Friday, December 25, 2015

သမ္မတတာဝန်လွှဲပြောင်းရေးကို သမ္မတအိမ်တော်၌ ကျင်းပရန် ဆွေးနွေး

Nainglin AungFollow

မကြာခင် လွှဲပြောင်းပေးအပ်မည့် နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းရေးကို လက်ရှိသမ္မတအိမ်တော်၌ ကျင်းပရန် အစိုးရအဖွဲ့နှင့်အန်အယ်လ်ဒီအသွင်ကူးပြောင်းရေးအဖွဲ့ ဒုတိယအကြိမ်တွေ့ဆုံပွဲတွင် ဆွေးနွေး ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က Friday Times သို့ပြောကြားသည်။

“သမ္မတနှစ်ဦး နိုင်ငံတော်အကြီးအကဲတာဝန် လွှဲပြောင်းမယ့်ကဏ္ဍကို သမ္မတအိမ်တော်မှာလုပ်ဖို့ စပြီးကျနော်တို့ ဆွေးနွေးတယ်။ သမ္မတလွှဲဖို့ကိစ္စက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ လွှဲမယ့်ကောင်စီဝင်တွေ လွှတ်တော်ခေါ်ဦး မယ် ၊ သမ္မတရွေးရမယ် ၊ အစိုးရအဖွဲ့ဖွဲ့မယ် သမ္မတအသစ်က ကျမ်းသစ္စာကျိန်ဆိုမယ် ၊ ပြီးရင် အခမ်းအနား လုပ်မှာပေါ့။ ” ဟု ဦးရဲထွဋ်က ပြောသည်။
တာဝန်လွှဲပြောင်းနိုင်ရေးအတွက် နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းမှု အထောက်အကူပြုကော်မတီ ခေါင်းဆောင်ဖြစ်သည့် ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း ၊ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် ၊ ညွှန်ကြားရေး မှူးချုပ်(၃)ဦးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အသွင်ကူးပြောင်းရေးအဖွဲ့မှဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဦးဆောင်သည့် ဦးဝင်းထိန် ၊ ဒေါက်တာမျိုးအောင် ၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာအောင်သူ တို့သည်ဒီဇင်ဘာ(၂၂)ရက် ညနေပိုင်းတွင် တွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် သမ္မတရာထူးလွှဲပြောင်းခြင်းကို သမ္မတအိမ်တော်၌ ကျင်းပရန်ဆွေးနွေးခဲ့ပြီး အစိုးရ တာဝန်လွှဲပြောင်းရေးကိစ္စများအတွက်ပြင်ဆင်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
“၀န်ကြီးဌာနတစ်ခုချင်းအလိုက် လိုအပ်တဲ့ အချက်အလက်တွေကို ကျနော်တို့ပြုစုတာပေါ့ဗျာ အဲ့ဒါတွေကိုတော့ ကျနော်တို့ စခိုင်းနေပြီပေါ့ ၊ တစ်ပုံစံထဲဖြစ်အောင် ရှေ့အပတ်ထဲမှာ ကျနော်တို့ ၀န်ကြီးဌာနတွေကို ခေါ်ပြီး တော့ ၀န်ကြီးဦးလှထွန်းက ရှင်းပြပါလိမ့်မယ်။”ဟုပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား အစိုးရမှ တာဝန်လွှဲပြောင်းပေးနိုင်ရန် တတိယအကြိမ် တွေ့ဆုံဆွေးနွေးမှုကို အတွင်းဝန်များ စုစည်းပြီးကျင်းပမည့် အစည်းအဝေးပြီးမှသာ ဆက်လက် တွေ့ဆုံမည်ဖြစ်ကြောင်း ဒီချုပ်အသွင်ကူးပြောင်းရေးအဖွဲ့မှ သိရှိရသည်။
“လာမယ့်တနင်္လာ ၂၈ရက်နေ့မှာ အတွင်းဝန်တွေစုပြီးတော့ ၀န်ကြီးဌာနတွေ လုပ်မယ့်ကိစ္စတွေကိုသူတို့ အစည်းအဝေး ထိုင်လိမ့်မယ်၊ ဦးလှထွန်းကတော့ ရွေးကောက်ပွဲ ပြီးကတည်းက အချက်အလက်နဲ့ လုပ်ရမှာမို့ ၀န်ကြီးဌာနတွေမှာ ပြင်ဆင်နေတယ်။ ပြင်ဆင်ပြီးရင် ကျနော်တို့မြို့နယ်တစ်ခုချင်းစီ တစ်ခုချင်းစီမှာအပ်မယ်။ ကျနော်တို့က စီပြီးတော့လက်ခံမယ်။ “ ဟု ဒီချုပ်အသွင်ကူးပြောင်းရေးအဖွဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ပြောသည်။
နိုင်ငံတော်အကြီးအကဲတာဝန်နှင့် အစိုးရအဖွဲ့တာဝန်များကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံသို့ လွှဲပြောင်းရန် အတွက် ဒီချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဦးသိန်းစိန်နှင့် ဒီဇင်ဘာ(၂)ရက်နေ့တွင် စတင်တွေ့ ဆုံခဲ့ပြီး ၄င်းတွေ့ဆုံမှု နောက်ဆက်တွဲအရ တာဝန်လွှဲပြောင်းရေးကော်မတီဝင်များသည် ဒီဇင်ဘာ(၁၆) ရက်နေ့ တွင် ပထမအကြိမ် ၊ ဒီဇင်ဘာ(၂၂)ရက်နေ့တွင် ဒုတိယအကြိမ် တွေ့ဆုံခဲ့ပြီးဖြစ်သည်။
ဆက်လက်တွေ့ဆုံဆွေးနွေးရေးကိုတော့ အလျဉ်းသင့်သလို တွေ့ဆုံမည်ဖြစ်ကြောင်း ၊ သက်မှတ်အချိန်ကာလ မရှိကြောင်း ဒီချုပ်အသွင်ကူးပြောင်းရေးအဖွဲ့ဝင်များနှင့် အစိုးရအဖွဲ့တာဝန်လွှဲပြောင်းရေးကော်မတီဝင်များထံက သိရှိရသည်။
‪#‎FridayTimesNews‬

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...