Thursday, January 7, 2016

“ကြက်ဥအရောင် တိမ်တောင်သဖွယ်”


ကိုယ်တို့တိုင်းပြည်နဲ့ ဟိုဘက်က ယိုးဒယားနဲ့ တစုံတရာ ခိုးလိုးခုလု ဖြစ်ရပြီဆိုရင် ခေါင်းထဲမှာ အရင်ဆုံး ပြေးသတိရမိတာက သမိုင်းနောက်ခံ အတွေးအမြင်စာတွေ အရေးကောင်းတဲ့ ဒေါက်တာမတင်ဝင်းကြီးပါပဲ။ ဖေ့စ်ဘုတ်မပေါ်ခင် ရဲမိုးတို့ ရောင်နီဦးတို့ ဘယ်ဆီနေမှန်း မသိခင်ကတည်းက သူလည်းပဲ လုပ်သားကြေးမုံထဲကနေ အမြောက်တွေပစ်ပါပစ်ပါ စာမျိုးတွေ အခန်းဆက်နဲ့ကို ရေးခဲ့တာ မဟုတ်လား။ မှတ်မှတ်ရရဆို “ကျွန် မဖြစ်ပေမယ့် ကျွန်စစ်တယ်” ဆိုတဲ့ တစ်ပုဒ်တည်းနဲ့တင် သူ့ကို ဟိုဘက်က အသည်းနာနွန်းနွန်းနို့ ပြည်ဝင်ခွင့်ဗီဇာတောင် ပိတ်ပလိုက်တယ် လို့ ကြားဖူးတာပဲ။ ဟုတ်တယ် မဟုတ်ဘူးကတော့ မြေကိုင်ကျမ်းကိုင် မငြင်းလိုပါဘူး။ ကိုယ်ပြောချင်တာက အခုလိုအခြေအနေမျိုးမှာ သူ့ဆီက ဘယ်လိုအတွေးအမြင်များ ရှိလေမလဲ လို့ အောင့်မေ့သတိရမိတာပါ။ သူ့စာတွေ မဖတ်ရတာလည်း တော်တော်ကြာသွားသလို ရှိတာမို့ နေလို့ထိုင်လို့ ကောင်းပါစ၊ ကျန်းမာတော်မူပါစလို့ လေလှိုင်းကြားက ခွန်းဆင့်ပါရဲ့အဆွေ လုပ်ချင်တဲ့ သဘောပါ။ ဟိုတုန်းကတော့ သူ့စာတွေ နေ့စဉ်ရက်ဆက်တောင် အခန်းဆက်ကြီးနဲ့ ဖတ်လာတာ မဟုတ်လား။
သူ့အနေနဲ့ အရင်လို စာမရေးနိုင်တော့လို့ဖြင့် ဟုတ်မယ်မထင်ပါဘူး။ စာရေးနေကျလူဆိုတာ ထန်းဖူးထန်းခိုင်ထဲက ထန်းနို့တွေ အလိုလိုထွက်လာသလိုပဲ စိတ်ထဲမှာ အတွေးစကလေးတစ်ခုခု ရမိပြီဆိုရင် တောင်စဉ်ရေမရနဲ့ ပျောက်မသွားရအောင် ကိုယ့်စာဖတ်တဲ့သူတွေကို ပုဏ္ဏားတိုင်ထားပြီး ကရားရေလွှတ် တတွတ်တွတ် ရေးမိတော့တာပဲ။ သူလည်းပဲ ရေးတော့ရေးမှာပေါ့။ သို့သော်လည်း ခါတိုင်းလို နိုင်ငံတော်မီဒီယာစာမျက်နှာပေါ်ကို တင်မပေးကြတော့တာ နေမယ်။ အစိုးရပြောင်းသွားလို့ လူကြီးပြောင်းသွားလို့ နောက်လူက သူ့ကို မကြိုက်တော့တာ လို့တော့ ဟုတ်မထင်ပါဘူး။ ရှေ့လူတုန်းကလည်း သူ့ကို ကြိုက်လို့ မကြိုက်လို့ ဆိုတာထက် အဲ့ဒီအချိန်က သူတို့လူကြီးတွေရဲ့ သဘောထားကို ထင်ဟပ်ပေးသလိုဖြစ်လို့ ထင်ပေါ်အောင် စင်တော်က ကောက်ပေးတာ လို့ မြင်မိတယ်။ ဘာဖြစ်လို့ဆိုတော့ နိုင်ငံရေးမှာ ချစ်ခြင်းမုန်းခြင်း ကြိုက်ခြင်းမကြိုက်ခြင်းတွေ မရှိဘူး။ အကျိုးလိုရင် ညောင်ရေလောင်းဖို့ အသင့်ပဲ။ ဓါတ်ကြိုးမလွတ်ရင်လည်း ညောင်ကိုင်းခုတ်ဖို့ ဝန်မလေးတတ်။ သတင်းစာထဲ သူ့ဆောင်းပါးတွေ မပါတော့တာဟာ လက်ရှိလူကြီးက သူ့အရေးအသားကို မကြိုက်လို့ မဟုတ်ဘူး။ လတ်တလော နိုင်ငံရေးအခြေအနေအရ သူတို့အချင်းချင်း ကြည်စေအေးစေ ပြန်ဖြစ်သွားချိန်မှာ ဝေးရမယ့်စကား မပြောပါနဲ့လားဆို သူ့ကို အသာလျှိုထားလိုက်တာနေမှာ။ (အဲ့ဒါ ကိုယ့်အထင်ပြောတာ မဟုတ်ဘူးနော်။ ကိုယ့်ကို လာဗျူးခဲ့ဖူးသူတစ်ယောက်ကို ကောင်တာအင်တာဗျူး ပြန်လုပ်ရင်းနဲ့ သိခဲ့ရတာ)
အဲ့ဒီတော့ ကိုယ်တို့ရေးတဲ့စာတွေကို ပုံနှိပ်မီဒီယာတွေက အသားပေးဖော်ပြတယ်ဆိုတာ ကိုယ်တို့အရေးအသား အတွေးအမြင်ကို ကြိုက်လို့ထက် သူတို့တိုက်ရဲ့ မူဝါဒသဘောထားကို ထင်ဟပ်ပေးနိုင်လို့သာ ဖြစ်ဖို့များတယ် လို့ နားလည်လာသလိုလို ရှိပါတယ်။ ကိုယ်က ဝက်ဝက်ကွဲ ဗြန်းဗြန်းကွဲ နံမည်တွေ ကြော်ကြားနေလို့ ဂျာနယ်တွေက သူ့ထက်ငါ စာမူတွေ အလုအယက်တောင်းနေတာမှ မဟုတ်တာ။ ကိုယ့်ကလောင်ဆိုရင် “The Lady’s” ထဲမှာ ပါလေ့ရှိတယ်။ သူတို့စာမူတောင်းလို့ ဂျာနယ်တိုက်အတွက် ရေးပေးတာ မဟုတ်ဘူး။ ကိုယ့်ဘာသာ ဖေ့စ်ဘုတ်ပေါ် တင်ရေးတဲ့စာတွေကို ခွင့်ပြုချက်တောင်းပြီး တည်းဖြတ်ဖော်ပြတာ။ ဘယ်စာတွေကို ရွေးပြီး ဘယ်စာတွေကို တင်လေ့ရှိသလဲဆိုတာ သတိထားကြည့်ရင် သူတို့ဂျာနယ်တိုက်ရဲ့ သဘောထားနဲ့ ပေါ်လစီကို သိလိမ့်မယ်။
ဒါကတော့ အရှင်းကြီးလေ။ ကြံ့ဖွံ့ကထုတ်တဲ့စာစောင်မှာ ကိုယ့်ကလောင်ပါဖို့ဆိုတာ ဖြစ်မှ မဖြစ်နိုင်ပဲ။ ဒီသဘောတရားကို နားလည်လာတဲ့အခါ ဂျာနယ်တိုက်တွေဟာ ကိုယ့်ပစ်မှတ်နဲ့ကိုယ် ချိန်ရွယ်ရည်မှန်းနေကြပါလား လို့ သွားတွေ့တယ်။ ဘယ်တိုက်က ဘယ်သဘောထားရှိတာကြောင့် ဘယ်စာစောင်မှာ ပါချင်ရင် ဘယ်လိုစာမျိုးရေးရမယ် ဆိုတာပါ သတိထားမိလာတယ်။ ဥပမာဆိုပါတော့ ဘဘကြီးဦးဆန်းဆင့် အပြစ်ကင်းစင်တဲ့ အကြောင်းကို အရင်းခံပြီး လတ်တလောကိုယ်တို့နိုင်ငံရဲ့ တရားရေးမဏ္ဍိုင်တွေ ယိမ်းယိုင်တဲ့အကြောင်း ရေးရင် “သံတော်ဆင့်”မှာတော့ သေချာပေါက် ပါလိမ့်မယ်။ ပြုတ်တုတ်တုတ် စစ်ဗိုလ်ချုပ်တွေရဲ့ အတင်းအဖျင်း ကောလာဟလတွေ အားရပါးရ ဖွချင်သပဆို “သူရိယနေဝန်း” ရှိတယ်လေ။ ဆရာဝန်အကြောင်း ကလိချင်ရင် “အလဲဗင်း”ကရေး။ နောက်ဆုံးတော့ ဘယ်မီဒီယာဟာ ဘယ်သူပိုင်သလဲဆိုတဲ့အပေါ် မူတည်ပြီး သူ့ထဲပါတဲ့ သတင်းအချက်အလက်တွေမှာ အရောင်ကလေးတွေ စွန်းထင်းနေတာ တွေ့မှာပေါ့။ ချစ်စေလိုလည်း သည်ခံတွင်း လက်လေးသစ်က မုန်းစေလိုလည်း သည်ခံတွင်း လက်လေးသစ်က ဥစ္စာ။
ဒါတောင် ကိုယ်တို့က ကိုယ်ထင်ရာကိုယ်ရေးနေလို့ သူတို့ခမျာ ကောင်းနိုးရာရာကလေး ကောက်သင်းကောက်ပြီး ထည့်နေရတာ။ သူတို့တိုက်ပိုင် အိမ်ကြက်ကလေးတွေများဆို ဟိုအကြောင်းရေးလိုက်စမ်း၊ သည်အကြောင်း ရေးလိုက်စမ်း၊ နဲ့ အဆိုင်းမန့်တွေပေးပြီး သွားတိုက်ဆေးညှစ်သလို ညှစ်ထုတ်တာ။ မရေးခင်ကတည်းက နှပ်ကြောင်းကပေးထားပြီးသား။ ရွာလွန်ရွက်တိုက်တော့ လုပ်မယ်မကြံနဲ့။ ညောင်နှစ်ပင်မှာတောင် ဘောင်အပြင်ထွက် ဆွေးနွေးလို့ မရဘူး။ သိရဲ့လား။ စာနယ်ဇင်း နဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ဆိုတာ သူများဆီက တောင်းရရင် လွယ်သလောက် ကိုယ့်ဟာကိုယ် ပြန်ပေးဖို့ကျတော့ တယ်ခက်သကိုးဗျ။
တခါတရံမှာတော့ သူတို့ကိုယ်တိုင်လည်း ကိုယ့်ဆီမှာ အပ်ချုပ်ဆိုင်အပ်သလို ဟိုအကြောင်းလေး ရေးပေးစမ်းပါ၊ သည်အကြောင်းလေး ရေးပေးစမ်းပါ လာအပ်တဲ့အခါလည်း အပ်တယ်။ အဲ့ဒါဆို ကိုယ်လည်း ဖီးလ်လာသလိုရေးပြီး သူတို့ဆီအရင်ပို့၊ သူတို့ဂျာနယ်၊ မဂ္ဂဇင်း ထွက်ပြီးတဲ့အခါကျမှ ဖေ့စ်ဘုတ်ပေါ် တင်ပါတယ်။ ယူသုံးတဲ့သူများရင် ဂျာနယ်နှစ်စောင်သုံးစောင် ပါတဲ့အခါပါဖူးပေမယ့် ကိုယ့်ဘက်က စာမူတစ်ပုဒ်တည်းကို ဂျာနယ်တိုက်နှစ်စောင်ခွဲပို့တာမျိုး မလုပ်ပါဘူး။ သူတို့ဟာသူတို့ ကြိုက်လို့၊ ကိုယ်ကတော့ ကြိုက်လို့ဆိုတာထက်စာရင် သဘောထားတိုက်ဆိုင်လို့လို့ နားလည်ပါတယ်။ အစက ပြောခဲ့သလိုပေါ့နော။
ငါရေးတဲ့စာ လူတွေကြိုက်သဟ Like တွေတက်သဟ နဲ့ သူများသည်းခြေကြိုက် အကြောင်းအရာကလေးတွေကို ငါးပွက်ရာငါးစာချပြီးတော့ မရေးဖြစ်ပါဘူး။ ဘယ်သူဘယ်လို မြှောက်ပေးလို့ ရေးရသည်ဖြစ်စေ၊ အချိန်တန်တော့ အကျိုးဆက်က ကိုယ့်ဘာသာ တာဝန်ယူရမှာ မဟုတ်လား။ ဆိုလိုတာက မြှောက်ပေးတိုင်း ဂွေးတက်အောင် ကလို့မဖြစ်ဘူး။ ခြောက်မြင်ကပ်လို့ လာစိသွားရင် ဘယ်သူကမှ အာမခံ လာမထုတ်ဘူး။ ကိုယ်ဖြစ်ကိုယ်ခံ။ အဝှာယားတဲ့အမှုက အာမခံမရဘူးဆိုတာ လူတိုင်းသိတယ်။ သူများတွေလို လက်လှမ်းမမီရာအရပ်ကနေ လက်သီးပုန်းထိုးနေတာ မဟုတ်ဘူး။ ကိုယ်က နိုင်ငံတော်အစိုးရရဲ့ မေတ္တာရိပ်အောက်မှာ နေထိုင်တာမို့ အစိုးရအပေါ် အရိပ်နေနေ အခက်ခက်ချိုးချိုး စာမျိုးရေးဖို့တော့ မကောင်းဘူးလေ။ ဒါကြောင့် ကိုယ်က ရှေ့လျှောက်လေသူ အကိုကြီးအမကြီးများရဲ့ ခြေလှမ်းကို သင်ခန်းစာယူ အတုယူရတာပ။
အခု ယိုးဒယားအကြောင်း ရေးမယ်ကြံတော့ ဘောလုံးပွဲမှာ လုပ်နေကျသူတွေလို ဘုရင့်နောင်၊ အလောင်းဘုရား၊ ဆင်ဖြူရှင်၊ ရာဇဝင်တွေချီပြီး ငါနဲ့ကိုင်မတုတ်ချင်ပါဘူး။ အဲ့ဒါတွေက လွန်ခဲ့ပြီ။ ပဝေသဏီ၊ အတီတေ၊ ရှေးနှစ်ပေါင်းများစွာကတည်းက။ တကယ်တမ်း သိသင့်သိထိုက်တာက ကနေ့ မျက်မှောက်ခေတ်ရဲ့ အခြေအနေ။ ယိုးဒယားဟာ အခုချိန်မှာ ကိုယ်တို့နဲ့ ဘာမှမဆိုင်တော့ဘူး။ အရမ်းတိုးတက်သွားပြီ။ ပထမဦးဆုံးအကြိမ် နိုင်ငံခြားကိုထွက်ဖူးလို့ သုဝဏ္ဏဘူမိလေဆိပ်ထဲ ရောက်တဲ့အခါ ကိုယ့်မှာ ကောသလ္လမင်းကြီးကို ပြေးသတိရတယ်။ ဘုရားရှင်သာ ရှိလို့ကတော့ “သင်မင်းကြီး သင့်ရဲ့တိုင်းပြည် ဤအခြေအနေမျိုးရောက်ဖို့ သင်မင်းကြီးလက်ထက်တွင် မဖြစ်သေး၊ ငါဘုရားလက်ထက်တော်တွင်လည်း မဖြစ်သေး။ နောင်နှစ်ပေါင်းများစွာ ကြာပြီးလတ်သော် ဤသို့ဖြစ်လာရလတ္တံ့။” လို့ ဗျာဒိတ်စကားများ မြွက်ကြားလေမလား မဆိုနိုင်။ ကိုယ်တို့ပတ်လည် အိမ်နီးချင်းနိုင်ငံတွေထဲမှာ ယိုးဒယားဟာ ကိုယ်တို့တနိုင်ငံလုံးရဲ့ ဈေးကွက်ကို သိမ်းမိထားပြီ။ မယုံမရှိနဲ့ သူ့ဆီကထုတ်တဲ့ အာဂျီနိုမိုတိုတွေ ကိုယ့်ရဲ့ ရိုးတွင်းခြင်ဆီထဲအထိတောင် ရောက်နေပေါ့။ ကိုယ့်အိမ်မှာရှိတဲ့ အသုံးအဆောင်မှန်သမျှ တရုတ်မဟုတ်ရင် ယိုးဒယားကလာတာချည့်ပဲ။ အခုမှ မဟုတ်ဘူး။ ဟိုးအရင် မဆလခေတ်ကတည်းက။ အခုခေတ်မှာတော့ ယိုးဒယားပစ္စည်းတွေက အိမ်ပေါ်ရောက်လာပြီး အိမ်ကလူငယ်လူရွယ်တွေက အကုန် ယိုးဒယားထွက် အလုပ်လုပ်နေရပြီ မဟုတ်လား။ စစ်တောင်းမြစ်ကိုကျော်လိုက်။ မွန်၊ ကရင်၊ တနင်္သာရီတလျှောက်လုံး ယိုးဒယားက လာသိမ်းစရာမလိုဘူး။ ရွာလုံးကျွတ် နယ်လုံးကျွတ် သူ့ဆီထွက် ကျွန်ခံနေရပြီ။ တို့လည်းပဲ ကျွန်သာမဖြစ်တယ် ကျွန်စစ်ပါသော်ကော ကြီးတော်ရဲ့။ ယိုးဒယားမှာ ရှိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားဦးရေဟာ သိန်းဂဏန်း မဟုတ်ဘူး။ သန်းဂဏန်း၊ သန်းဂဏန်း။
ကိုယ်တို့ဆီ စစ်အစိုးရအာဏာသိမ်းလိုက်တော့ ကျောင်းသားတွေ ပြေးတောခိုတဲ့အခါလည်း ယိုးဒယားပဲ ပြေးရတယ်။ ယိုးဒယားနယ်စပ်မှာ ထားတဲ့ မြန်မာဒုက္ခသည်စခန်းဆိုတာ သက်တမ်း ၂၆ နှစ် ကျော်ခဲ့ပြီလေ။ အခုထိ ရှိတုန်း မဟုတ်လား။ အဲသည်တောခိုကျောင်းသားလေးတွေကို (ထားပါတော့လေ သူပုန်ဆိုလည်း သူပုန်ပေါ့) နယ်စပ်မှာတင် စစ်ပညာသင်ပေးတယ်။ ဖောက်ခွဲရေးသင်တန်းတွေ ပေးတယ်။ အနောက်နိုင်ငံတွေမှာ နိုင်ငံရေးခိုလှုံခွင့်ရအောင် စောင့်ပေးတယ်။ တချို့ဆို ဟားဗတ်၊ အောက်စဖို့၊ တက္ကသိုလ်အကြီးကြီးတွေမှာ ပညာသင်ခွင့်ရလို့ နိုင်ငံရေးကျွမ်းကျင်သူ ပါရဂူကြီးများတောင် ဖြစ်လာခဲ့ပြီ။ ယိုးဒယားကျေးဇူး မြင့်မိုရ်ဦး လုပ်နေတာ မဟုတ်ဘူး။ ယိုးဒယားဟာ ကိုယ်တို့တိုင်းပြည်နဲ့ နိုင်ငံရေးပတ်သက်မှုတွေ အများကြီး ရှိတယ်လို့ ပြောချင်တာ။
“မဟာသမုဒ္ဒရာ၌လည်း အနားသတ်ကမ်းစပ်ရှိ၏။” တဲ့။ ယိုးဒယားတွေ ဘယ်လောက်ပဲ ခေတ်မီတိုးတက်ပါတယ်ဆိုဆို နိုင်ငံရေးမှာတော့ ကိုယ်တို့တတွေနဲ့ သိပ်မထူးလှဘူးကွဲ့။ သူတို့လည်း စစ်အစိုးရအုပ်ချုပ်တာ။ ကိုယ်တို့လည်း စစ်အစိုးရအုပ်ချုပ်တာ။ ဘောင်းဘီကလေးချွတ်ထားတာပဲ ကွဲတယ်။ သူတို့ဆီ အာဏာသိမ်းတာဆို အကြိမ်ပေါင်း နှစ်ဒါဇင်ကျော်တော့မယ်။ အခုလောလောဆယ်ကို ယိုးဒယားဟာ စစ်တပ်က အာဏာသိမ်းထားတဲ့အောက်မှာ နေရတာ။ အဲ့ဒီတော့ ကိုယ်တို့မြန်မာစစ်တပ်နဲ့ ယိုးဒယားစစ်တပ်ဟာ အတိတ်သမိုင်းက ရန်ကြွေးတွေကို အပြန်အလှန်ချေဆပ်လို့ အမုန်းမီးတွေတောက်လောင်နေမယ် ထင်လို့လားကွယ်။ ချစ်လိုက်သမှ ချစ်ချစ် ချစ်ချစ်နဲ့ကိုနေတယ်။ သွေးသောက်ညီအကိုတောင် မဟုတ်ဘူး။ ကိုယ်တို့က မွေးစားသား။ သူတို့က Godfather ဒယ်ဒီ ဖားသား ဖေဖေတဲ့။ မယုံရင် ပြန်ကြည့်။ သတင်းစာထဲမှာကိုပါတာ။ ကိုယ့်မှာဖြင့် စိုးရိမ်လိုက်ရတာ။ ကာချုပ်ကြီးကို သမ္မတတင်ချင် ၅၉(စ) နဲ့ လာညိနေမစိုးလို့။
မြန်မာပြည်က တစ်သက်တစ်ကျွန်းတောင် ဂ ရက်နဲ့ ခေါင်းခေါက်ပြီးထုတ်သွားလို့ရတဲ့ သာဓကတွေ ရှိခဲ့ပြီးသားမို့ ခိုတောင်မုန့်တီစားမိတဲ့ ကလေးနှစ်ယောက်လည်း တို့ဘဘက “ဒယ်ဒီ။ သားဆီက ခေးတွေကို စမုံတုန်းအောင်တော့ လုပ်ပါနဲ့ဂျာ။” ဆိုရင် နှစ်ခွန်းပြောစရာတောင် လိုပါ့မလား ဟင်။ သနားတယ်ဆိုရင် ပြောပါတယ်။ “ငါ့လာမပြောနဲ့။ နင်တို့အမေ နင်တို့ သွားပြောလေ။ မွေမွေမှ မွေမွေ၊ စွမ်းလှချည်ရဲ့ဆို။” လို့ လက်ပိုက်ကြည့်နေတော့လည်း တစ်မျိုးပေါ့။ သည်ကိစ္စ မယ်မယ်ဖျား မျက်နှာလွှဲတော်မူတယ် လို့တော့ မထင်မိပါဘူး။ သူ့မှာလည်း သတိထားစရာတွေ အများသားမို့ နှုတ်မကျွံအောင် စောင့်စည်းရင်း အခြေအနေကို သုံးသပ်နေပုံရပါတယ်။ ဖေ့စ်ဘုတ်ပေါ် တပတ်လောက် လျှောက်လိုက်ပါ မေမေ။ ကိုယ်တို့တိုင်းပြည် မဟာပညာကျော်တွေ အများကြီးပါ။ အဖြစ်မှန်ကို မသိရသည့်တိုင် ငါတို့လူမျိုးတွေ ဦးနှောက်ကို အလုပ်ပေးရမှန်း သိလာကြပြီ လို့တော့ အားတက်လာပါလိမ့်မယ်။
ယိုးဒယားကျွမ်းကျင်သူ၊ ယိုးဒယားမှာနေထိုင်သူ ဆရာကြီးများအဆိုအရ သူတို့ဆီမှာ မာဖီးယားဂိုဏ်းလိုမျိုး လူဆိုးကြီးတွေ ကြီးစိုးတယ်။ သူတို့ဆီက ရဲတွေ အကျင့်ပျက်ခြစားတယ်။ ရဲချုပ်ကြီးကိုယ်တိုင်တောင် “မောင်ရင် သိတာတွေ သိပ်များနေပြီ။” ဆိုလို့ သူတို့တိုင်းပြည်က ထွက်ပြေးရတယ်။ လို့ အခိုင်အမာ ဆိုကြပါတယ်။ ယုတ္တိယုတ္တာ ရှိသားပဲ။ ဒါမျိုးတွေအကုန် ကိုယ်တို့ဆီမှာ ရှိခဲ့ပြီးသား။ ထားပါတော့လေ။ ဒါတွေ မယုံချင်လည်းမယုံနဲ့။ ဒါပေမယ့် ကိုယ်တို့ဆီက ဘဘဦးရဲထွဋ်ကိုတော့ ယုံလိုက်ကြရအောင်။ သူကပြောတယ်။ အမှုဖြစ်ကတည်းက တရားဥပဒေအတိုင်းဖြစ်စေဖို့ အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့ပြီးသား။ သမ္မတကြီးရော၊ ကိုယ်တို့ဆီက လူကြီးတွေကပါ သူတို့ဆီရောက်တိုင်း စကားစပ်ပြီး သည်ကလေးတွေကို တရားဥပဒေအတိုင်းဖြစ်စေဖို့၊ စွပ်စွဲခံအကျဉ်းသားတစ်ယောက် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ရရှိစေဖို့ တိုက်တွန်းအရေးဆိုခဲ့ပြီးသား လို့ ပြောတယ်။ ခုဟာက ဘဘတို့ ပြောစကားကို ဘယ်ကြားမှ မညှပ်လို့ အခုလို စီရင်ချက် ချလိုက်တာများလား။
တကမ္ဘာလုံးက အာရုံစိုက်နေတဲ့အမှုမို့လို့ သူတို့ဘက်က အဲသလောက် လက်လွတ်စပယ် လုပ်ရမယ်တော့ မထင်ပါဘူး။ သို့သော်လည်း အမှုမှန်ပေါ်ပေါက်ရေးထက် အမှုကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို ဘယ်လိုကိုင်တွယ်မှာလဲဆိုတဲ့အပေါ်သာ စောင်းပေးပြီး စဉ်းစားကြတယ်။ တကယ်လို့များ ကလေးတွေကို မှားယွင်းဖမ်းဆီးပြီး အတင်းအကျပ် နှိပ်စက်ညှင်းပန်းလို့ အပြစ်ဝန်ခံခိုင်းတယ်ဆိုရင် ထိုင်းရဲတပ်ဖွဲ့ကြီးတစ်ခုလုံး ရေစုန်မျောသွားပြီ။ တစ်သက်လုံး သည်အတိုင်းလုပ်လာတာမှန်ပေမယ့် အခုလို ရပ်ကျော်ရွာကျော် မဟုတ်ဘူး။ ဒါကြောင့်မို့လို သူတို့ထိုင်းရှေ့နေတွေက ဘယ်လိုပဲအော်အော် ရဲတွေဆီက ကလေးတွေ အပြစ်မရှိပါဘူး တစ်သံမှ မထွက်ဘူး။ ကလေးတွေ အပြစ်မရှိဘူးဆိုတာနဲ့ သူတို့ကအပြစ်ရှိသွားပြီ မဟုတ်လား။ ဒါကြောင့် ဘယ်နည်းနဲ့မဆို ကလေးတွေမှာ အပြစ်ရှိကိုရှိမှ ဖြစ်မယ်။ အဲသည်အတွက် မတရားဘူးဆိုရင် နောက်ဘဝကျမှ ခံပါရစေတော့။ လူတွေက တရားမျှတမှုကို လိုလားတယ်ဆိုတာ ကိုယ့်ကို မထိခိုက်ခင်အထိသာ လိုလားမှာပေါ့။ အဲသည်တရားမျှတမှုက ကိုယ့်ကို ထိခိုက်လာမယ်ဆိုရင် ဘယ်သူက လိုချင်မှာလဲ။ ဒါကြောင့် သည်အမှုကို တရားဥပဒေချိန်ခွင်ပေါ်တင်တဲ့အခါ တရားမှု မတရားမှုကို အဆုံးအဖြတ်ပေးတာ မဟုတ်ပဲ ဘယ်ကမှန်းမသိ ကျောထောက်နောက်ခံမရှိတဲ့ ခိုးဝင်သူရွှေ့ပြောင်းအလုပ်သမားနှစ်ဦး နဲ့ နိုင်ငံတော်ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ချိန်စက်ရသလို ဖြစ်လာတယ်။ ဘယ်ဘက်ကို အလေးသာရမှာတုန်း။
ဒီအမှုကို စီရင်ချက်ချတဲ့ တရားသူကြီးဟာ ခရိုင်အဆင့် တရားသူကြီးတစ်ယောက်သာ ဖြစ်ပါတယ်တဲ့။ သူ့နေရာမှာ ဝင်စဉ်းစားကြည့်ရအောင်။ အငြင်းပွားဖွယ်မရှိအောင် ခိုင်လုံတဲ့သက်သေမရှိပဲနဲ့ သည်လောက် ရက်ရက်စက်စက် ပြစ်ဒဏ်စီရင်တာ ဘာကြောင့်လဲ။ သူ့အပေါ်မှာ ဖိအားတွေ ရှိမှာပေါ့။ ရဲတပ်ဖွဲ့ရဲ့ဖိအား၊ စစ်အစိုးရရဲ့ဖိအားတွေထက် သူလိုတရားသူကြီးတစ်ယောက်ကိုတောင် လုံခြုံမှုရှိအောင် စောင့်ရှောက်မပေးနိုင်တဲ့ မာဖီးယားလူဆိုးတွေရဲ့ အန္တရာယ်ဆိုတာ ရှိလာရင် ဘယ်သူက ကာကွယ်ပေးမှာတုန်း။ တကယ်လို့များ ကလေးတွေမှာ အပြစ်မရှိဘူးဆိုပါစို့။ ဒါဆိုရင် အပြစ်ရှိတဲ့သူ တစ်ယောက်ယောက်တော့ ရှိကိုရှိရမယ် မဟုတ်လား။ ဒါဆိုရင် အဲသည်လူတွေနဲ့ သူနဲ့က ကမ္ဘာ့ရန်ဖြစ်သွားပြီလေ။ သူကိုယ်တိုင် ရှာမပေးနိုင်တဲ့ တရားမျှတမှုကို သူ့အလှည့်ကျရင်ကော ဘယ်သူက ရှာပေးမှာမို့လို့တုန်း။ ဒါဆိုရင် သူကတော့ ကလေးတွေကို တစ်ခုခု စီရင်ချက်ချမှကို ဖြစ်မယ်။ ကိုယ်သာ သူ့နေရာမှာဆိုရင် ကလေးတွေကို ထောင်ဒဏ်အနည်းငယ် ငွေဒဏ်အနည်းငယ် စတိလောက် ချပလိုက်မှာ မဟုတ်ဘူး။ ဒါလေးများဆို ပြီးပြီးပျောက်ပျောက် ဖြစ်သွားရင် တရားခံအစစ်ကလွတ်နေဦးမှာပဲ။ မတရားပါဘူးဆိုတာ သိသာမြင်သာစေလျက် အကြီးလေးဆုံးပြစ်ဒဏ်ကို ပေးပလိုက်မှာပေါ့။ ဒါဆိုရင် ကိုယ်လည်းဘေးကလွတ်သွားပြီ။ (နံမယ်တော့ ပျက်တာပေါ့) သက်ဆိုင်သူတွေ ဘယ်လိုမှ ငုတ်တုတ်ထိုင်ကြည့်နေနိုင်မှာ မဟုတ်တော့ဘူး။ မငြိမ်းနိုင်မယ့် အတူတူတော့ ရှို့လွှတ်လိုက်တာ လူပိုလန့်တာပေါ့လေ။ ကိုယ့်တစ်အိမ်တည်း ပြာကျတာထက်စာရင် တစ်ရပ်ကွက်လုံး မီးဘေးစခန်းဖွင့်ရတာ အဖော်တောင်ရသေး။
သူ့ဘက်က သည်ခြင်းလုံးကို အဲသလိုခတ်လွှတ်လိုက်တဲ့အခါ အခုကိုယ်တို့ဘက်ကို အဲသည်ခြင်းလုံးက ဝဲလာပြီ။ ဘယ်သူတွေ ဘယ်လိုခတ်ကြမှာတုန်း။ ပွဲသိမ်းနိုင်ပါ့မလား။ ကြည့်နေတယ်နော်။ တကမ္ဘာလုံးက။ အမေခတ်မလိုလို အဘခတ်မလိုလိုနဲ့ ဘယ်သူနဲ့မှမထိပဲ မြေပေါ်ပြုတ်ကျသွားဦးမယ်။ ကျုပ်ကတော့ ခတ်တယ်ဗျာ။ ကိုယ်တတ်တဲ့နည်းနဲ့။ သူများယောင်လို့ လိုက်ယောင်ပြီး ပေါ်ပြူလာဖြစ်တဲ့အကြောင်း ရေးနေတာ မဟုတ်ဘူး။ ကိုယ်တွေးမိမြင်မိသလောက်ကို သူများတွေ သဘောပေါက်ပါစေလို့ တတပ်တအား ကြိုးစားရေးနေတာ။ အယူခံဝင်မယ် လွတ်ငြိမ်းချမ်းသာခွင့်တောင်းမယ်ဆိုတာ ကလေးတွေရဲ့ အသက်ကိုသာ ကယ်နိုင်မယ်။ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို အဖတ်မဆည်နိင်ဘူး။ ဟိုတဘက်မှာ သူတို့နိုင်ငံရဲ့ဂုဏ်သိက္ခာကို ကလေးတွေအသက်နဲ့ ချိန်စက်နေသလိုပဲ ကိုယ်တို့ဘက်မှာလည်း နိုင်ငံရဲ့ ဂုဏ်သိက္ခာဟာ အဲသည်ကလေးတွေရဲ့ အသက်ပေါ်မှာ တည်တယ်လို့ မှတ်ယူထားရမယ်။ ကိုယ့်နိုင်ငံသားတွေ သူများတိုင်းပြည်မှာ မတရားဖမ်းဆီးစွပ်စွဲပြီး သေဒဏ်စီရင်ခံရတာကို သူ့အစိုးရက ဘာမှမတတ်နိုင်ဘူးဆိုတာလောက် ရှက်စရာကောင်းတာ ဘာမှမရှိဘူး။ ဒီကိစ္စက သူ့သိက္ခာ ကိုယ့်သိက္ခာ အလဲအထပ်လုပ်တဲ့ပွဲပဲ။ သေနတ်ကြီးနဲ့ အမြောက်ကြီးနဲ့ ပစ်နေမှ စစ်တိုက်တာ မဟုတ်ဘူး။ သူ့သိက္ခာ ကိုယ့်သိက္ခာ အသက်နဲ့လဲ ကာကွယ်တာဟာလည်း စစ်တိုက်တာပဲ။
နိုင်ငံရေးတွေ ပါလာတဲ့အခါ လူ့အသက်နှစ်ချောင်းဆိုတာ ဘာမှ ထည့်တွက်လောက်စရာ မဟုတ်တော့ပဲကိုး။ အမှုမှန်တယ် မမှန်ဘူး။ တရားခံအစစ် ဟုတ်တယ် မဟုတ်ဘူးထက် ကိုယ့်ဘက်က အမှန်ဖြစ်ဖို့အရေးကိုပဲ မဲတင်းကုန်ကြပြီ တွေ့လား။ ကလေးတွေ တကယ်ပဲ အပြစ်ရှိသည်ဖြစ်စေ အပြစ်မရှိသည်ဖြစ်စေ၊ နှစ်နိုင်ငံဂုဏ်သိက္ခာနဲ့ ဆိုင်တဲ့အမှုကြီးကို တဘက်လူ ကြားနာခွင့်မပေးပဲ ကိုယ့်သဘောကျ တဘက်သတ်စီရင်တာဆိုရင် ဘယ်လိုအဖြေမျိုးပဲ ရသည်ဖြစ်ပစေ ကျန်တဘက်သားက လက်ခံနိုင်စရာအကြောင်း ရှိပါ့မလား။ ဘာစီရင်ချက်ပဲချချ၊ ကြားနာသူအပေါင်း သံသယမရှိ၊ နည်းမှန်လမ်းမှန်ဖြစ်ပါပေတယ်လို့ ခံစားသိမြင်လာအောင် လူသိရှင်ကြား အကျယ်တဝင့် စစ်ဆေးကြားနာရမယ့် အချိန်ရောက်ပြီလို့ မြင်ပါတယ်။ တစ်ခါလိမ်ပြီးသားလူတွေဟာ နောက်တစ်ခါ ထပ်လိမ်ယုံအပြင် ရွေးစရာလမ်း မရှိတော့တာမို့ ကိုယ့်ဘက်ကလည်း သူတို့တရားခွင်ကို ဝင်ရောက်ကြားနာသင့်ပြီ လို့ ထင်ပါတယ်။
ချီးမွှန်းတယ် ကဲ့ရဲ့တယ်ဆိုတာ အရင်တုန်းကမှ ခုနစ်ရက်လောက် ခံပါသေးတယ်လေ။ အခုဆိုရင် ဝတ်မှုန်ရွှေရည်တောင် ဖေ့စ်ဘုတ်ပေါ် တစ်ရက်ထက်ပိုပြီး နေရာမရဘူး။ သည်ကလေးတွေ ကိစ္စလည်း မယုံကြည့်။ တစ်ပတ်လောက်နေရင် ဘယ်သူမှ စကားထဲ ထည့်မပြောတော့ဘူး။ အသစ်ပေါ်လာရင် အဟောင်းကို မေ့တတ်ကြတာ ဓမ္မတာပဲ။ ဒါပေမယ့်လည်း မြန်မာပြည်ကြီး ယိုးဒယားနိုင်ငံကြီးကတော့ ဆက်ရှိနေဦးမှာ မဟုတ်လား။ နှစ်နိုင်ငံဆက်ဆံရေးဆိုတာ မိကျောင်းမင်းကြီးတွေကို ရေခင်းဝင်ပြနေစရာ မရှိပေါင်။ သူတို့က ပိုသိပါတယ်။ နှစ်နိုင်ငံ အခင်မင်ပျက်မယ့်စာမျိုး မရေးနိုင်သလို တစ်ဦးဦးဂုဏ်သိက္ခာကို ထိပါးစော်ကားမယ့် အကြောင်းအရာမျိုးလည်း မဆွေးနွေးချင်ပါဘူး။ သူလည်းထေရဝါဒ ကိုယ်လည်းထေရဝါဒချင်း အတူတူမို့ ကံ ကံ၏အကျိုးကို ကိုယ်စီကိုယ်စီ ယုံကြည်နားလည်နိုင်ပါလိမ့်မယ်။ သူလည်း စစ်သားအုပ်ချုပ်သူ၊ ကိုယ်လည်း စစ်သားလူထွက် အုပ်ချုပ်သူမို့ ပါးစပ်ဟရုံနဲ့ အူဘယ်နှစ်ခွေ မြင်ပြီးသားမှန်းလည်း သိပါလိမ့်မယ်။ သူတို့ဆီက တရားစီရင်နည်းကဖြင့် ကိုယ်တွေက ပျင်းတောင်ပျင်းသေး။ အံတိုနေတာ မေးရိုးတောင်ပေါ်ပေါ့။ သူတို့ဘက်က ဘယ်ဖဲဆင်ရင် ကိုယ်တို့ဘက်က ဘယ်ဖဲပြင်ရမယ်ဆိုတာလည်း သဘောပေါက်ပြီးသားပါ။ မယုံကြည့်။ လာတော့မယ်။ လာတော့မယ်။ အဲ ဘာမှ မလာတဲ့အခါလည်း ပူမနေနဲ့။ ဟောသည်ပါးစပ်ကြီးက ပြောကိုပြောပစ်လိုက်ဦးမှာ။ ဖုန်းထဲမှာတောင် ဟို ring tone လေး ထည့်ထားရကောင်းမလားလို့။ “နင် ဖုန်းကိုင်ရင်ကိုင်နော်။ မကိုင်ရင် ဘလို ရှောက်ပက်တနာတက်တွားမယ်ဆိုတာ တိတယ်မို့လား။” ဆိုတာလေ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...