Thursday, February 18, 2016

အံ့သြလွန်းလို့ သေတော့မယ် သန်း ၅၀ နဲ့ ၅၉ (စ)


ယောက်ျားပီပီ ၀န်ခံတတ်ရင်ပေါ့ဗျာ၊ ၅၉(စ)ဟာ ဒေါ်အောင် ဆန်းစုကြည် တစ်ယောက်တည်းကို ရည်ရွယ်ပြီး ဖွဲ့စည်းပုံမှာ ထည့်ထားခဲ့တာ အမှန်ပါ။ ဒါကို ၁၉၄၇ ခုနှစ်က ဗိုလ်ချုပ် အောင်ဆန်း ရေးဆွဲခဲ့တဲ့ သမ္မတ အရည်အချင်း ကန့်သတ် ချက်နဲ့ အတူတူပါဆိုတာလည်း မျက်စိမကောင်းတာ မဟုတ်ရင်တော့ ဗြောင်လိမ်တဲ့ စကားပါပဲ။

၂၀၀၈ ဖွဲ့စည်းပုံမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ရေး ကန့်သတ်ပြီး ထည့်ဆွဲတုန်းက ဒေါ်အောင်ဆန်း စုကြည် တစ်ယောက်တည်းကိုသာ ရည်ရွယ် ရေးဆွဲခဲ့တာ ဖြစ်ပေမယ့် အခုအချိန်မှာတော့ ၅၉(စ)ပြဿနာဟာ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်းရဲ့ ပြဿနာ မဟုတ်တော့ဘူးဗျာ။ NLD ပါတီ တစ်ခုတည်းရဲ့ ပြဿနာ လည်း မဟုတ်တော့ဘူး။ သန်း ၅၀ ကျော် ပြည်သူတစ်ရပ်လုံး တစ်နိုင်ငံလုံးရဲ့ ပြဿနာဖြစ်သွားပါပြီ။
ဘာဖြစ်လို့လဲ၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်အတွက် ဘာမှ ထူးခြားမှာ မဟုတ်ဘူး။ ဂုဏ်သိက္ခာပိုင်းကို ကြည့်မယ်ဆိုရင် သူ့အပေါ်မှာ နိုင်ငံတကာ က သတ်မှတ်ထားတဲ့ အဆင့်က သမ္မတ ဆိုတာထက် ဆယ်ဆလောက်မြင့်တဲ့ အာဇာနည်ခေါင်းဆောင် ဖြစ်နေ တယ်ဗျာ။
ဓနဥစ္စာနဲ့ ငွေကြေးအရ ကြည့်မလား။ မြန်မာနိုင်ငံ က သမ္မတ လစာလောက်တော့ စာထိုင်ရေးပြီး နိုင်ငံတကာမှာ ဖြန့်ချိရင် သုံးဆလောက်တော့ အသာလေးပဲဗျ။
ပြည်သူ့အတွက် သူ ကြိုးစားနေတာ အဆင့်နှစ်ဆင့် ရှိပါတယ်။ ပထမအဆင့်က အခွင့်ထူးခံ လူတစ်စုလက်ထဲက အာဏာကို မူလပိုင်ရှင်ဖြစ်တဲ့ အရပ်သား ပြည်သူတွေရဲ့ လက်ထဲ ပြန်ထည့်ပေးနိုင်ဖို့။ နောက်တစ်ဆင့်က နိုင်ငံတော် သမ္မတအဖြစ်နဲ့ ဖြစ်စေ သမ္မတရဲ့ အထက်ကနေပြီးတော့ ဖြစ်စေ၊ စုတ်ပြတ်နေပြီး လူတောမတိုးဝံ့တဲ့ နိုင်ငံအဖြစ်ကနေ သိက္ခာရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာဖို့ သူ ကြိုးစားနေတယ်။
အမှန်ကတော့ ရှင်းနေတာကို ရှုပ်အောင် လုပ်ထားတာ ၂၀၀၈ ဖွဲ့စည်းပုံပေါ့ဗျာ။ အရပ်သား ပြည်သူတွေ ရေးဆွဲခဲ့တာ မဟုတ်ဘဲ စစ်အာဏာရှင်တွေ စိတ်တိုင်းကျ ရေးဆွဲခဲ့တယ် ဆိုတော့ ဖြူစင် ရိုးသားမှု၊ မျှတမှု ရှိတာ ရှာလို့ မတွေ့နိုင်ဘူး။ ပြည်သူတွေ ကျေကျေနပ်နပ် ရေးဆွဲခဲ့တယ်ဆိုရင် ကိုယ်ကျိုး စီးပွားတွေပါမှာ မဟုတ်လို့ ဒီလို ပြဿနာ အရှုပ်အထွေးတွေ ဘယ်ရှိလာနိုင်မှာလဲ။
စစ်အာဏာရှင်ဟောင်းကြီးက ၂၀၀၈ ဖွဲ့စည်းပုံကို ရေးဆွဲခဲ့ရာမှာ ပြည်သူတွေ လက်မခံနိုင်မှန်း သိပါတယ်။ ဒါကြောင့် ရေးဆွဲစဉ်ကာလမှာ မဝေဖန်ရဲအောင် ထောင်ဒဏ် တွေ ပုဒ်မတွေနဲ့ ခြိမ်းခြောက်ထားသလို ဥပဒေကြမ်းကနေ အတည်ဖြစ်လာဖို့ကိုလည်း ဉာဏ်နီဉာဏ်နက်တွေနဲ့ ဆောင် ရွက်ခဲ့တာ အားလုံး အသိပါပဲ။ ဒီလို မမျှမတ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ ဥပဒေကို တတ်နိုင်သလောက် တည်တံ့နေဖို့ တပ်မတော်ကို လာဘ်ထိုးပြီး အစောင့်ရှောက် ခိုင်းထားခဲ့တယ် ဆိုရင် မှားမယ် မထင်ပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် တပ်မတော်ကို အသုံးချတယ်ပေါ့ဗျာ။ ဖွဲ့စည်းပုံကို အစအဆုံး ဖတ်ကြည့်ရင် “အာဏာရှင်ကြီးက တပ်မတော်ကို အမှာစကား ပါးနေတဲ့ပုံ ပေါ်လာပါတယ်။ ဘယ်လို အမှာ စကားလဲ ဆိုတော့ “မင်းတို့အတွက် အခွင့်အရေးတွေ ဒီထဲမှာ ထည့်ဆွဲ ထားပေးတယ်၊ ဒီဖွဲ့စည်းပုံ ပြင်ရင် သော်လည်းကောင်း၊ ပယ်ဖျက်ပြီး အသစ်ရေးဆွဲရင် သော်လည်းကောင်း ဒီအခွင့် ထူးတွေ မင်းတို့ ဆုံးရှုံးမှာပဲ၊ ဒီတော့ အခွင့်အရေးတွေ ဆက်ရချင်ရင် ဒီဖွဲ့စည်းပုံကို အသက်နဲ့လဲပြီး ကာကွယ် စောင့်ရှောက်ရစ်ပေတော့” လို့။ ဒီလို အမှာစကား ပါးနေ သယောင် ထင်မှတ်ရပါတယ်။
ပြောရရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံဟာ နိုင်ငံရေးနည်း၊ တစ်နည်းအားဖြင့် နှလုံးရည် အားကိုးပြီး ရေးဆွဲခဲ့တာ မဟုတ်ဘဲ လက်ရုံးရည် အားကိုးနဲ့ တစ်နည်းအားဖြင့် ဓားမိုးပြီး ရေးဆွဲခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ သြဇာအာဏာ သုံးပြီး ဇွတ်အဓမ္မ လုပ်ခဲ့တဲ့ ရလဒ်ဖြစ်ပါတယ်။
ခေတ်တွေက ပြောင်းနေတယ်ဗျ။ အချိန်ဆိုတာ ရပ်တန့်နေတာမှ မဟုတ်တာ။ ခေတ်ဆိုတာ ပြောင်းချင်သည် ဖြစ်စေ၊ မပြောင်းချင်သည်ဖြစ်စေ အလိုအလျောက် ပြောင်း နေတာမျိုးဗျ။ ဒါဆိုရင် အခု ရောက်နေတာ ဘာခေတ်လဲ မေးရင် နိုင်ငံရေးခေတ် ဖြစ်တယ်ဗျာ။ ဒါကြောင့် ဘယ် အဖွဲ့အစည်းက ခေါင်းဆောင်တွေပဲဖြစ်ဖြစ် ကိုယ် ဘယ်လို ခေတ်ထဲ ရောက်နေသလဲ ဆိုတာ အနည်းဆုံး သိသင့်တယ်။ ဘူးတစ်လုံးဆောင် အိုတောင် မဆင်းရဲဘူးဆိုတဲ့ စကားက ခေတ်မမီတော့ဘူး။
နိုင်ငံရေးခေတ်ထဲမှာ ပါးနပ်မှု ရှိရတယ်။ အမြော်အမြင် ရှိရတယ်။ ခေါင်း မမာရဘူး။ ခေါင်းမာ တာ တစ်ခုတည်း ဖော်ပြနေရင် လူအထင်သေးပြီး ဉဏ်မရှိရာ ရောက်တယ်။ အပေးအယူ လုပ်တတ် ရတယ်။ ညှိနှိုင်းတတ်ရတယ်။ ဒီနိုင်ငံထဲမှာ ကိုယ် တစ်ယောက်တည်းနေတာ မဟုတ်သလို ကိုယ့် အဖွဲ့တစ်ဖွဲ့တည်းနေတာလည်း မဟုတ်ဘူး။ သန်း ၅၀ ဆိုတဲ့ အများနဲ့ နေရတာဖြစ်တဲ့အတွက် အများ သဘောကျ ကျေနပ်အောင် ပြောတတ် ဆိုတတ်ရ တယ်။ ပြောတတ် ဆိုတတ် ညှိနှိုင်းဖို့ ဆိုတာကလည်း ဘယ်သင်တန်းကျောင်းကမှ သင်ပေးနိုင်တာမျိုး မဟုတ်ဘူး။ စာပေ ဗဟုသုတ နှံ့စပ်ရတယ်။ ပေါင်းသင်း ဆက်ဆံရေး ပြေပြစ်ရတယ်။
ဥပမာ၊ တပ်မတော် ခေါင်းဆောင်တွေ စဉ်းစားရမှာက ကိုယ်နဲ့ ထိပ်တိုက် ဆွေးနွေး ပြောဆိုနေရတာဟာ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် တည်း မဟုတ်ဘူး။ NLD တစ်ပါတီတည်း မဟုတ်ဘူး။ သတင်းမီဒီယာသမား တစ်စုနဲ့ မဟုတ်ဘူး။ သန်း ၅၀ သော ပြည်သူတွေနဲ့ ရင်ဆိုင်နေရတာသာ ဖြစ်တယ်။ ဘာကြောင့်လဲ ဆိုတော့ သန်း ၅၀ သော ပြည်သူတွေကို ကိုယ်စားပြု ထားသူတွေနဲ့ ပြောဆိုရတော့မှာမို့ပဲ။
နောင်တစ်ချိန်မှာ ခေါင်းဆောင်တွေဟာ တိုင်းပြည် အကျိုးကို ထည့်မစဉ်းစားခဲ့ဘူးလို့ စွပ်စွဲမှုတွေ မဖြစ်ပေါ်စေ ချင်ရင် အတွေး မတိမ်ဖို့ အရေးကြီးတယ်။
အခု ပြည်သူတွေ တစ်သံတည်း ထွက်နေတာက ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ခဲ့ရင် ဒေါ်အောင်ဆန်း စုကြည်အတွက် မထူးခြားပေမယ့် တိုင်းပြည် နစ်နာမယ် ဆိုတာပဲ။ ဒေါ်အောင်ဆန်းစုကြည် သမ်္မတ ဖြစ်ခဲ့ရင် နိုင်ငံတကာက လေးစားသူဖြစ်တဲ့အတွက် ဘယ်လောက်ထိ တိုင်းပြည် အကျိုးရှိမယ်ဆိုတာ ကလေးက အစ သိနေတယ်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတတောင် မဖြစ်သေးဘူး၊ သူ့ပါတီ အနိုင်ရတာနဲ့ ဒေါ်လာဈေးတွေ ကျပြီး မြန်မာ ငွေတွေ တန်ဖိုးတက်လာတယ်။ မကျစ်စဖူး ကျစ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်အဆင့်နဲ့ သူများ နိုင်ငံသွားပြီး မျက်နှာအောက်ချလို့ လက်သွားဖြန့်နေစရာတောင် မလိုဘူး။ ဓနကြွယ်ဝတဲ့ နိုင်ငံကြီးတွေကို အပေါ်စီးကနေ လာခိုင်းပြီး မြှုပ်နှံခိုင်းလို့ရတယ်။ ကူညီခိုင်းလို့ရတယ်။ ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်က ကိုယ့်ထက် ချမ်းသာတဲ့ နိုင်ငံ တွေကို အပေါ်စီးကနေ ကူညီခိုင်းလို့ရတာလဲ၊ သူက ဘာမို့ လို့လဲ မေးစရာရှိတယ်။
ဒါဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည် ဆိုတာ ဘာလဲ။ သူ သမ္မတအဖြစ် ခေါင်းဆောင်ခြင်းအားဖြင့် ကျွန်တော်တို့ နိုင်ငံသားတွေ ဘာကြောင့် မျက်နှာငယ်စရာ အကြောင်း မရှိတာလဲ ဆိုတာ ပြောရသေးတာပေါ့။
မျက်လုံးပါတဲ့သူတိုင်း မြင်နိုင်ပါတယ်။ သူ့စကား၊ သူ့အမူအရာ၊ သူ့ရုပ်သွင်ကို ကြည့်လိုက်ပါ။ ဆိတ်ကွယ်ရာရော၊ ဆိတ်မကွယ်ရာမှာပါ မဟုတ်တာ လုပ်မယ့် အရိပ်အယောင် မြူတစ်မှုန်မှ မတွေ့။ မတရားလုပ်မယ့် သဏ္ဌာန်တစ်ချက် ကလေး မပေါ်။ သူ့စိတ်ထဲမှာလည်း အလွန် ရှင်းလင်းတယ်ဗျ။ ခေါင်းထဲမှာ တိုင်းပြည်အတွက်ကလွဲရင် ဘာကိုယ်ရေး ကိုယ်တာမှ ရှိပုံ မရတော့ဘူး။ ဖားကန့်က လုပ်ကွက်တွေ၊ မိုးကုတ်က လုပ်ကွက်တွေ၊ သိမ်းထားတဲ့ မြေတွေ ဆိုတာ တော့ ဝေလာဝေးပေါ့။
ဒီတော့ ဘာဖြစ်သလဲဆိုတော့ ကမ္ဘာ့ခေါင်းဆောင်တွေ ကတောင် သူနဲ့ တွေ့တဲ့အခါတွေမှာ အထင်ကြီး လေးစားတဲ့ အကြည့်နဲ့ ကြည့်ကြတယ်။ သူနဲ့ တွေ့ဆုံစကားပြောရတဲ့ အခိုက်အတန့်ဟာ သူတို့ ဘ၀တွေရဲ့ ဂုဏ်ယူစရာ အကောင်းဆုံး အချိန်ဆိုတဲ့ မျက်နှာပေးတွေနဲ့ ဆက်ဆံ ကြတယ်။ ကိုယ့်ခေါင်းဆောင် တစ်ယောက်ကို နိုင်ငံတကာ ခေါင်းဆောင်တွေက တလေးတစားဖြစ်မှ ကျွန်တော်တို့လည်း မျက်နှာ မငယ်ရမှာပေါ့။ မဟုတ်ရင် မရှိ ခိုးနိုး၊ မရှိ ချေးနိုး။ ဘယ်နိုင်ငံ ရောက်ရောက် ကိုယ့်နိုင်ငံရဲ့ အနီရောင် ပတ်စပို့တောင် ထုတ်မပြရဲဘူးဗျာ။ အနှိမ်ခံခဲ့ရတာ ရာစုနှစ် တစ်ဝက်တောင် ကျိုးခဲ့ပြီပေါ့။ အိမ်ကွင်းထဲမှာ ကျယ်ပြီး နိုင်ငံတကာနဲ့ ကျရင် သိမ်ငယ်နေတဲ့ အာဏာရှင် ခေါင်းဆောင်တွေအောက်မှာ ကိုယ်တောင် သိမ်ငယ်ချင် သလိုလို ဖြစ်ခဲ့ရတာပေါ့။
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရင် လာဘ်ပေး လာဘ်ယူ ကိစ္စတွေဟာ သုံးသိန်းမပြောနဲ့၊ သုံးကျပ်တောင် အားပေးမှာ မဟုတ်လို့ နိုင်ငံတကာက လာရောက် ရင်းနှီး မြှုပ်နှံကြတဲ့အခါ စားပွဲပေါ်တွေ စားပွဲအောက်တွေ ရှုပ်ရှုပ် ယှက်ယှက် ပေးစရာ ကမ်းစရာ မလိုတော့ဘူး။ ဒီအခါမှာ အထူးတလည် ခေါ်နေဖို့တောင် မလိုဘဲ နိုင်ငံတကာက အလုအယက် လာကြမှာ။ တစ်နှစ်တည်းနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများလာပြီး နိုင်ငံ ခေါင်းထောင်လာနိုင် မှာ သေချာတယ်ဗျာ။ အဟောင်းထဲမှာ စားသာနေသူတွေ ကတော့ အသစ်ဘယ်ကြိုက်မှာလဲ။
နောက်တစ်ခု အရေးကြီးဆုံးက ခေါင်းဆောင် တစ်ယောက် အပေါ်မှာ ပြည်တွင်း ပြည်ပရဲ့ ယုံကြည်မှုပါ။ ဒီလို ယုံကြည်မှုမျိုး ရဖို့ဆိုတာလည်း ဒေါ်အောင်ဆန်းစုကြည် သမ်္မတဖြစ်ရေးမှ တစ်ပါး တခြား မရှိဘူး မဟုတ်ပါလားဗျာ။
ကောင်းဆက်နိုင်
kaung125@gmail.com
ပြည်သူ့အရေးဂျာနယ်၊ အတွဲ-၂၊ အမှတ်-၇၃၊

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...