Sunday, January 3, 2016

ဗိုလ်ချုပ် စွန့်ပြီး မစားသွားတော့

၁၉၄၆ ခုနှစ် အောက်တိုဘာ ၂၀ နေ့က ရွှေတိဂုံဘုရား အနောက်မုခ်မှာ ဖဆပလကနေ ကွန်မြူနစ်တွေကို ထုတ်တဲ့ အကြောင်း ဗိုလ်ချုပ်အောင်ဆန်းက ရှင်းလင်းပွဲလုပ်ပါတယ်။ အဲဒီပွဲမှာ ဗိုလ်ချုပ်က ဒီလိုပြောသဗျ ..
“ကျုပ်ကတော့ ခင်းဗျားတို့ကို မလိမ်ဘူး။ ရှေးကလည်း မလိမ်ခဲ့ဖူး၊ အခုလည်း မလိမ်ဘူး၊ သူများ သားပျိုသမီးပျို တွေလည်း မဖျက်ဆီးဘူး။ ရွှေ ငွေ စိန် ကျောက်တွေ ရအောင်လည်း ကျုပ်မလုပ်ဘူး။ နိုင်ငံရေးနဲ့ စီးပွားရှာဖို့ မလုပ်ဘူး။ လုပ်ဖော်ကိုင်ဖက် အချင်းချင်းကိုလည်း ရန်သူလက် ဘယ်တော့မှ မအပ်ဘူး။ ကျုပ်ဘယ်လိုလူလဲ မိန်းမရေးမှာ ရှုပ်သလား။ တခြား လုပ်ဖော်ကိုင်ဖက်တွေကို ချောက်တွန်းခဲ့သလား။ ဒီကိစ္စတွေကို လူထုရှေ့မှာ ဘယ်အချိန်အခါမဆို တကယ်အစစ်ဆေးခံဖို့ အသင့်ရှိတယ်” လို့ ရဲရဲတောက် စိန်ခေါ်ပြောသွားခဲ့တာ။
ကဲ .. ခုပဲ မကြာမီ အာဏာလွှဲပြောင်းပေးရမယ့် အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကနေ တက်လာတဲ့သူတွေ၊ တပ်မတော်ကနေ ဘောင်းဘီချွတ်ပြီး နိုင်ငံရေးလောကထဲ ခုန်ဆင်းလာတဲ့သူတွေ၊ သက်တော်လွန် အငြိမ်းစား ဗိုလ်ချုပ်ကြီးတွေ ဗိုလ်ချုပ်အောင်ဆန်းလို ပြတ်ပြတ်သားသား လူထုကို တိုင်တည်ရဲသလား။

ဟား .. ဟား .. လို့ ရယ်လိုက်မှာပေါ့ဗျာ။ ခင်ဗျားတို့ သတ္တိမရှိလို့ သမ္မတလုံခြုံရေးဥပဒေတွေ၊ နောက်ကြောင်း ပြန်အရေးမယူရဆိုတာတွေနဲ့ ကြောက်ကန် ကန်နေကြတာပေါ့။
ဗိုလ်ချုပ်အောင်ဆန်း ဘာလို့ အဲဒီလို ပြောရဲသလဲ သိလား။ အဲဒီနေ့က သူပြောသွားတဲ့ စကားထဲမှာပါတယ်။
“ယခု ဝန်ကြီးဖြစ်ရပေမယ့် ကျွန်တော့်မှာ ဘာမှ ထူးထူးခြားခြား မရှိပါဘူး။ ဂျပန်ခေတ် တစ်ခေတ်လုံးလည်း စစ်ဝန်ကြီးဆိုပြီး ကျွန်တော့်မှာ အဝတ်နှစ်ထည် သုံးထည်ကလွဲပြီး အပိုမရှိခဲ့ပါဘူး။ ယခုခေတ်ရောက်ပြန်တော့ ဒါတွေကို ဝတ်နေရတာပဲ။ ခုဝတ်နေတဲ့ ဘောင်းဘီနဲ့ အင်္ကျီတောင် ဝန်ကြီးရာထူးကို ဝင်ယူပြီးမှ မိတ်ဆွေတွေက ကြည့်မကောင်းလို့ အတင်းအချုပ်ခိုင်းတာနဲ့ ကြံဖန်ပြီး ချုပ်လိုက်ရတယ်။ ယခု ဝန်ကြီး အဖြစ်နဲ့ လခဘယ်လောက် ယူမယ်ဆိုတာ ဖဆပလက ဆုံးဖြတ်မပေးရသေးဘူး။ ဘယ်လောက်ပဲ ဆုံးဖြတ် ဆုံးဖြတ် ကျုပ်မှာ စားလောက်ရုံလောက်က ပိုမှာ မဟုတ်ဘူး” တဲ့ဗျာ
သနားလိုက်ပါဘိ ဗိုလ်ချုပ်ရာ။ ခုခေတ်ကတော့ လွှတ်တော်ထဲထိုင်ငိုက်လည်း ၁၀ သိန်းတောင်း၊ ခုလွှတ်တော်က ထွက်တော့မယ်ဆိုတော့လည်း နိုင်ငံရေးပင်စင်ဆိုပြီး သိန်း ၅၀ တွေ၊ သိန်း ၁၀၀ တွေတောင်း။ သူတို့သားတွေ မယားတွေ ခုတစ်သက်မဟုတ် ဆယ်သက်လောက် စားမကုန်အောင် အကုန်ယူထားပြီးပြီဗျာ။
ဗိုလ်ချုပ်ရာ အရမ်းကို ခံစားရပါတယ်ဗျာ…
၂.၁.၂၀၁၆

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...