Monday, December 7, 2015

" သူခိုးဖမ်းပွဲ၊ ဆရာအောင်သင်းရဲ့ စိန်ခေါ်မှုနဲ့ သမ္မတရဲ့ သေတ္တာနှစ်လုံး " မောင်သာချို

Mgchan Khayan Pyar

(တစ်)
တစ်ခါက စာပေဟောပြောပွဲ စင်မြင့်ကြီးတစ်ခုပေါ်တွင် နာမည်ကျော်
စာရေးဆရာကြီး တောင်တွင်းက ဆရာအောင်သင်းတစ်ယောက်
မည်သည့်စိတ်ကူးတွေများ ပေါ်ပေါက်သွားခဲ့လေသည်မသိ၊ ထိုစဉ်က
တန်ခိုးအာဏာကြီးမားသူ ပုဂ္ဂိုလ်ကြီးတချို့၏ နာမည်များကို ထုတ်ပြော
ကာ စိန်ခေါ်မှုများကို ပြင်းပြင်းထန်ထန်ကိုပင်လျှင် လုပ်ပါလေသည်။


" အောင်သင်းစားနေတဲ့ ထမင်းကဖြူတယ်။ အောင်သင်း အခုနေတဲ့
မြေကြီးနဲ့တိုက်က ဖြူတယ်။ အောင်သင်းဝတ်တဲ့ အဝတ်အစားကဖြူ
တယ်။ ကြိုက်တဲ့နည်းနဲ့ အစစ်အဆေးခံရဲတယ်။ ဘယ်ကဘယ်လိုရတယ်
ဆိုတာ အောင်သင်းရှင်းပြမယ်။ မင်းတို့ရှင်းရဲသလား ’’ စသည်စသည်ဖြင့်
ပြတ်ပြတ်သားသား ဝံ့ဝံ့စားစားကြီးကိုပင်လျှင် စိန်ခေါ်၍ နေခဲ့ခြင်းဖြစ်ပါ
သည်။

ဧရာဝတီတိုင်းထဲက နာမည်ကျော် ခရိုင်မြို့နယ်ကြီးတစ်မြို့၏ ပြည်သူ
လူထုပေါင်းလန်အောင် ပြည့်လျှံနေသည့် စာပေဟောပြောပွဲကြီးတွင်
ကိုယ့်အလှည့်ပြီးပြီဖြစ်၍ စင်အောက်ရှိ ရှေ့ဆုံးခုံတန်းတစ်နေရာ၌
နေရာယူကာ ဆရာ့ဟောပြောမှုကို အားပေးနေစဉ် ဆရာက ကိုယ်ကျင့်
တရားအကြောင်းအရာဆီသို့ စကားလမ်းကြောင်းရောက်သွားရာက
ပြောရင်းပြောရင်း လမိုင်းကပ်ကာ ထိုစိန်ခေါ်မှုကိုပြုခဲ့ခြင်းပင်ဖြစ်ပါသည်။
အောင်မြင်လိုက်သည့် စာပေဟောပြောပွဲ။ မည်မျှအထိ အောင်မြင်ပါ
သနည်းဆိုပါမူ ဤသို့ဆက်ပြောနေပါက မီးဖြတ်ပစ်ရပါလိမ့်မည်ဟူသော
စာတိုကလေးတက်ပေးလေရာ ဆရာကလည်း ထိုစာကို ဖတ်ပင်ပြလိုက်
ရုံမျှမက မီးမဖြတ်မချင်း ဆက်ပြောမည်ဟုဆို၍ အပြီး၌ တစ်မြို့လုံး မီးတွေ
မှောင်ကျသွားကာ ပွဲသိမ်းလိုက်ရသည်အထိ အောင်မြင်သွားခဲ့ရပါလေ
တော့သည်။
ဩော်.. ဆရာဦးအောင်သင်း။ အခုရက်တွေထဲမှာ ဘာကြောင့်မှန်းမသိ။
ဆရာ့ကို သွားသွားပြီး သတိရနေမိခဲ့လိုက်ပါဘိ။ လူတွေ ဆရာ့လို မိမိ
ကိုယ်မိမိ ထိုသို့စိန်ခေါ်ရဲဖို့ဆိုသည်မှာ ခက်ခဲလှပါ၏။
(နှစ်)
စာရေးသူတို့ငယ်စဉ်က နာမည်ကျော် ကဗျာစာအုပ်ကလေးတစ်အုပ်
ထွက်ဖူးပါသည်။ ‘‘လကွယ်ည’’.. တဲ့။ သည်ကဗျာစာအုပ်ကလေးတွင်
ပါဝင်ရေးသားသူ ကဗျာဆရာတစ်ယောက်က
" မောင်ယဉ်မွန် " ။
သူခိုးဖမ်းပါ။
လမ်းကြားမှာလား
ပန်ကာအောက်မှာ ထိုင်နေ၏.. တဲ့။
ယင်းသည်ပင် မောင်ယဉ်မွန်၏ သူခိုးဖမ်းပွဲကဗျာ။ သုံးကြောင်းကဗျာ။
သည်တုန်းက လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့သော ကဗျာပင်ဖြစ်ပါသည်။ သူခိုး
ဖမ်းပါဆို၍ လမ်းကြိုလမ်းကြားမှာများလားဟု ထင်ထားခဲ့ရာ သူခိုးက
ပန်ကာအောက်မှာ ထိုင်နေသူကိုးဟု ကဗျာက ရှင်းရှင်းလင်းလင်းဆိုထား
ပါသည်။
တစ်ခါတစ်ခါ ကျွန်တော်တို့က သူခိုးကို ခိုးထုပ်ခိုးထည်ကြီးနှင့် လက်ပူး
လက်ကြပ်မိနေပါလျက် လူကြီးလူကောင်းဟု ထင်ယောင်ထင်မှားဖြစ်ကာ
ဆက်ဆံနေခဲ့ရတာမျိုးဖြစ်ပါသည်။ ထိုသူ၏ ရာထူး၊ ထိုသူ၏ လစာငွေ၊
ထိုသူ၏ အဆင့်အတန်းနှင့် မည်သို့မျှ မလိုက်ဖက်စွာ သူနေသောအိမ်၊
သူစီးသောကား၊ သူတက်ရောက် စားသောက်သည့်ဆိုင်၊ သူထည့်သွင်း
ထားသည့် ဘဏ်စုဆောင်းငွေ၊ သူပြုသောအလှူဒါန၊ သူတို့ မိသားစုဝတ်
ဆင်ထားသည့် လက်ဝတ်လက်စားများက ထိုသူသည် ပန်ကာအောက်
တွင်ထိုင်ကာ ပိပိရိရိပညာပါပါဖြင့် မည်မျှခိုးခဲ့သလဲဆိုသည်ကို ထင်ထင်
ရှားရှားဖော်ပြနေခဲ့ပြီးဖြစ်ပါသည်။ ထိုသူတွေက မြို့မိမြို့ဖယောင်ယောင်၊
လူကြီးလူကောင်းယောင်ယောင် လူ့အဖွဲ့အစည်းအတွင်းတွင်
ပြောင်ပြောင်တင်းတင်း နေရာဝင်ယူနေကြခြင်းဖြစ်ပါသည်။
ဆရာဦးအောင်သင်း၏ စိန်ခေါ်ချက်ထဲမှာ ထိုသူတွေကတော့ အလဲအကွဲ
ပဲဖြစ်ပါသည်။
(သုံး)
နိုင်ငံတော်အစိုးရအဖွဲ့ဝင်များနှင့်တကွ ဝန်ထမ်းအကြီးအကဲမှန်သမျှတို့
အနေနှင့် မိမိတို့တာဝန်မထမ်းဆောင်မီ မိမိတို့၏ ပိုင်ဆိုင်မှုအရပ်ရပ်ကို
လူသိရှင်ကြား ကြေညာပေးထားခြင်း၊ မိမိတို့၏ ဝင်ငွေရလမ်းကို ဖော်ပြ
ပေးထားခြင်း စသည်တို့ကို အချို့အချို့သော နိုင်ငံများ၌ လုပ်ဆောင်ကြ
ရပါသည်။ ဥပမာ တောင်ကိုရီးယားကဲ့သို့ နိုင်ငံမျိုး၊ ထိုင်းကဲ့သို့နိုင်ငံမျိုး။
ယင်းမှာ ပန်ကာအောက်၌ သူခိုးလုပ်ခွင့်မသာစေရန်အတွက် ဆီးကာ
ဟန့်တားထားခြင်းပင်ဖြစ်ပါသည်။ ဝင်ငွေရပေါက်ရလမ်း မဖော်ပြနိုင်ဘဲ
ပိုင်ဆိုင်မှုမှန်သမျှကိုသာ ခိုးရာပါပစ္စည်းအဖြစ် သတ်မှတ်ပြီး သူခိုးဖမ်းပွဲ
ကြီးကျင်းပရလျှင် ဘယ်သူတွေလွတ်ကြမှာပါလိမ့်။
ရိုးစင်းသူပြည်သူလူထုမှန်သမျှတို့၌ ဝင်ငွေရပေါက်ရလမ်းတို့ကလည်း
ရိုးရိုးစင်းစင်းပဲဖြစ်ပါ သည်။ ကြီးပွားချမ်းသာခြင်းတွင်လည်း လူ၏ ကာယ
ဉာဏအားတို့ အပြည့်အဝပါဝင်ပါသည်။
ကွမ်းယာရောင်းပြီးကြီးပွားသည်။ ထမင်းရောင်းပြီးကြီးပွားသည်။ ဒိန်ချဉ်
ရောင်းပြီးကြီးပွားသည်။ မုန့်ဟင်းခါးရောင်းပြီးကြီးပွားသည်။ စာသင်ပြီး
ကြီးပွားသည်။ သီချင်းဆိုပြီးကြီးပွားသည်။ စာရေးပြီးကြီးပွားသည်။
ဘောလုံးကန်ပြီးကြီးပွားသည်။ မိတ်ကပ်လူးပြီးကြီးပွားသည်။ ကားလိုင်း
ထောင်ပြီးကြီးပွားသည်။ ရုပ်ရှင်ရိုက်ပြီးကြီးပွားသည်။ ဈေးသည်လုပ်ပြီး
ကြီးပွားသည်။ ဆန်စက်လည်ပြီးကြီးပွားသည်။ ဆီစက်လည်ပြီးကြီးပွား
သည်။ ခြုံ၍ပြောရလျှင် ထိုသူတို့ သူခိုးမဟုတ်ကြ။ သူတို့၌ ဝင်ငွေရပေါက်
ရလမ်းများ အထင်အရှားမြင်နေရပြီးဖြစ်ပါသည်။
သို့ဆိုလျှင် တာဝန်တစ်ရပ်ကို ထမ်းဆောင်ရန် ပန်ကာအောက်တွင်
ထိုင်နေသူ တချို့တချို့တွေ က အဘယ်ကြောင့်ချမ်းသာကုန်သနည်း။
မောင်ယဉ်မွန်၏ ကဗျာထဲ၌ အဖြေပါပါသည်။
ခိုးလို့။
ဆရာဦးအောင်သင်းက ထိုသူခိုးများကို စိန်ခေါ်ခဲ့ခြင်းပင်ဖြစ်ပါသည်။
(လေး)
သူသည် သူခိုးမဟုတ်ရပါကြောင်း သက်သေထူရာ၌ အိန္ဒိယသမ္မတ
ဟောင်း အဗ္ဗဒူကလမ် (Abdul Kalam)ထင်ရှားပါသည်။ ၂၀၀၂ မှသည်
၂၀၀၇ အထိ ၁၁ ဆက်မြောက် အိန္ဒိယသမ္မတအဖြစ်တာဝန်ထမ်းဆောင်
သွားခဲ့သူ။
၂၀၀၇ ခုနှစ် ဇူလိုင် ၂၅ တွင် သူသမ္မတအိမ်တော်ကဆင်းစဉ်က သူ၏
ဖွင့်ပြထားသော သေတ္တာနှစ်လုံးမှာ ကမ္ဘာကျော်ပါသည်။ သမ္မတတာဝန်
စတင်ထမ်းဆောင်စဉ်က သေတ္တာနှစ်လုံးနှင့် တက်လာခဲ့ရာ ယခုအဆင်း
တွင်လည်း ထိုသေတ္တာနှစ်လုံးသာပါတဲ့။ ရာထူးကြောင့် ဘာမှတိုးမလာပါ
ဟူသည့်သဘော။
လူတို့ကြီးပွားချမ်းသာရန် လိုအပ်ပါသည်။ ကြီးပွားချမ်းသာရန်လည်း
ကြိုးစားသင့်ပါသည်။ သို့သော် ယင်းသည် လူ၏ ကာယဉာဏကြောင့်သာ
လျှင်ဖြစ်သင့်ပါသည်။ ပန်ကာအောက်တွင် ထိုင်လိုက်မိသောကြောင့်
မဖြစ်သင့်ပါ။ ဖြစ်လျှင် ခိုးမှုကျူးလွန်ခြင်းပဲ ဖြစ်ပါသည်။ ထိုသူများကို
ဆရာဦးအောင်သင်းက စိန်ခေါ်ခဲ့ခြင်းပဲ ဖြစ်ပါသည်။
" ဟေ့.. အောင်သင်းစားတဲ့ ထမင်းက ဖြူတယ်ကွ " .. တဲ့။
ဩော်.. ကျွန်တော်တို့စားသည့် ထမင်းတွေဖြူကြရဲ့လားမသိ။ ဖြူတယ်
ထင်ပါရဲ့ ဆရာရယ်။ လူထုဟာ ထမင်းဖြူဖြူကို နပ်မှန်ဖို့ ခြေကုန်လက်
ပန်းကျအောင် ရှာနေကြရရှာတာပါ။ လူထုဟာ ပန်ကာအောက်မှာ
ဘယ်တုန်းကမှ မထိုင်ကြရရှာပါဘူး။
မောင်သာချို
Fri, 2015-05-01
Issue No.အတွဲ (၁၄)၊ အမှတ် (၈)
( 7daydail,comမှ တစ်ဆင့်ကူးယူ ပြန်လည်မျှဝေပါသည် # မောင်ချမ်း )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...