေးအဖတ်ကို သင်ကြားကြရ တယ်။
ဒီနေ့ခေတ် ဂျပန်မှာ ပထမတန်းမှ (၆)တန်းအထိ မူလတန်းမှာ ပညာသင်ကြားနေတဲ့ ကလေးတွေဟာ လူအများ နဲ့ ဘယ်လိုဆက်ဆံရမလဲဆိုတဲ့ လူမှုရေးကျင့်ဝတ်တွေကို သင်ကြားကြရကြောင်း
လေ့လာဘူးပါတယ် ။
ယနေ့လူငယ် နောက်ဝယ် လူကြီး ဆိုတာ၊ ကလေးကောင်းမှ လူကြီးကောင်းမယ်ဆိုတာ သူတို့ကောင်းကောင်းသိထားတယ်လေ။
တစ်ခါက ကကျွန်တော့်ဆရာတစ်ယောက် ပြောပြဘူးတာလေ ကို ပြန် share ချင်ပါတယ်။
မူလတန်းမှာ ကျောင်းသားလေးတွေကို ဆရာမက ဦးဆောင်ပြီး လေ့လာရေးသွားချိန်မှာ ချယ်ရီပန်းတွေ ရှိတဲ့ ပန်းခြံကြီးထဲခေါ်သွားပြီး ကလေးတွေကို လွတ်လွတ်လပ်လပ် ဆော့ကစားစေတယ်။
ပြေးတဲ သူကပြေး ပန်းတွေကောက်သူကကောက်။ ပန်းခူးပြီး အပင်ဆိတ်သူကဆိတ်နဲ့ပေါ့ ။
အချိန်နဲနဲကြာမှ ဆရာမက ကလေးတွေကိုခေါ်ပြီး။
ဒီ မှာကစားရတာပျော်လားမေး ပြီး၊ ဒီပန်းပင်ကြီးတွေဟာမလှဘူးလာလို့မေးပါတယ်။ကလေးတွေကလဲ လှပါတယ် ဆိုပြီး ဖြေကြတာပေါ့။
ဒါဆို ဒီချယ်ရီတွေ ပျက်စီးသွားအောင်လုပ်မှာလား ဆိုတော့ ။ ကလေးတွေကမလုပ်ပါဘူး ပေါ့။
အဲကချိန်မှာစောစောက ပန်းခူး အပင်ဆိတ်လုပ်ထားတဲ့ ကလေးတွေကငြိမ်ပြီးကျန်နေတယ် ။
အဲ့နောက်မှာဆရာမက ဒီချယ်ရီတွေဟာ ဂျပန်နိုင်ငံကြီးကို ကိုယ်စားပြုကြောင်း ။ ဒီပန်းတွေ အလှမပျက်အောင် ထိန်းသိမ်းသင့်သလို ။ ဆရာမတို့ နိုင်ငံကြီးအလှမပျက်အောင် ထိန်းသိမ်းဖို့ ရှင်းပြတယ် ။
စောစောက ပန်းခူးမိတဲ့ ကလေးတွေကလဲ ပန်း
တွေကို ဆရာမလက်ထဲ လာထည့်ပြီး ။ သူတို့ကိုယ်တိုင်တောင်းပန်ပြီး နောက်မလုပ်တော့ဘူးလို့ ပြောကြတယ်တဲ့ ။
ဒီလိုခရီးမျိုးတွေ အကြိမ်ကြိမ်ထွက်ပြီး ကလေးတွေရဲ့ မူလတန်း ပညာရေးတစ်လျှောက်ကုန်ဆုံး စေခဲ့တာပါ။
ပထမတန်းကနေ တတိယတန်းအထိ ဂျပန်ကလေးတွေဟာ စာမေးပွဲ ဖြေစရာ မလိုပါဘူး ။ ဂျပန်ပညာရေး ရည်မှန်းချက်က စာမေးပွဲတွေ စစ်နေရုံဖြင့် မပြီး။ ပညာရဲ့ သဘောကို စောကြောတတ်ဘို့ နှင့် ကိုယ်ရည်ကိုယ်သွေး ပြုစုပျိုးထောင်ဘို့ကလည်း အရေးပါတယ်လို့ ယူဆထားတာပါ။
ဒီလိုပညာရေးစနစ်မှာ သင်ထောက်ကူ ဘာညာလဲ မလိုအပ်ပါဘူး ။ ပိုက်ဆံအများကြီးလဲမကုန်ပါဘူး ။ ဒီလိုပညာရေးမျိုးကို ဘာကြောင့်မကျင့်သုံးခဲ့လဲ စဉ်းစားလို့ကိုမရပါ ။
"မောင်မောင်သည် မိဘရိုသေသည်" ဆိုတာနဲ့ ကလေးတွေကနေ လူကြီးဖြစ်တဲ့ အထိ အကျင့်စာရိတ္တ ကောင်းမွန်မယ်လို့
ဘယ်လိုများ ဆုံးဖြတ်ခဲ့ လဲမသိပါ။
ဒါကြောင့် လွဲမှားတဲ့ စီမံခန့်ခွဲမှု့တွေအောက်မှာ
ကြီးလာလို့ ဒီလို Attitude ခပ်ဆိုးဆိုး လူတွေဖြစ်လာတာ မထူးဆန်းပါ။
အရက်တစ်လုံး ထောင်ကျော်နဲ့ ရတယ် ။ ဆေးလိပ်တစ်ဘူး ခြောက်ရာကျော်နဲ့ ရတယ်။
စာအုပ်တစ်အုပ် ဆို ပျမ်းမျှ နှစ်ထောင်ကျော် သုံးထောင် ရှိတယ် ။
အတုယူစရာ Idol တွေကိုယ်တိုင်က အဖော်အချွတ်တွေ ရိုက်ပြတယ် ။ ဇာတ်လမ်းရှုပ်တာတွေက ဟော်လိဒ်ဝုဒ် ကို လိုက်မှီတယ် ။ တစ်ခါတစ်ခါ အိပ်ယာပေါ်က video တွေပါထွက်လာတယ် ။
ကျောင်းသားကျောင်းသူ ဝတ်ဆုံကြီးတွေနဲ့ ဖွန်ကြောင်တာပဲ လှိမ့်ရိုက်တယ် ။
ဒါကြောင့်လဲ ၈တန်း ၉တန်းကလေးတွေ ယောက်ျားရေ မိန်းမရေနဲ့ ဖြစ်နေတာ မြင်ကြမှာပါ ။
ဒီတော့ လာမဲ့ နိုင်ငံအသစ်မှာ ဒါတွေကို ကျွန်တော်တို့ ပြောင်းလဲ ရပါတော့မယ် ။ ဒီညစ်ညမ်းမှု့တွေ ပြွတ်သိပ်နေတဲ့ Attitude-Population ကို ကျွန်တော်တို့တွေ သန့်စင်အောင် လုပ်ဖို့ အချိန်တော်တော် ယူ ရပါဦးမယ် ။
ပညာရေးကစပြောင်းလဲမှ အမျိုးသားအကျင့်စာရိတ္တမြင့်မားရေး ဆိုတဲ့ ခရီးရောက်မှာဖြစ်ပြီး ဒီကနေမှ attitude ဆိုးတွေကို စတင်ဖယ်ရှားရမှာဖြစ်ပါတယ်လို့ ပြောရင်း အနာဂတ်မှာ ကျွန်တော်တို့နိုင်ငံဟာ ကမ္ဘာမှာ Attitude-Pollution Nation အဖြစ်မှ အလွတ်ရုန်းဖို့
"စိတ်ဓာတ် စည်းကမ်း ပညာ" ကို အဓိကအလေးထားတဲ့ ပညာရေးစစ်စစ် စနစ်တစ်ခု လိုအပ်ပါတယ် လို မြင်မိပါသည်။
‪#‎JustThinking‬
‪#‎ThetPaing‬

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...