Wednesday, December 2, 2015

အများ အကြိုက်ကို ပါးရိုက်လိုက်ခြင်း

Soe Win
 
 ခပ်စပ်စပ် ပြောစရာလေးတွေ ရှိလို့ ကမ္ဘာကျော် ရုရှားကဗျာဆရာကြီး မာယာကော့စကီးရဲ့ခေါင်းစဉ် တပ်လိုက်ရတာပါ။ မောင်ကမ္ဘာတို့ တိုင်းပြည်ရဲ့ ‘သမိုင်းတွင် ရွေးကောက်ပွဲကြီး’ နိုဝင်ဘာ ၈ ရက်က ကျင်းပပြီးစီးပါပြီ။ ပြည်သူတွေ မျှော်လင့်ခြင်းကြီးစွာ နှစ်ပေါင်းများစွာ စောင့်စားခဲ့ရတဲ့ ပါတီကြီးက အနိုင်ရသွားတာ ကမ္ဘာသိပါ။ အဲသမှာ အများအကြိုက်ကို ပါးရိုက်ခံရတဲ့ ကိစ္စကြီး ပေါ်လာတာပါပဲ။ ဘာလို့လဲဆိုတော့ ပြည်သူတွေရဲ့ အသည်းကျော် အမေစု၊ မစု၊ အန်တီစု၊ ဒေါ်စု စသဖြင့် ချစ်ခင် အားကိုးခြင်း ခံရတဲ့ ‘လေဒီကြီး’ ဟာ ခြေ/ဥ ပုဒ်မ-၅၉(စ)အရ သမ္မတဖြစ်ခွင့် မရှိတာက စတာပါပဲ။

ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ ပါတီကြီးတစ်ခု (ခုတော့..ခွက်ခွက်လန်သွားရှာပြီ) က “ဟေ့ ငါတို့ပါတီနိုင်ရင် ဘယ်သူ့ကို သမ္မတ ခန့်မှာကွ၊ ဘယ်ပါတီကဖြင့် သမ္မတ ဘယ်သူဆိုတာ မပြောနိုင် မပြောရဲဘူးကွ” စသဖြင့် ‘လော်’ ခဲ့ကြပါတယ်။ တကယ်တော့ ၅၉(စ)ဆိုတာ ‘လေဒီကြီး’ ကို ရည်ရွယ်ထုတ်ပြန်ထားတဲ့ ပုဒ်မဆိုတာ တစ်ကမ္ဘာလုံး သိကြပါတယ်။
ပြည်သူတွေကလည်း ၁၉၆၂ ကစပြီး မြန်မာ့အသံက သတင်းကြေညာချိန်ရောက်တိုင်း ထုတ်လွှင့်တဲ့ စံတော်ချိန် စိန်ဘမောင်ရဲ့ ဆိုင်းတေးသွား ‘ဗြောင်လိမ် _ _ ဗြောင်လိမ် _ _ ဗြောင်လိမ် _ _ ဗြောင်လိမ်’ ကို နားခါးလှတာ ကြာပြီဆိုတာ နိုဝင်ဘာ ၈ ရက် ရောက်တော့ ‘ဖုံးမနိုင် ဖိမရ’ ပေါ်သွားသဗျ။ လေဒီကြီးကလဲ အဲ့အချိန်ကတည်းက အစိုးရအဖွဲ့ကို သူခေါင်းဆောင်မယ် သမ္မတအတွက် အစီအစဉ်ရှိတယ် ပြောခဲ့တာပဲ မဟုတ်လား။
ရွေးကောက်ပွဲ ရလဒ်ကတော့ သိတော်မူကြတဲ့အတိုင်း ‘လေဒီကြီး’ ပါတီကနိုင်သမှ သောင်ပြိုကမ်းပြိုခင်ဗျ။ မောင်ကမ္ဘာလည်း ရွေးကောက်ပွဲ စောင့်ကြည့်ရေး ကော်မရှင် (ကိုယ့်ဘာသာ ကိုယ်ခန့်တာ..ဘာဖြစ်လဲ.. ဘာဖြစ်လဲ) အဖြစ် ကိုယ့်ဘာသာကိုယ်ခန့်ပြီး မဲရုံတွေ လိုက်စစ်..လိုက်ကြည့်တာပေါ့။ အို..အံ့သြဖို့ ကောင်းလိုက်တာ လူထုကြီးရဲ့ ‘နိုင်ငံရေး တာဝန်သိစိတ်’ မြင့်မားလိုက်ပုံက မနက် ၄ နာရီလောက် ကတည်းက မဲရုံရှေ့မှာ လူတန်းကြီး ခင်ဗျ။ အဘိုးအို၊ အဘွားအိုတွေလည်း ပါတယ်။ မြစ်ကြီးနားတို့၊ တောင်ကြီးတို့မှာလည်း ဒီအတိုင်းတဲ့ ခင်ဗျ။ မဲမပေးလိုက်ရမှာ စိုးလို့တဲ့။ မဲတွေရေတော့လည်း မျက်နှာတောင် ပူမိပါတယ်။ အဲဒီ ခွက်ခွက်လန် ပါတီကြီးထဲက ကိုယ်စားလှယ် တချို့က မောင်ကမ္ဘာ့ ‘ဘော်ဘော်’ တွေခဗျ။ သူတို့အောင်နိုင်ရေးတုန်းကလည်း ဒန်ပေါက်မစားပေမယ့် (ဆီးချိုရှိလို့ မတဲ့လို့) ညစာစားပွဲတွေ ဘာတွေ ဖိတ်ရင် သွားတက်ခဲ့တာပါ။ အဲ..မဲရေတော့ လက်ဝှေ့ပြိုင်ပွဲ ဆိုရင်တော့..ပ၀ါဖြူတင်ပေးပါရဲ့..အားနာစရာ အရမ်းကောင်းတယ်ခင်ဗျ။
ထားပါတော့။ ရွေးကောက်ပွဲ အနိုင်အရှုံး သေချာသွားတော့ ပြဿနာက စလာတယ်။ လေဒီကြီးက သမ္မတ အထက်ကနေမယ် ပြောလို့ဆိုပြီး VOA တွေ့ဆုံခန်းမှာ နိုင်ငံခြား သုတေသီ တစ်ဦးက ဥပဒေနဲ့ မညီဘူးဆိုပြီး ဝေဖန်တယ်။ ပြည်တွင်းဂျာနယ် တစ်စောင်မှာ လွှတ်တော်ကိုယ်စားလှယ် ရှေ့နေကြီး တစ်ယောက်က သမ္မတအထက်က နေမယ်ဆိုတာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီဘူး..ဘာဘူးတွေ လုပ်ပါလေရော။ ‘ခွင်’ ပဲဆိုပြီး သံယောင်လိုက် ၀င်လာသူတွေလည်း ရှိလာတော့ မောင်ကမ္ဘာ ဉာဏ်မီသမျှလေးနဲ့ ‘အေ ဥပဒေ..ဥပဒေ’ တွေ ဘာတွေ လှန်လှောရှာရတာပေါ့လေ။
အဲဒီ ပါတီဥက္ကဋ္ဌကြီး ရှေ့နေကြီးလည်း ရွေးကောက်ပွဲမှာ ရှုံးရှာပါတယ်။ သူ့အကြောင်းလည်း နည်းနည်းတော့ မိဘပြည်သူများကို ပြောပြမှ ဖြစ်ပါလိမ့်မယ်။ သူက ဟိုအရင် ဖဆပလခေတ် ကျောင်းသားလှုပ်ရှားမှုတွေ သိပ်ကြီးကျယ်ချိန်၊ ကျောင်းသားသမဂ္ဂတွေ ‘စန်း’ ထချိန်မှာ တိုးတက်သော ကျောင်းသားခေါင်းဆောင်ယောင်ယောင် ဘာယောင်ယောင်ပေါ့။ လက်ဝဲ အယူအဆတော့ မရှိပါဘူး။ လက်မှာ ၀ဲပေါက်ဖူးတာပဲ ရှိပါတယ်။ စတုတ္ထတန်း ကော်ပုံးဆွဲ..ပိုစတာကပ်အဆင့် နေမှာပါ။ ၁၉၆၂ ဗိုလ်နေ၀င်း အာဏာသိမ်းပြီး ထိပ်တန်းကျောင်းသား ခေါင်းဆောင်တွေ တောထဲရောက်၊ ထောင်ကျဖြစ်ချိန်မှာ ဇာတိရုပ်အစစ် ပေါ်သွားသူတွေက ‘မဆလ’ ဖြစ်သွားကြပါတယ်။ အဲသမှာ ကျွန်တော်တို့ ဥက္ကဋ္ဌကြီးလည်း ‘မောင်ခြံခုန် (သင်္ကန်းညီနောင်)’ ဆိုပြီး မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ ကေဒါကြီး ဖြစ်လာတာပေါ့။ လမ်းစဉ်လူငယ် ဗဟိုကော်မတီဝင်အဖြစ် ပါတီတာဝန်ကို ယုံကြည်ချက် အပြည့်နဲ့ ရင်နှစ်ခြမ်း ဗြန်းဗြန်းကွဲအောင် ထမ်းဆောင်ခဲ့သဗျ။ အင်း “ပဲခူးမြို့ ရေကြီးတော့..လူရောခွေးရော အိမ်ခေါင်မိုး ပေါ်ရောက်လာတယ်” ဆိုတဲ့ အရေးတော်ပုံကြီးမှာတော့ ဘက်ပြောင်းသွားသဗျ။ အံမယ် သူကလဲ လျင်တယ်နော်.. (လျင်ဆို ရှေ့နေကိုးဗျ..ဟဲဟဲ) ပါတီ အသစ်မှာလည်း ‘အာဏာရင်ခွင်’ ကို ဒိုင်ဗင်ထိုးဝင်လိုက်တာ .. ၁၉၉၀ ရွေးကောက်ပွဲ ကိုယ်စားလှယ် ဖြစ်ခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာတော့ နောက်ထပ်တင် ပါတီအသစ်စက်စက်တစ်ခု ကိုယ်စားပြုပြီး အမတ် ဖြစ်လာပြန်ပါရော။ (အဲဒီ ပါတီမှာလည်း သိပ်မကြာဘူး နောက်ထပ် ပါတီသစ်တစ်ခု ဖြစ်သွားပြန်တယ်)။ ထားပါတော့လေ သူပြောတဲ့ ခြေ/ဥအရ ကြည့်ကြတာပေါ့။
ခြေ/ဥ အခန်း(၃)မှာ နိုင်ငံတော် အကြီးအကဲနဲ့ ပတ်သက်လို့ ပုဒ်မ ၅၇ ကနေ ၇၃ အထိ အသေးစိတ် ပြဋ္ဌာန်းထားပါတယ်။ ပုဒ်မ ၁၈ မှာ “နိုင်ငံတော် သမ္မတသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ် နေရာကို ရရှိသည်” လို့ ပြဋ္ဌာန်းထားပါတယ်။ ပါတီဝင်ဖြစ်ရင် ပါတီက နုတ်ထွက်ရမယ်။ ၀န်ထမ်းဖြစ်ရင် နုတ်ထွက် (သို့မဟုတ်) အငြိမ်းစားယူရမယ် စသဖြင့် ပါရှိပါတယ်။ သမ္မတက ဘယ်သူ့ကိုမှ ဆရာမတင်ရဘူး။ အကြံမတောင်းရဘူး။ လမ်းညွှန်မှု မယူရဘူး စသဖြင့် မပါပါဘူး။ သမ္မတ ဆုံးဖြတ်ချက်ဟာ သူကိုယ်ပိုင် ဆုံးဖြတ်ချက် ဖြစ်နိုင်သလို သူ့အစိုးရအဖွဲ့နဲ့ တိုင်ပင်ပြီး ဆုံးဖြတ်တာ၊ အခြားသူများဆီက တိုင်ပင်ညှိနှိုင်း စဉ်းစားဆုံးဖြတ်တာလည်း ဖြစ်နိုင်တာပေါ့။
မောင်ကမ္ဘာ့ အမြင်တော့ ‘ခေါင်းဆောင်မှု’ ဆိုတာ ‘ရာထူး’ မဟုတ်ပါဘူး။ မှန်ကန်တဲ့ အယူအဆ တစ်ခုက ဘယ်သူ့ကိုမဆို ခေါင်းဆောင်မှု ပေးနိုင်ပါတယ်။ အဲဒီ ပါတီဥက္ကဋ္ဌကြီးတို့ရဲ့ လက်ဦးဆရာကြီး မဆလပါတီ ဥက္ကဋ္ဌကြီး ဦးနေ၀င်းဆို သမ္မတကြီး ဦးစန်းယုကို လမ်းညွှန်ခေါင်းဆောင်ခဲ့တာပါပဲ။ ၁၉၇၄ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အရလည်း သမ္မတဟာ နိုင်ငံ့ဥသျှောင် အထွတ်အထိပ်ပါပဲ။ သို့သော် တိုင်းပြည်ကို တကယ် ဦးဆောင်တာက ပါတီဗဟိုကော်မတီ ဥက္ကဋ္ဌကြီး ဦးနေ၀င်းပါ။ အံမယ် အဲဒီတုန်းကများ ပါတီဥက္ကဋ္ဌကြီး မိန့်ခွန်းကြိုတင် ထောက်ခံပွဲဆိုပြီး မောင်ခြံခုန်တို့ ပါတီဝင်တွေက မိန့်ခွန်း မပြောရသေးခင် ဘာပြောမယ်မှန်း မသိခင်က ကြိုတင် ထောက်ခံခဲ့ကြတာပါ။
ဝေးဝေး မကြည့်ပါနဲ့။ အိမ်နီးချင်း အိန္ဒိယကိုပဲ ကြည့်ပါ။ ကွန်ကရက် (အိုင်) ပါတီဥက္ကဋ္ဌ ဆိုနီယာဂန္ဒီဟာ သမ္မတ လုပ်ချင်ရင်လည်း ရပါတယ်။ သူတို့ဆီမှာတော့ ၅၉(စ) မရှိဘူး။ ဒီမိုကရေစီ ဘိုးအေနိုင်ငံကြီးကိုး။ အဲသလို တင်မြှောက်ကြပေမယ့် ဆိုနီယာက လက်မခံဘူး။ ပါတီဥက္ကဋ္ဌ အဖြစ်နဲ့ပဲ အစိုးရအဖွဲ့ကို ခေါင်းဆောင်ခဲ့တာပါ။ ပြီးတော့ရောဗျာ၊ မြန်မာနိုင်ငံသမိုင်း၊ အာဆီယံနိုင်ငံ သမိုင်းတစ်လျှောက်လုံးမှာ တချို့အာဏာရှင် (Strong Man) တွေက အစိုးရ အကြီးအကဲ မလုပ်ဘဲ ကြိုးကိုင်ထားကြတာတွေလည်း ပြည့်လို့။ ခုတောင် ‘စာဖတ်နေသူကြီး’ က ကြိုးကိုင်ထားတယ်လို့ ယုံကြည်သူတွေ ကျွန်တော်တို့ နိုင်ငံမှာ အများကြီးပါ။
တကယ်တော့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတုန်းကလည်း ‘လေဒီကြီး’ ကို လွှတ်တော်ထဲ မ၀င်စေချင်သူတွေထဲမှာ မောင်ကမ္ဘာ ပါတယ်။ ဒါ စာဖတ်နေသူကြီးရဲ့ ရွှေ့ကွက်လို့ မြင်ထားတာကိုး။ လွှတ်တော်ထဲ ရောက်သွားပြီ။ အဲဒီထဲက ပြဿနာတွေနဲ့ ချာလပတ်ယမ်း။ ပါတီတည်ဆောက်ရေးကို လှည့်မကြည့်နိုင်မှာ စိုးလို့ပါ။ လေဒီကြီး လွှတ်တော်ထဲ ရောက်သွားတော့ နာမည်ပျက်လှတဲ့ ‘ကြိုမဲရွေးကောက်ပွဲ’ နဲ့ ဖွဲ့စည်းထားတဲ့ လွှတ်တော်ကြီး တရားဝင်သွားရော မဟုတ်ပါလားဗျာ။ ပြီးတော့ လွှတ်တော်ထဲရောက်ရင် ဘာပဲပြောပြော လွှတ်တော်ဥက္ကဋ္ဌ ဆိုတာကြီး ၀င်လာရင် မတ်တတ်ရပ် အရိုအသေ ပေးရတော့မှာ။ တစ်ဖက်ပြိုင်ဘက် အသင်းမှာ ဒူးကလွဲရင် အားလုံးပျော့တယ်ဆိုတဲ့ လေဒီကြီးကို ယှဉ်နိုင်သူ တစ်ယောက်မှ မရှိဘူးလို့ မောင်ကမ္ဘာတို့ ပြည်သူတွေက ရိုးရိုးသားသား ယုံကြည်ထားတာကိုး။
ခုလည်း ဘာဖြစ်သလဲဗျာ။ အမေရိကန် ပြည်ထောင်စုမှာ သမ္မတပြီးရင် အရေးပါဆုံး ပုဂ္ဂိုလ်က (Secretary of the State) လို့ခေါ်တဲ့ နိုင်ငံခြားရေး ၀န်ကြီးပဲ။ အိုဘားမားနဲ့ ပါတီတွင်း ပြိုင်ဘက်ဖြစ်ခဲ့တဲ့ ဟီလာရီဟာ နိုင်ငံတော် အတွင်းရေးမှူးအဖြစ် သမ္မတနဲ့လက်တွဲ ပခုံးချင်းယှဉ် တာဝန်ထမ်းဆောင်ခဲ့တာပဲ။ လေဒီကြီး နိုင်ငံခြားရေး ၀န်ကြီးလုပ်ရင် ကာ/လုံထဲမှာလည်း ပါဝင်ခွင့်ရမယ်။ အစိုးရအဖွဲ့ကိုလည်း ခေါင်းဆောင်နိုင်မယ်။ အနိုင်ရထားတဲ့ ပါတီက ဥပဒေနဲ့အညီ ဖွဲ့စည်းထားတဲ့ အစိုးရအဖွဲ့မှာ ဘယ်သူခေါင်းဆောင်ဆောင် ‘နေသာသပါ့.. လေညာက’ ဘယ်သူ့အပူမှ မပါဘူး ထင်ပါတယ်။
နောက်ပြီး သူငယ်ချင်း တစ်ယောက်က ပြောပါတယ်။ ‘စုတ်ပြတ်ဖွတ်’ ဆိုလား ဘာလား တစ်ယောက်က အာဏာသိမ်းပေးပါလို့ ပြောဆိုလားပဲ။ ဒါလေများ ၀ါဆေးစား။ ရိုးပါ့။ ရွာစားရယ်လို့ ပြောလိုက်ပေါ့။ (စိတ်ရောဂါကု ဆေးရုံမှ လူနာပျောက်၊ မပျောက် အရင် စုံစမ်းကြည့်ကြပါဦး) ဖွတ်လက်ခွဲပါတီ ၁၃ ပါတီ ရှိတယ်လို့တောင် သတင်းရထားတာ ရှိပါတယ်။ အတည်ပြုဖို့ကတော့ ခက်တာပေါ့ဗျာ။ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူ့ အဆုံးအဖြတ်ကို လက်ခံမယ်။ ပြည်သူရွေးချယ်ပေးတဲ့ အစိုးရသစ်နဲ့ လက်တွဲ ဆောင်ရွက်သွားမယ်လို့ ကတိပေးပြီးသားပဲ။ ခေါင်းထောင် ကြည့်မနေပါနဲ့။ အိပ်ရေးပျက်ပါတယ်။ ပြီးတော့ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရသူကို အာဏာ မလွှဲခဲ့တာဟာ အမှားပါလို့ ကာချုပ်ကြီးက ပြောပြီးပြီပဲ။ ဒါလည်း ခေါင်းဆောင်ဆိုသူ တစ်ယောက်နှစ်ယောက် တာဝန်ပါ။ တပ်မတော် တစ်ရပ်လုံးနဲ့ မဆိုင်ပါဘူး။
လေဒီကြီးက ပရိယာယ်မာယာ မသုံးတတ်တဲ့ လူထုနိုင်ငံရေးသမားဆိုတော့ ဘွင်းဘွင်းရှင်းရှင်း ပြောလိုက်လို့ပါ။ ဘာမှမပြောဘဲ ဆက်လုပ်သွားရင်လည်း ရတာပါပဲ။ ဒါပေမဲ့ မာမီတို့၊ ဒက်ဒီတို့လို့ ညောင်နာနာလေသံနဲ့ ခေါ်ပြီး မီးလောင်ဗုံးနဲ့ထု၊ နံပါတ်တုတ်နဲ့ ရိုက်တဲ့ အမျိုးအစားထဲမှာ လေဒီကြီး မပါဘူးလို့ ယုံတယ်။
အဲတော့ဗျာ၊ ၅၉(စ)တွေ ဘာတွေ ဖုတ်ပူမီးတိုက် ဒရောသောပါး ပြင်စရာလည်း မလိုပါဘူး။ သမ္မတ မလုပ်ဘဲ တိုင်းပြည်ကို ခေါင်းဆောင်ရင်လည်း ပြည်သူ တစ်ရပ်လုံးက ကြည်ဖြူကြောင်း လွှတ်တော်နှစ်ရပ်ပေါင်း ၃၉၀ နေရာ အပ်နှင်းပြီးပြီပဲ။ အေးဆေးပေါ့။
ဒီ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လေဒီကြီးက တရားမျှတမှု မရှိဘူး။ လွတ်လပ်ပါတယ်လို့ ပြောသံကြားတယ်။ တော်လိုက်တဲ့ လေဒီကြီးရယ်။ သဘောချင်း နှောလိုက်လေ။ သားဝင်မယ့် ပြိုင်ပွဲမှာ အဖေက ဒိုင်လုပ်တယ်ဆိုတာ အရပ်ရပ် နေပြည်တော် ကြားလို့မှ တော်ရိုးလားဗျာ။ မဲကလည်း ရာခိုင်နှုန်း ၃၀ ပဲ မှန်ဖို့ တာဝန်ယူသတဲ့။ ဟော ကမ္ဘာကျော် မျက်လှည့်ဆရာကြီး ဒေးဗစ်ကောပါးဖီးလ်တောင် လက်မှိုင်ချလောက်တယ်။ လူနှစ်သိန်းလောက် မဲစာရင်းထဲက ပျောက်သွားလိုက်။ မိသားစုထဲ မပါတဲ့ လူစိမ်းတွေ အိမ်ထောင်စု စာရင်းထဲ သောင်းနဲ့ချီ ရောက်လာလိုက်၊ အဲဒီ လူပိုတွေ နေရာမှာ မဲပေးဖို့ မန္တလေး မဟာအောင်မြေ၊ မဲရုံ အမှတ်(၅)မှာ ထရပ်ကားနဲ့ ခြောက်စီး၊ တိုးဂိတ်ဝန်ထမ်းတွေ မ,လာတော့ မိပါလေရောလား။ (အပေးအယူ အချိတ်အဆက်ကတော့ အင်နီယေစကာနဲ့ မက်ဆီကျနေတာပဲ အဟင်း..အဟင်း)
မောင်ကမ္ဘာ အထင်တော့ ခုရွေးကောက်ပွဲ ရလဒ်ကို ‘ဘအ’ တွေ (အဘလို့ မခေါ်တော့ဘူး ခင်ဗျ။ အ,လွန်းလို့ ‘ဘအ’ လို့ ခေါ်တာ) လည်း မျှော်လင့်ထားပုံ မရဘူး။ တပည့် သားမြေးတွေက စိတ်ချ အဘ၊ ဘာမှမပူနဲ့ အားလုံး အိုကေမှာ စိုပြည်ပြီးသား၊ ဘာညာသာရကာ ရွှီးထားပုံရတယ်။ ဒါမို့ပေါ့။ နိုဝင်ဘာ ၇ ရက်ကလား မသိဘူး။ ‘ဘအ’ အကြီးကြီး တစ်ယောက်က စပ်ဖြဲဖြဲနဲ့ ရာခိုင်နှုန်း ၈၀ ကျော်နိုင်မယ်လို့ ပြောသွားတာ။ အဲဒါနဲ့ပဲ ကြိုတင်ပြင်ဆင်မှုတွေ သိပ်လုပ်မိဟန် မတူဘူး။ မောင်ကမ္ဘာ့ဘော်ဘော် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးကို အောက်လမ်းနည်းတွေ အလုပ်မဖြစ်တာ တွေ့ပြီလားပြောတော့ သူက ပြန်တုတ်တယ်။ ကျုပ်တို့က အောက်လမ်းနည်းပဲ သုံးတတ်တာ။ ခင်ဗျားတို့ရဲ့ စုန်းမကြီး ဒေါ်အိုဇာက တံမြက်စည်းပျံကြီးစီးပြီး တစ်ပြည်လုံး ခရီးလှည့်ပြီး ကောင်းကင်ကနေ ပြုစားလိုက်တာ ရှမ်းတွေရော၊ ချင်းတွေရော၊ ကချင်တွေရော၊ မွန်တွေရော၊ ရခိုင်တွေရော တစ်ပြည်လုံး နီကုန်ကြတာပေါ့” လို့ ပြန်ထေ့တယ်။
ခု မောင်ကမ္ဘာတို့ လူမျိုးဟာ ‘ရွေးကောက်ပွဲ’ ကို ငြိမ်းငြိမ်းချမ်းချမ်း ယှဉ်ပြိုင်နိုင်တဲ့ လူမျိုးဆိုတာ ကမ္ဘာကို ပြသပြီးပြီ။ အနိုင်ရပါတီ ခေါင်းဆောင် လေဒီကြီးရယ်၊ နိုင်ငံတော် သမ္မတကြီးရယ်၊ ပြည်ထောင်စုလွှတ်တော် နာယကကြီးရယ်၊ ကာကွယ်ရေးဦးစီးချုပ်ကြီးရယ် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး ‘ရွေးကောက်ပွဲ အနိုင်ရ ပါတီကို ငြိမ်းငြိမ်းချမ်းချမ်း အာဏာလွှဲဖို့ ပြင်နေပြီ။ ရွေးကောက်ပွဲနဲ့ အာဏာလွှဲတတ်တဲ့ လူမျိုးဖြစ်ကြောင်း ကမ္ဘာကို ပြသဖို့ ပြင်နေပြီ’။ ဘောက်မဲ့ မလိုတမာ ဖြစ်နေကြသာတုံး။ မင်းသားကြီး မလုပ်ရလို့ ပတ်မကြီး ထိုးဖောက်ချင်နေတာလား (အောင်မယ်လေး၊ အရသာရှိချက်ကတော့ ‘9’ ကျော်တယ်။ အတိုက်အခံတွေကို တစ်သက်လုံး ဒီလိုပြောလာတာ ဟီဟီ့။) မောင်ခြံခုန်တို့ စုတ်ပြတ် ဖွတ်တို့ပါတီကို ပြည်သူတွေက “သြောင်း.. ဒူရေ..ဒူရေ..သွား ဟုန်ဟုန်..အောင်ဖေ..ညောင်း..ညောင်း” လို့ပြောပြီးသား။ အဲဒီတော့ ဖွဘုတ် (Facebook) စကားနဲ့ ပြောလိုက်မယ်။
“ကျန်း . .ကျန်း. ဟြောင်တွေ မပြောချင် ပုစ် .. ကွ။ ကိုယ်နေကြ. . ဒါဗြဲ”
__________________________________
မောင်ကမ္ဘာ့
Credit.EMG
Photo.The Voice

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...