Friday, January 8, 2016

လုနဲ့ဝတို့ပေါင်းကြံ ဗြောင်းဆန်နေပေါ့

Tin Nyunt

မြန်မာ အမျိုးသမီး ဝန်ထမ်းတစ်ယောက်ကို တရုတ်ဝမ်ပေါင် ကုမ္ပဏီက အပြစ်ပေးတဲ့ ဖြစ်ရပ်ကတော့ အတော်လေး ခံပြင်းစရာ ကောင်းတယ်ဗျာ။
မြန်မာဝမ်ပေါင်လို့ အမည်ခံထားတဲ့ တရုတ်ကြေးနီထုတ်လုပ်ရေး ကုမ္ပဏီက ဌာနမှူးဆိုသူက ဝန်ထမ်း မကြည်ကြည်မြင့်ကို သုံးရက်တိတိ တစ်ရက် ကို ၈ နာရီတိတိ အများသူငါရှေ့မှာ မတ်တပ်ရပ်နေဖို့ အပြစ်ပေးခဲ့ ကြောင်း သိရပါတယ်။ ခုဆိုရင် မကြည်ကြည်မြင့်တစ်ယောက် စိတ်ရောကိုယ်ပါ ဝေဒနာခံစားနေရပြီပေါ့။
ဝန်ထမ်းတွေက မတရားတဲ့ အပြစ်ပေးမှု ဖြစ်လို့ သက်ဆိုင်ရာကို တင်ပြကြတယ်။ ကုမ္ပဏီ တာဝန်ရှိသူတွေက ဖြေရှင်းမပေးတဲ့အတွက် တရားရုံးကို ဆက်တိုင်ရတယ်။ အဲဒီဒေသက မြန်မာတွေဟာ တရုတ်ကုမ္ပဏီရဲ့ မတရား ဖိနှိပ်မှုတွေကို ခံနေကြရတယ်လို့လည်း သိရတယ်။ တစ်လောကပဲ တရုတ်ဝန်ထမ်းတွေက ကျကျနန ခုံတွေ စားပွဲတွေနဲ့ ထမင်းထိုင်စားနေကြချိန်မှာ မြန်မာအလုပ်သမားတွေကတော့ ကြမ်းပြင်ပေါ်ထိုင်ပြီး ဖြစ်သလို စားသောက်နေကြရတာကိုတွေ့လိုက်ရသေးတယ်။

ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးတွေက အခွင့်အရေးတွေ ပိုပြီး မတန်တဆ တောင်းနေကြတာ မဟုတ်ပါဘူး။ တရုတ် ကုမ္ပဏီလာဖွင့်ကတည်းကလည်း ပြဿနာလေးတွေနဲ့ပါ။ ဒါပေမဲ့ ကိုယ့်မြန်မာ အစိုးရကိုယ်တိုင်က ကိုယ့်လူမျိုး တွေဘက်မှာ မရှိဘဲ ပြည်ပအားကိုးပြီး ဝင်ငွေတိုးအောင် လုပ်ထားကြတာကြောင့် တရုတ်ဆိုလည်း ကြောက်ရပါ တယ်ဆိုတယ် အဖြစ်မျိုးကို သားစဉ်မြေးဆက် ခံကြရမယ်ဆိုတာကတော့ လုံးဝမတရားတဲ့ အနေအထားပဲဗျ။
ယူသူတွေက မတန်တဆယူထားပြီး အခွင့်အရေးတွေကို မတရားပေးထားတာကို ခံနေကြရတော့ လက်လုပ် လက်စားပြည်သူတွေ၊ မရှိလို့ လုပ်စားနေရတဲ့ သာမန်ပြည်သူတွေက ခံဘက်ကချည်း ဖြစ်နေတယ်။ အဓိက ပြဿနာက မြန်မာနိုင်ငံမှာ သမဂ္ဂဆိုတာ မထွန်းကားလို့ပဲ။ အလုပ်သမားတွေအတွက် အလုပ်သမားသမဂ္ဂ တွေက ထင်ထင်ပေါ်ပေါ်နဲ့ အရေးယူဆောင်ရွက်ပေးပိုင်ခွင့်တွေ မရှိသေးဘူး။
သမဂ္ဂကြောက်တဲ့ စစ်အစိုးရတွေက ခေတ်အဆက်ဆက် သမဂ္ဂဆိုတာကို နည်းမျိုးစုံနဲ့ နှိမ်နင်းခဲ့၊ ချေဖျက်ခဲ့တာ ကြောင့် ကျောင်းဆရာတွေ၊ ဝန်ထမ်းတွေ၊ အလုပ်သမားတွေ၊ တောင်သူလယ်သမားတွေ ကိုယ့်သမဂ္ဂနဲ့ကိုယ် ကိုယ့်အခွင့်အရေးတွေကို အကာအကွယ်ပေးပိုင်ခွင့်၊ တိုက်ပွဲဝင်ပိုင်ခွင့်တွေ ဆုံးရှုံးနေကြရတယ်။
ဘာပြောပြော ဖြစ်ပြီးမှ ခံပြီးမှ သေပြီးမှ လိုက်ပြီး ဖြေရှင်းနေကြရတာထက် သူတို့ကို သွားမထိနဲ့။ သူတို့မှာ အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေကို စောင့်ရှောက်ကာကွယ်ပေးနေ တဲ့သူတွေ ရှိတယ်ဆိုတာ တစ်အားပေါ့။
ခုတော့ လုနဲ့ဝ ပြေလည်ထားပြီးပြီ။ လုဆီကလည်း အပြည့်အဝရပြီးပြီ။ ဝတို့လူမျိုး ကြိုက်သလို လုပ်၊ မကျေ နပ်ရင် ဝကိုလုပ်သွားလည်း ဝတို့ကကြောက်နေရမှာပါဆိုတဲ့ အစိုးရခေတ်မှာ သူများအနှိပ်စက်ခံ ဖြစ်နေတာ ကိုယ်နဲ့ဘာမှမဆိုင်သလို မျက်နှာပြောင်တိုက်ပြီး ဆင်းသွားကြမယ့်သူတွေကို စိတ်နာမိတယ်ဗျာ။
၈.၁.၂၀၁၆

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...