Friday, December 25, 2015

လူငယ်တွေ ၂၀၁၅အလွန် ပြင်ဆင်ထားဖို့


ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရခဲ့ပြီး အခု အစိုးရသစ်ရယ်လို့တောင် မဖွဲ့ရသေးတဲ့အချိန်မှာကိုပဲ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ အများကြီးထပ်ဝင်လာဖို့ တာစူနေကြတာကို တွေ့ရမှာပါ။
နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ ဒီထက် ပိုဝင်ဆံ့လာဖို့ ရှိနေပါတယ်။ ဒီလိုမျိုး အခွင့်အလမ်းတွေ များလာတော့မဲ့အချိန်မှာပဲ တစ်ဖက်မှာလည်း စိန်ခေါ်မှု၊ ပြိုင်ဆိုင်မှုတွေက ကပ်ပါလာတော့မှာပါ။
ဒီအတွက် ဘာတွေပြင်ဆင်ထားဖို့ လိုမလဲ။
ပြီးခဲ့တဲ့နှစ်လလောက်က How to market yourself in a competitive world ဆိုတဲ့ ဟောပြောပွဲတစ်ခု သွားတက်ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ Speaker တစ်ယောက်ဖြစ်တဲ့ ဆရာဦးမြင့်ဇော်က အခုခေတ်လုပ်ငန်းရှင်တွေ လိုချင်နေကြတဲ့ အရည်အချင်း(၉)ရပ်ဆိုတာကို ပြောပြသွားတယ်။ လူငယ်လူရွယ်တွေအားလုံး ပြင်ဆင်ထားနိုင်ဖို့ပါ။
၁) ဘာသာစကား (Global skills)
---------------------
သူများနိုင်ငံတွေမှာ ဘာသာစကားကို နှစ်မျိုး သုံးမျိုးလောက် သင်နေကြတဲ့အချိန်မှာ ကျွန်တော်တို့ကတော့ အင်္ဂလိပ်စာတစ်မျိုးတည်းတောင် တော်တော်လုပ်နေကြရတုန်းပါ။ ကမ္ဘာသုံးဘာသာစကားလည်း ဖြစ်တယ်၊ စာတော်တော်များများကို ဒါနဲ့ပဲ ရေးထားတယ်၊ လူတော်တော်များများလည်း ဒါနဲ့ပဲ ဆက်သွယ်ကြ၊ ပြောကြ၊ ဆိုကြတယ်။ ဒီတော့ သူတို့တွေကြားထဲ တိုးချင်ရင် အဲဒီဘာသာစကားကို ကျွမ်းကျင်အောင် ကြိုးစားကြရမှာပါပဲ။
၂) ကွန်ပျူတာ (Computing skill)
---------------------
Digital literacy လည်း တတ်ဖို့လိုပါတယ်။ ဖုန်းမှာ zapya သုံးပြီး ဖိုင်လေးတွေ ပေးတတ်ယူတတ်ရုံနဲ့ ကျေနပ်နေလို့ မရပါဘူး။ အစည်းအဝေးတွေမှာ Presentation လုပ်ရင်လည်း ရှိသမျှစာတွေ ပြွတ်သိပ်ရေးထားတာ၊ power point ကို ကောင်းကောင်းမသုံးတတ်ကြတာ သတိထားမိပါတယ်။ ၀န်ထမ်းခန့်ဖို့ အင်တာဗျူးလုပ်တဲ့အခါ ကွန်ပျူတာသင်တန်းတက်ထားကြောင်းတော့ Certificate ပေါင်းမြောက်များစွာ တင်လာတတ်ကြပါတယ်။ ကွန်ပျူတာကို ရှေ့ထိုးပေးလိုက်ပြီး လုပ်ခိုင်းတော့ Excel တောင် ကောင်းကောင်းမသုံးတတ်ကြပါဘူး။
၃) မိမိအသိစိတ်ဖြင့် ဆောင်ရွက်တတ်ဖို့ (Initiative)
---------------------
ခိုင်းမှ၊ ပြောမှလုပ်တတ်ကြတဲ့အကျင့်ကို ဖျောက်ကြရမယ်။ ငယ်ငယ်က ပြောစကားနားထောင်တယ်၊ လိမ္မာတယ်ဆိုတာကို ဂုဏ်ယူစရာအဖြစ် ပျိုးထောင်ခံခဲ့ကြရတယ်။ ပညာရေးစနစ်ကလည်း အဲဒီအတိုင်း ပုံသွင်းပေးထားတယ်။
တီထွင်ကြံဆခြင်းထက် လမ်းဟောင်းလိုက်ခြင်းကို ဦးစားပေးတယ်။ မှားရဲအောင် မသင်ကြားပေးဘူး။ အဲဒီလိုနဲ့ ကြီးလာတဲ့အခါ အပြောင်းအလဲတခုခု လုပ်ဖို့၊ အများနဲ့ကွဲထွက်ရဲဖို့ သတ္တိမရှိတော့ဘူး၊ ဘောင်ရဲ့အပြင်ဘက်ကိုထွက်ပြီး မစဉ်းစားတတ်ကြတော့ဘူး။
အဲဒီလိုနဲ့ လုပ်ငန်းခွင်ထဲ ရောက်တဲ့အခါ အထက်ကခိုင်းမှ၊ ပြောမှ လုပ်တတ်တဲ့အကျင့်က ရလာပါတော့တယ်။ ဒီခေတ်မှာ ဆက်ပြီးရှင်သန်ချင်ရင်တော့ ကိုယ့်တာဝန်ကိုယ်သိပြီး အလုပ်လုပ်တတ်ဖို့၊ မှားမှာကိုမကြောက်ဖို့ ရှေ့ဆက်ရဲဖို့ အလေ့အကျင့် တွေ မွေးယူကြရပါလိမ့်မယ်။
၎) အစီအစဉ်ဖြင့် အလုပ်လုပ်တတ်ဖို့ (Action planning)
---------------------
“Fail to plan, Plan to fail” အစီအစဉ်ဆွဲဖို့ ပျက်ကွက်ခြင်းဟာ ရှုံးနိမ့်ဖို့ အစီအစဉ်ဆွဲနေခြင်းပါပဲ။ ဒီနေ့ခေတ်ဟာ result oriented ခေတ်ပါ။ ဘာလုပ်လုပ် ရလဒ်ထွက်အောင် လုပ်တတ်ဖို့လိုပါတယ်။
ရလဒ်ထွက်အောင် လုပ်တတ်ဖို့ဆိုတာ ကိုယ်ဘာလိုချင်တာလဲ၊ ကိုယ်ဘာလုပ်ရမှာလဲ၊ ဒါတွေကို အရင်ဆုံးအစီအစဉ်ဆွဲထားဖို့ လိုပါတယ်။ ဘ၀တစ်ခုလုံးစာ ဘာဖြစ်ချင်တာလဲ ဆိုတဲ့ အိပ်မက်ကြီးကြီး အရင်မက်ပါ။
ပြီးမှ အဲဒီအိပ်မက် အကောင်အထည်ပေါ်လာဖို့ နောင်(၁၀)နှစ်မှာ ဘာဖြစ်ရမယ်၊ နောင်(၅)နှစ်၊ (၁)နှစ်ကနေ နောက်ဆုံး၊ မနက်ဖြန် ဘာလုပ်မယ်၊ ဘာတွေပြီးမြောက်ရမယ်ဆိုတဲ့ အစီအစဉ်မျိုးတွေ ဆွဲပြီး အလုပ်လုပ်တတ်ဖို့ လိုပါမယ်။ မဟုတ်ရင်တော့ ဘယ်နားကမ်းကပ်ရမှန်းမသိတဲ့လှေလို တစ်ဝဲလည်လည်နဲ့ပဲ အချိန်ကုန်သွားရပါလိမ့်မယ်။
၅) ဖြန့်ကျက်စဉ်းစားတတ်ဖို့ (Critical thinking)
---------------------
နိုင်ငံတကာက လူတွေဟာ စကားပြောရင်ဖြစ်ဖြစ်၊ အလုပ်လုပ်ရင်ဖြစ်ဖြစ် Evidence based ဖြစ်ကြပါတယ်။ Data တွေ Information တွေပေါ် အခြေခံပြီး စဉ်းစားကြတယ်၊ ဆုံးဖြတ်တတ်ကြတယ်။ စာလည်းတအားဖတ်ကြတော့ အမြင်ကျယ်ကျယ်နဲ့ ဘက်စုံထောင့်စုံ စဉ်းစားတတ်ကြပါတယ်။
ကျွန်တော်တို့တွေလို မြေပုံလေးထိုင်ကြည့်ပြီး စီမံချက်တွေ ဆွဲနေကြတာ မဟုတ်ပါဘူး။ အချက်အလက်တွေပေါ် အခြေခံပြီး လော့ဂျစ်ကျကျ စဉ်းစားတွေးခေါ်တတ်ဖို့၊ အလုပ်လုပ်တတ်ဖို့ လိုပါတယ်။
၆) ပရော်ဖက်ရှင်နယ် ပီသဖို့ (Professionalism)
---------------------
ပရော်ဖက်ရှင်နယ် ဆရာဝန်တစ်ယောက်ဟာ ဆေးကုသတဲ့ပညာကို တစ်ဖက်ကမ်းခပ် တတ်ကျွမ်းနေရပါမယ်။ အမြဲမပြတ်လည်း လေ့ကျင့်နေ၊ ဆည်းပူးနေဖို့ လိုပါတယ်။ အိပ်ရေးပျက်တာ၊ ထမင်းစားပျက်တာ၊ စိတ်ဖိစီးစရာအခြေအနေတွေမှာ အလုပ်လုပ်ရတာ၊ ဒါတွေကို ညည်းညူနေလို့ မရပါဘူး။
ပရော်ဖက်ရှင်နယ်ဆိုတာ ကိုယ်ယူထားတဲ့တာဝန်ကို ကျေပွန်အောင် လုပ်ရပါတယ်။ အရေးကြီးဆုံးကတော့ အလုပ်လုပ်နေတဲ့အချိန်မှာ ပုဂ္ဂိုလ်ရေး ခံစားချက်တွေကို နောက်ပို့ထားနိုင်ဖို့ပါပဲ။
၇) စိတ်အားထက်သန်မှု ရှိဖို့ (Enthusiasm)
---------------------
ရောက်တဲ့နေရာမှာ ကျေနပ်ပြီး ရပ်မနေကြဖို့ လိုပါတယ်။ အလုပ်လေးတစ်ခု ရရင်၊ လစာလေးပုံမှန်ရနေရင် တော်ပြီဆိုပြီး ရောင့်ရဲနေတတ်ကြတယ်။ ရည်မှန်းချက်က ရပ်သွားတော့ ကြိုးစားအားထုတ်မှုတွေ၊ လေ့လာမှုတွေလည်း ရပ်သွားတတ်ပါတယ်။
တကယ်တော့ လူတစ်ယောက် ဘယ်ရောက်နေပြီလဲဆိုတာထက် သူဘယ်အထိရောက်အောင်သွားဖို့ သန္နိဌာန်ချထားလဲဆိုတာက သူ့အနာဂတ်ကို အဓိကအဆုံးအဖြတ်ပေးသွားမှာပါ။ တိုးတက်လိုစိတ်၊ သင်ယူလိုစိတ် ပြင်းပြဖို့ လိုပါတယ်။
၈) စီမံခန့်ခွဲမှု အရည်အချင်း (Management)
---------------------
စီမံခန့်ခွဲတယ်ဆိုတာ အများစုပေါင်းအားနဲ့ အလုပ်တွေပြီးစီးအောင် လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ အခြေခံအားဖြင့် လူ၊ ငွေ၊ ပစ္စည်း၊ နည်းပညာနဲ့ အချိန်တွေကို အကျိုးရှိရှိအသုံးချပြီး လုပ်ငန်းအောင်မြင်အောင် လုပ်တာဟာ စီမံခန့်ခွဲမှုပါပဲ။
စီမံခန့်ခွဲမှုအရည်အသွေး(၃)ခု ရှိပါတယ်။
~~~
Technical skill - ပစ္စည်းတစ်ခု ဘယ်လိုထုတ်လုပ်ရမယ်၊ ကားကို ဘယ်လိုပြင်ရမယ်၊ စက်ကိရိယာတွေ ဘယ်လိုအသုံးပြုလို့ရတယ် စသဖြင့် ဒီလိုလုပ်ငန်းနဲ့ပတ်သက်တဲ့အခြေခံတွေကို သိထားရပါတယ်။
Human skill - လူတွေနဲ့အလုပ်အတူတွဲလုပ်တတ်ဖို့၊ လှုံ့ဆော်စည်းရုံးတတ်ဖို့၊ ညှိနှိုင်းဆောင်ရွက်တတ်ဖို့ ဆိုတဲ့အရည်အချင်းမျိုးတွေ ရှိဖို့လိုပါတယ်။
Conceptual skill - အဖွဲ့အစည်းရဲ့ အကျိုးအတွက် ဘာလုပ်ရင် အကောင်းဆုံးဖြစ်မယ်ဆိုတာကို မဟာဗျူဟာကျကျ စဉ်းစားလုပ်ဆောင်တတ်တဲ့ အရည်အချင်းမျိုး ဖြစ်ပါတယ်။
ရာထူးငယ်ငယ်မှာ ဘယ်လိုလုပ်ရတယ်ဆိုတဲ့ Technical skill ရှိရုံနဲ့ရပါတယ်။
စီမံခန့်ခွဲရတဲ့ ရာထူးမျိုးထိ ရောက်ချင်ရင်တော့ အနည်းဆုံး Human skill တော့ ရှိနေအောင် ကြိုးစားဖို့လိုပါတယ်။ အဲဒါမရှိဘဲ Managerial role တစ်ခုကို ရဖို့ခက်နိုင်ပါတယ်။
၉) စိတ်ဖိစီးမှုကို သည်းခံနိုင်ဖို့ (Stress tolerance)
---------------------
ဆရာတစ်ယောက်က ပြောဖူးပါတယ်။ စာမေးပွဲမှာ လူနာစမ်းနေတုန်း Stress တွေအရမ်းများလို့ ကြောက်လန့်ြ့ပီး ငိုတာတို့၊ တလွဲလုပ်တာတို့က ခွင့်လွှတ်ပေးလို့တော့ မရဘူး။ အဲဒီ stress လေးကိုတောင် မခံနိုင်ဘဲ ဘယ်လိုဆရာဝန်လုပ်လို့ ရမလဲ တဲ့။
ဆရာဝန်ဘ၀ဆိုတာ လူ့အသက်နဲ့ရင်းပြီး အလုပ်လုပ်ရတာမို့ Stressful condition တွေမှာ တည်တည်ငြိမ်ငြိမ် အလုပ်လုပ်နိုင်ဖို့ လိုပါတယ်။
ဆရာဝန်မှမဟုတ်ပါဘူး။ ရာထူးကြီးလာလေလေ၊ တာဝန်တွေလည်း များလာလေဖြစ်ပြီးတော့ စိတ်ဖိစီးစရာတွေ၊ စိန်ခေါ်မှုတွေကလည်း ပိုပိုပြီး များလာမှာ ဖြစ်ပါတယ်။ အလုပ်နဲ့ဘ၀မှာ ဘယ်လိုအခက်အခဲတွေ စိတ်ညစ်စရာတွေပဲ ကြုံလာလာ၊ ဒါတွေဟာ ကိုယ့်ဘ၀တိုးတက်ဖို့အတွက် အခွင့်အရေးတွေပဲလို့ မြင်ပေးပြီး ရအောင်ကျော်လွှားနိုင်ဖို့ လိုပါတယ်။
အခွင့်အရေးဆိုတာ စိတ်ကူးပေါက်မှ ရောက်ရောက်လာတတ်တဲ့၊ စိတ်သိပ်မရှည်တဲ့ ဧည့်သည်နဲ့တူပါတယ်။ သူ တံခါးခေါက်နေတုန်း မြန်မြန်လာဖွင့်ရင်ဖွင့်ပေး၊ မဟုတ်ရင်တော့ လှည့်ပြန်သွားတတ်ပါတယ်။ ပြီးရင် ဘယ်တော့မှ နောက်တစ်ခေါက်ပြန်လာမယ်ဆိုတာလည်း မသိနိုင်ပါဘူး။
ခု အဲဒီဧည့်သည်ကတော့ လာဖို့ရှိနေပြီ။ သူ့ကိုပြေးကြိုမဲ့ တခြားလူတွေကလည်း အပြိုင်အဆိုင် ကြိုးစားနေကြပြီမို့ ကျွန်တော်တို့တွေလည်း သူ တံခါးခေါက်တာနဲ့ ဖွင့်ပေးနိုင်အောင် ခုကတည်းကတော့ ပြင်ဆင်ထားရပါလိမ့်မယ်။
ဒေါက်တာ ဖြိုးသီဟ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...