Wednesday, January 13, 2016

ဘယ်သူအာဏာရူးသလဲ

Tin Nyunt


ဒေါ်အောင်ဆန်းစုကြည်က အာဏာရှင်အုပ်စုနဲ့ နှိုင်းစရာ အကြောင်းတောင်မရှိဘူး။ သူ့ကို ကျွန်တော် သဘောကျတာ သူ့အဖေလို ရိုးသားလို့ပဲ။ ၂၀၁၂ ခုနှစ်လောက် တုန်းက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခြား သတင်းထောက်တစ်ဦးကမေးတယ်။
“၂၀၁၅ မှာ သမ္မတ မဖြစ်ချင်ဘူးလား” တဲ့။
ဒေါ်အောင်ဆန်းစုကြည်က ရိုးရိုးလေးပဲဖြေလိုက်တယ်။
“ဖြစ်ချင်တယ်” တဲ့။ “ဖြစ်မှ ကိုယ်လုပ်ချင်တာ လုပ်လို့ရမှာပေါ့” လို့ဖြေလိုက်တာ။ အဲဒါ မုသားမပါ။ လိမ်ညာမှုမရှိ။ ရိုးသားစွာ ဖြေလိုက်တာပဲဗျ။
နောက်သတင်းထောက် တစ်ယောက်ကလည်း မေးလိုက်သေးတယ်။
“ခင်ဗျား အာဏာ လိုချင်သလား” တဲ့။ ဒေါ်အောင်ဆန်းစုကြည်က “လိုချင်တယ်” လို့ပဲ ရိုးရိုးလေး ပြောလိုက် တယ်။

အဲဒီမှာ နိုင်ငံခြား သတင်းထောက်တွေ အားလုံးက အံ့အားသင့်သွားကြတယ်။ သူတို့ နိုင်ငံတကာလှည့်ပြီး နိုင်ငံရေးသမားတွေကို တွေ့ဖူးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မေးတဲ့ မေးခွန်းမျိုးတွေ မေးဖူးတယ်။ ဒါပေမဲ့ ဘယ်သူကမှ သမ္မတဖြစ်ချင်ပါတယ်။ အာဏာလိုချင်ပါတယ်လို့ မပြောကြပါဘူးတဲ့။ ဒေါ်အောင်ဆန်းစုကြည်က ဒီအကြောင်းကို ဆက်ရှင်းတယ်
“နိုင်ငံရေးအာဏာရမှ၊ အစိုးရ အာဏာရမှ ကျွန်မတို့ လုပ်ချင်တဲ့ ကိစ္စတွေကို နိုင်ငံအတွက် လုပ်ပေးနိုင်မှာ မို့လို့ အာဏာလိုချင်တယ်လို့ပြောတာ။ ကျွန်မ ရှင်းရှင်း လင်းလင်း ပြောပါ ရစေ။ ပြည်သူလူထုအတွက် လုပ်နိုင်ဖို့ ကျွန်မ အာဏာလိုချင်တယ်လို့ ပြောပါရစေ” တဲ့။
ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောသေးတယ်
“ကျွန်မတို့ ပြည်သူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ဖြောင့်ဖြောင့်မတ်မတ်ပဲ ဆက်ဆံချင်တယ်။ ကျွန်မတို့ အာဏာ လိုချင်တယ်။ ဟုတ်တယ်။ အစိုးရအာဏာမရဘဲနဲ့ ကိုယ်လုပ်ချင်တယ်ဆိုတာကလည်း တစ်ကယ်တော့ ကိုယ့် ကောင်းကျိုးအတွက်ပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မလည်း ပြည်သူတွေထဲက တစ်ယောက်ပဲ။ ကျွန်မ ကောင်းကျိုးအတွက် လုပ်တာနဲ့ ပြည်သူတွေ ကောင်းကျိုးအတွက် လုပ်တာနဲ့ အတူတူပဲလို့ ကျွန်မတော့ ဒီလို မြင်ပါတယ်” လို့ ပြောခဲ့ဖူးပါတယ်ဗျာ။
ဟုတ်ကဲ့ အာဏာလိုချင်ပြီး ကြိတ်ပုန်းခုတ် အကောက်ကြံတဲ့အထဲမှာ သူမပါဘူး။ ဘယ်လိုမှ အာဏာကို မရနိုင်တဲ့အဆုံး နည်းမျိုးစုံနဲ့ ညစ်ချင်တဲ့အထဲမှာလည်း သူမပါဘူး။ အာဏာ ဘာကြောင့်ရချင်သလဲဆိုတာ အစောကြီးကတည်းက ပြောထား တယ်။ ပြည်သူ့အကျိုးကို လုပ်ချင်လို့ အာဏာလိုချင်တာပါလို့ ပြောထားပြီး သား။ လူတစ်စု ကောင်းစားရေးအတွက် အာဏာလိုချင်ပါတယ်လို့ ပြောထားတာ တစ်လုံးမှ မပါဘူး။ လူထု ကောင်းစားရေးအတွက် အာဏာလိုချင်တာလို့ ပြောထားပြီး ရွေးကောက်ပွဲ ဝင်ခဲ့တာ။
အဲဒါကို အာဏာရူးတယ်လို့ ပြောရင် …
၈.၁.၂၀၁၆

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...