Sunday, January 17, 2016

☆ အမေ့လျော့ခံ စစ်သေနာပတိချုပ်တစ်ဦး ☆

 
 
 
 
 
 
သာမန် တောင်သူ လယ်သမားလေးဘဝမှ မြန်မာနိုင်ငံတပ်မတော်တွင် စစ်သေနာပတိချုပ်အထိဖြစ်လာခဲ့သော ကရင်လူငယ် လေး တစ်ယောက်အကြောင်းကို လူသိနည်းလှသည်။ သူ့ကို ၁၉၀၆ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် မွေးဖွားခဲ့သည်။ သူအခါလည်သား အရွယ်တွင် မိခင်ဖြစ်သူကွယ်လွန်သွားသဖြင့် အဒေါ်၏လက်တွင် ကြီးပြင်းလာခဲ့ရသည်။
ဖခင်မှာ သာမန်တောင်သူလယ်သမား တစ်ဦးဖြစ်ပြီး ငယ်စဉ်က ကရင် စာသင်ကျောင်းတွင် တက်ရောက် ပညာသင်ကြားခဲ့သည်။
သူ့ကို ငယ်စဉ်က ဖိုးရေဟု ခေါ်ကြသည်။ ရွာကျောင်းမှ တတိယတန်း အောင်ပြီးသော အခါတွင် ပုသိမ်မြို့ရှိ ကရင်ဘက်ပတစ် ကျောင်းတွင် ဆက်လက် ပညာသင်ကြားခဲ့သည်။ ခရစ်ယာန် သာသနာပြုကျောင်းမှ သတ္တမတန်း အောင်မြင်ပြီးနောက် အစိုးရ ကျောင်းတွင် အဋ္ဌမတန်း ဆက်လက် တက်ရောက် ပညာသင်ကြားခဲ့သည်။ အဋ္ဌမတန်းတွင် ကျောင်းပြေးပြီး စစ်ထဲဝင်ခဲ့သည်။ ထိုအချိန်က သူ့အရပ် အမောင်းမှာ ၅ ပေ ၂ လက်မခန့်သာ ဖြစ်သော်လည်း ဘားမား ရိုင်ဖယ်တပ်က သူ့ကို လက်ခံလိုက်သည်။
ဖိုးရေသည် စစ်သင်တန်း သုံးလခန့်တက်ပြီးမှ ဖခင်က တပ်ရင်းမှူးထံ အသနားခံကာ လာပြောသဖြင့် တပ်ရင်းမှူးက သူ့ကိုတပ်မှ ထွက်ခွင့်ပေးလိုက်သည်။ တပ်မှထွက်လာပြီး အဋ္ဌမတန်းကို ဆက်တက်ကာ စာမေးပွဲဖြေပြီး အောင်မြင်ခဲ့သည်။
နဝမတန်းသို့ ရောက်သောအခါ ဖိုးရေသည် တပ်ထဲသို့သာ ဝင်ရောက်လိုသဖြင့် သူငယ်ချင်းဖြစ်သူ ဟင်ဆန်နှင့်အတူ မေမြို့ရှိ ဘားမား ရိုင်ဖယ်တပ်ထဲသို့ ရောက်လာခဲ့သည်။ တပ်ထဲတွင် သူ့အမည်ကို စမစ်ဟု ပြောင်းလိုက်သည်။ သင်တန်းခြောက်လ တက်ပြီးနောက် စစ်သားများ ဖြစ်လာကြပြီး ၂ နှစ်အကြာတွင် တပ်ကြပ်ရာထူး တိုးခဲ့သည်။
သူ၏ အရည်အချင်းကြောင့် စမစ်သည် ဂျမဒါရာထူး တိုးပေးခြင်းခံရပြီး အိန္ဒိယနိုင်ငံ ကစ်ချနာ ကောလိပ်သို့ သွားရောက်ကာ ပညာသင်ကြားခွင့် ရခဲ့သည်။ ကစ်ချနာကောလိပ် စာမေးပွဲကို လေးဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ စမစ်သည် မြန်မာ့တပ်မတော်မှ တစ်ဦးတည်း ရောက်လာသည့် ပညာတော်သင် တစ်ဦးဖြစ်ပြီး အိန္ဒိယ စစ်တက္ကသိုလ်သို့ ၁၉၃၂ ခုနှစ်တွင် ဆက်လက် တက်ရောက်ခွင့် ရခဲ့သည်။
စမစ်သည် အိန္ဒိယ စစ်တက္ကသိုလ် သမိုင်းတွင် ပထမဆုံး ဖွင့်လှစ်ခဲ့သည့် သင်တန်းကို တက်ရောက်ခွင့် ရခဲ့ပြီး နောက်ဆုံးနှစ် ကျောင်းဆင်းသည့် အခါတွင် အကောင်းဆုံး ကျောင်းသားအဖြစ် ဂုဏ်ထူးဆောင် ငွေဓားဆုကို ချီးမြှင့်ခြင်း ခံခဲ့ရသည်။ စစ်ကျောင်း တွင် တက်နေစဉ် သူသည် စမစ်အမည်ကို အပြည့်စုံဆုံး ဖြစ်စေရန် ဖခင်၏ အမည်ကိုယူပြီး စမစ်ဒွန်းဟု သတ်မှတ်ခဲ့သည်။
ဒုတိယကမ္ဘာစစ်ကြီး ဖြစ်စကာလတွင် စမစ်ဒွန်းကို မြန်မာပြည်စစ်ရဲတပ် (B.M.P) တွင် ပြောင်းရွှေ့ တာဝန်ပေးခဲ့သည်။ နောက်ပိုင်းတွင် မြန်မာနယ်ခြားတပ် (B.F.F) ကိုပါ ပူးတွဲ တာဝန်ယူခဲ့ရသည်။ စစ်အတွင်း ကာလတွင် အင်္ဂလိပ်စစ်သားများ ဆုတ်ခွာနိုင်ရေးအတွက် အကူအညီများပေးကာ အင်ဖားအထိ လိုက်လံ တာဝန်ထမ်းဆောင်ခဲ့သည်။ နယ်ခြားတွင် ရှိနေစဉ် သူသည် စစ်ဦးစီး တက္ကသိုလ်သို့ တက်ရန် အိန္ဒိယနိုင်ငံသို့ ပြန်ရောက်လာခဲ့သည်။ စစ်ဦးစီး တက္ကသိုလ်မှ ဆင်းသည့်အခါတွင် စမစ်ဒွန်းကို တပ်မ ၁၇ သို့ သူ့ကိုစေလွှတ်ပြီး ဗမာပြည် ထောက်လှမ်းရေးတပ် (B.I.C) တွင် ဆက်သွယ်ရေး အရာရှိချုပ်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ထိုအချိန်တွင် သူ၏ရာထူးမှာ ဗိုလ်မှူးအဆင့် ဖြစ်သည်။
အင်္ဂလိပ်တို့ တစ်ကျော့ပြန် မြန်
မာနိုင်ငံကို ပြန်လည် သိမ်းပိုက်ရာတွင်လည်း စမစ်ဒွန်းသည် ပေးအပ်သည့် တာဝန်ကို ရွပ်ရွပ်ချွံချွံ ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ဂျပန်များ လက်နက်ချပြီး အင်္ဂလိပ်များ ပြန်ဝင်လာချိန်တွင် စမစ်ဒွန်းကို ဗြတိသျှတို့က ပုသိမ်တွင် ကရင်တပ်ရင်းသစ် တစ်ခုကို ဖွဲ့စည်းရန် တာဝန် ပေးလိုက်သည်။ သူ့ရာထူးကိုလည်း ဒုတိယဗိုလ်မှူးကြီး၊ ဒုတိယ စစ်ဆေးရေး အရာရှိချုပ်အဖြစ် ခန့်အပ်လိုက်သည်။ တစ်နှစ် မပြည့်သေးမီမှာပင် ဗိုလ်မှူးချုပ် ရာထူးကို တိုးမြှင့်ပေးခြင်း ခံရပြီး ဗမာ့တပ်မတော် ဒုတိယ စစ်ဦးစီးချုပ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရချိန်တွင် တပ်မတော် ခေါင်းဆောင်ပိုင်း ဖွဲ့စည်းပုံမှာ အလွန်သေးငယ် လှသည်။ စစ်ဦးစီး ဌာနချုပ်တွင် ဗိုလ်ချုပ်အဆင့်ရှိသူ စစ်ဦးစီးချုပ်နှင့် ဒုတိယစစ်ဦးချုပ်တို့သာ ရှိသည်။ ထိုစဉ်က ဒုတိယ စစ်ဦးစီးချုပ် တာဝန်ကို ယူထားသူမှာ ဗိုလ်မှူးကြီး စမစ်ဒွန်း ဖြစ်သည်။ လွတ်လပ်ရေး မရမီက စစ်ဦးစီးချုပ် နေရာကို မျက်နှာဖြူ အရာရှိများသာ ရယူလေ့ရှိပြီး လွတ်လပ်ရေးမရမီ အချိန်လေးတွင် ဗိုလ်မှူးကြီး စမစ်ဒွန်းကို စစ်ဦးစီးချုပ်အဖြစ် မျက်နှာဖြူအရာရှိ (ဗိုလ်ချုပ်သောမတ်စ်) နေရာတွင် တိုးမြှင့် ခန့်ထားခြင်း ခံခဲ့ရသည်။
ဗိုလ်မှူးကြီး စမစ်ဒွန်းသည် စစ်ဦးစီးချုပ်ရာထူး တိုးသွားသောကြောင့် လစ်လပ်လျက်ရှိသော ဒုတိယ စစ်ဦးစီးချုပ် နေရာအား ထိုစဉ်က တောင်ပိုင်းတိုင်းမှူး ဗိုလ်မှူးချုပ် စောကြာဒိုးကို ရာထူးတိုးမြှင့် ပေးအပ်ခဲ့သည်။ ၁၉၄၈ ခုနှစ် စစ်ရုံး စတင်ဖွဲ့စည်းချိန်တွင် စစ်ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ် စမစ်ဒွန်းသည် (၄.၁.၄၈ မှ ၃၁.၁.၄၉ အထိ) တာဝန် ထမ်းဆောင်ခဲ့သည်။
ကန္ဒီစာချုပ်အရ ဗမာ့တပ်မတော်ကို ပြန်လည် ဖွဲ့စည်းသည့်အခါတွင် ဗြိတိသျှတို့သည့် ကရင်တပ်များကို စနစ်တကျ ထူထောင် ဖွဲ့စည်း ပေးခဲ့သည်။ ဗိုလ်ချုပ် စမစ်ဒွန်းနှင့် လေတပ်မှ ဗိုလ်ချုပ် စောရှီးရှိုတို့သည် ကရင်ထိပ်တန်း စစ်ဘက်ဆိုင်ရာ အရာရှိကြီးများ ဖြစ်လာကြသည်။ ဗြိတိသျှတို့သည် ကရင်လူမျိုးများသာ ပါဝင်သည့် ၂၅ ပေါင်ဒါ အမြောက်တပ်နှင့် အချက်ပြ ဆက်သွယ်ရေး တပ်များကို ဖွဲ့စည်းခွင့် ပေးလိုက်သည်။ ကရင် ရိုင်ဖယ် တပ်ရင်းများအပြင် KNDO တပ်များပါ တိုးချဲ့ဖွဲ့စည်းခွင့် ရခဲ့သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးသည့် နောက်တစ်နေ့ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် ကရင်များသည် လွတ်လပ်သော လူမျိုးတစ်မျိုး ဖြစ်ကြောင်း ကြေညာလိုက်ကြသည်။ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် KNU အဖွဲ့သည် ဖဆပလ အစိုးရထံ သီးခြား ကရင်ပြည်နယ် ဖွဲ့စည်းပေးရန် တောင်းဆို လိုက်လေသည်။
၁၉၄၉ ခုနှစ်တွင် ကရင်လက်နက်ကိုင် တပ်များသည် အတိအလင်း ပုန်ကန်တိုက်ခိုက် လာကြသည်။ KNDO တပ်များသည် အင်းစိန်တွင် လက်နက်များ သိမ်းပြီးနောက် ၁၉၄၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်လှုပ်ရှားခဲ့ကြသည်။ ဇန်နဝါရီ ၃၀ ရက်နေ့တွင် အင်းစိန်အနီးရှိ သမိုင်း၊ ခဝဲခြံ၊ စော်ဘွားကြီးကုန်းတို့တွင် တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။ အစိုးရသည် တပ်မတော် အတွင်းမှ ကရင်အရာရှိများကို ယုံကြည်မှု မရှိတော့ပေ။ သို့ဖြစ်ရာ ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်စမစ်ဒွန်းကို နုတ်ထွက်စေခဲ့ပြီး ဗိုလ်ချုပ်နေဝင်းက စစ်ဦးစီးချုပ် တာဝန်ကို ယူလိုက်သည်။
၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ခြောက်နာရီခွဲခန့်တွင် သမိုင်း ကရင်ရပ်ကွက်ဘက်မှ သေနတ်သံများ ကြားလိုက် ရသဖြင့် ထိုသို့ ပစ်ခတ်တိုက်ခိုက်ရန် မည်သူ အမိန့်ပေးမှန်း မသိသောကြောင့် စမစ်ဒွန်းသည် ဝန်ကြီးချုပ် သခင်နုထံ တယ်လီဖုန်း ဆက်ပြီး ဝန်ကြီးချုပ်ကို ကြားဝင်ပေးပါရန် ပြောကြားခဲ့သည်။
စမစ်ဒွန်းသည် လက်နက်ကိုင် တပ်ဖွဲ့အားလုံး၏ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်သော်လည်း မည်သူ့အမိန်ဖြင့် ထိုသို့ တိုက်ခိုက်နေမှန်း မသိကြောင်း၊ ဝန်ကြီးချုပ် ဦးနုထံ ကြားဝင်ပေးပါရန် မေတ္တာရပ်ခံ ခဲ့ကြောင်း သိရသည်။ ကရင်လက်နက်ကိုင် တပ်များနှင့် မြန်မာ စစ်သားတို့ ပစ်ခတ် တိုက်ခိုက်နေမှုမှာ စစ်ပွဲကြီးအသွင် ဆောင်သွားပြီး ရန်ကုန်အနှံ့ ပျံနှံ့လာမည့် အနေအထားကို ရောက်လာ သည်။ ထိုအခြေအနေတွင် စမစ်ဒွန်းသည် ရာထူးကိုဆက်လက်ထမ်းဆောင်ရန် မဖြစ်နိုင်တော့သဖြင့် နုတ်ထွက်လိုက်တော့သည်။ စမစ်ဒွန်းသည် ကိုယ့်ကိုယ်ကိုယ် နယ်နှင်ဒဏ် ပေးသည့်အနေနှင့် ကချင်ပြည်နယ် မြစ်ကြီးနားဘက်သို့ ထွက်သွားခဲ့သည်။
ကရင်တပ်မှူးများနှင့် တပ်ဖွဲ့များသည် နိုင်ငံရေးပစ်မှတ် ဖြစ်လာကြသဖြင့် ၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကရင် တပ်ရင်း တပ်ဖွဲ့များ အားလုံးထံမှ လက်နက်များ သိမ်းပြီး အားလုံးကို ခွင့်ရက်ရှည် ပေးလိုက်သည်။ စစ်ဦးစီးချုပ် စမစ်ဒွန်းသည် ခွင့်ရက် ပြည့်သော်လည်း မိမိတွင် တာဝန်ရှိသည်ဟု ခံယူကာ အပြီးအပိုင် အငြိမ်းစား ယူသွားခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ် စမစ်ဒွန်းသည် အငြိမ်းစား ယူသွားပြီးသည့် နောက်တွင် နိုင်ငံရေးတွင် ပါဝင်လှုပ်ရှားခြင်း မရှိတော့ပေ။ ၁၉၇၉ ခုနှစ်တွင် ကွယ်လွန်သွားချိန်အထိ ရန်ကုန်သို့ပင် လာရောက်ခြင်း မရှိတော့ပေ။ ရှမ်းပြည်နယ် ကလောမြို့တွင် ကွယ်လွန်သည့် အချိန်အထိ နေထိုင်သွားခဲ့ပြီး ၁၉၈၀ ပြည့်နှစ် မေလတွင် သူကိုယ်တိုင် ရေးသားခဲ့သော 'Memoirs of the Four-Foot Colonel' ဆိုသည့် အတ္ထုပ္ပတ္တိစာအုပ် ထွက်လာသည်။
ဗိုလ်ချုပ် စမစ်ဒွန်းနှင့်ပတ်သက်ပြီး ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ဝေကာ မြဝင်းရေးသားသည့် ‘တပ်မတော် ခေါင်းဆောင်များ သမိုင်းအကျဉ်း၊ ၁၉၄၁ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အထိ’ ဆိုသည့်စာအုပ် တွင် - “ဗိုလ်ချုပ်နေဝင်းသည် ၁၉၄၈ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ ဒုတိယ စစ်ဦးစီးချုပ်နှင့် ဒုတိယ စစ်သေနာပတိ (တပ်ပေါင်းစု) အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ ဗိုလ်ဇေယျနှင့် ဗိုလ်ရဲထွဋ်တို့သည် လက်ဦးမှုရယူ အာဏာသိမ်းရေး အစီအစဉ်ကို ဗိုလ်ချုပ်နေဝင်းထံ တင်ပြခဲ့ရာ ၎င်းက သဘောမတူချေ။ ဤသို့ ပြုလုပ်လိုက်ပါက လုံခြုံရေး ကောင်စီတွင် အာဏာရထားသော ဗိုလ်ချုပ် စမစ်ဒွန်းနှင့် ကရင်ခေါင်းဆောင်များက နိုင်ငံခြား အကူအညီယူပြီး ဗမာတပ်များအားလုံး ချေမှုန်းလာပါလျှင် အထိနာမည် ဖြစ်ကြောင်း သုံးသပ်ခဲ့သည်” ဟု ရေးသားခဲ့သည်။
ထို့ပြင် ဗိုလ်ချုပ်စမစ်ဒွန်းအား အာဏာသိမ်း စစ်အစိုးရက - “တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် စမစ်ဒွန်းသည် ဗမာ့တပ်မတော်မှ တပ်အချို့ တောခိုသည်ကို အကြောင်းပြ၍ ဗမာတပ်များကို နှိမ်ခဲ့သည်။ ကရင် သေနတ်ကိုင် တပ်ရင်းများအား လက်နက်ကြီးများ နှင့် စက်သေနတ်များကို ဖွဲ့စည်းပုံထက် ကျော်လွန်၍ ထုတ်ပေးခဲ့သည်။ ဗိုလ်ချုပ် စမစ်ဒွန်းသည် စစ်ဦးစီးချုပ် အနေနှင့် ကရင် သောင်းကျန်းမှုအတွက် အခွင့်အရေး သာစေရန် ဖန်တီးနိုင်ခွင့်ကို လက်ဝယ် ရရှိထားပြီး အသုံးပြုခဲ့သည်” ဟုလည်း စွပ်စွဲရေးသား ဝေဖန်ခဲ့သည်။
မည်သို့ဆိုစေ စစ်အစိုးရ စွပ်စွဲသလို သူထောက်ပံ့ထားသည့် ကရင်သူပုန်များနှင့် ပူးပေါင်းလိုက်လျှင် ထိုအချိန်က မြန်မာနိုင်ငံရေး သမိုင်းသည် တစ်မျိုးတစ်ဖုံ ဖြစ်သွားနိုင်ပါသည်။ သို့သော် ရာထူး၊ အာဏာ အားလုံးကိုစွန့်ပြီး ရန်ကုန်ကိုပင် လှည့်မကြည့် လောက်အောင် ၊ နိုင်ငံရေး သမားများနှင့် ကင်းဝေးအောင် ဇာတ်မြှုပ်ကာ အေးချမ်းစွာ နေထိုင်သွားခဲ့သည့် အမေ့ခံ လေးပေ ဗိုလ်ချုပ်၏ဘဝကား ထူးဆန်းလှပေသည်။
Sunday,07 September 2014

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...