Monday, February 29, 2016

မေးစမ်းပါရစေ

Tin Nyunt

သမိုင်းမှန်ကို လိုသလိုကောက်ပြီးတော့ ပြောချင်တိုင်းပြောတတ်တဲ့သူတွေကို ၁၉၄၇ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့ မြန်မာနိုင်ငံတော် တိုင်းပြုပြည်ပြုလွှတ်တော် အစည်းအဝေးအမှတ် ၄ မှာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တင်သွင်းသွားတဲ့ “လွတ်လပ်သည့် အချုပ်အခြာ အာဏာပိုင် မြန်မာနိုင်ငံတော်အတွက် ရေးဆွဲရမည့် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ပတ်သက်သည့် လမ်းညွှန်ပြဋ္ဌာန်းချက်” ဆိုတာကို ရှာပြီးတော့ ဖတ်စေချင်ပါတယ်။
အဲဒီနေ့က ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ ပတ်သက်တဲ့ လမ်းညွှန်ချက် (၇) ချက်ကို တင်သွင်းသွားပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက
“ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေဆိုတာဟာလည်း အမှန်စင်စစ်အားဖြင့် လူတွေရဲ့စေတနာ၊ လူတွေရဲ့ ရည်ရွယ်ချက်၊ လူတွေရဲ့ လိုလားချက်အားလုံးကို ဘယ်နည်းနဲ့မျှ ကုန်စင်အောင် မထည့်နိုင်ဘူး။ ဘယ်ဥပဒေမှာမှ ပြည့်ပြည့်စုံစုံ ရှိတဲ့ ဥပဒေမျိုးမရှိနိုင်ဘူး။ No Constitution in the world is perfect. ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ ဘယ်ဖွဲ့စည်း အုပ်ချုပ်ပုံ ဥပဒေထဲမှာမှ ပြည့်ပြည့်စုံစုံရှိတဲ့ ဥပဒေလို့မရှိဘူး။ အမှားအယွင်းမရှိတဲ့ ဥပဒေရယ်လို့ လုံးဝမရှိသေး ဘူး” လို့ ပြောသွားပါတယ်။

အဲဒီနေ့ကပဲ ဗိုလ်ချုပ် ထောက်ပြသွားတဲ့ အချက်တစ်ချက်ကို ပြောရဦးမယ်
“Before the law ဥပဒေ သက်ရောက်မှုမှာ တူညီရမယ်ဆိုတဲ့ သဘောကတော့ ဥပဒေရှေ့မှောက်၌ ဘယ်သူမဆို သမ္မတပဲဖြစ်ဖြစ်၊ တောသားပဲ ဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် ဥပဒေစည်းမျဉ်းကို ဖောက်ဖျက်လို့ရှိလျှင် ဖောက်ဖျက်တဲ့အလျောက် အပြစ်ဒဏ်ခံရလိမ့်မယ်” လို့လည်း ပြတ်သားစွာပြောထားခဲ့ပါတယ်။
ဗိုလ်ချုပ်ပြောခဲ့တာလေးတွေကို လိုတာလောက်ကောက်ပြီး သူတို့မလိုချင်တာတွေ ဖျောက်ထားတတ်တဲ့ အစိုးရညစ်တွေ သိစေဖို့ပါ။ ပြောရရင်အများကြီးပါဗျာ။ ဖွဲ့စည်းအုပ်ချုပ်ပုံ ရေးဆွဲရာမှာ ဘယ်လို အချက်တွေကို အခြေခံပြီး ရေးဆွဲသင့်တယ်ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်း လမ်းညွှန်ချက်တွေဟာ တကယ့် တန်ဖိုးရှိတဲ့ ကိုယ်ကျိုးမပါ တိုင်းပြည်အတွက် ကောင်းမြတ်တဲ့ လမ်းညွှန်ချက်တွေပါ။ စစ်အစိုးရမင်းအပေါင်းက လိုသလို ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ ဗိုလ်ချုပ်ပြောခဲ့ လမ်းညွှန်ချက်တွေနဲ့ ဘယ်လောက် ကွဲလွဲ နေတယ်ဆိုတာ ကိုယ်တိုင် ပြန်ဖတ်ကြည့်ကြရဲ့လား၊ ဖတ်ရော ဖတ်ဖူးကြရဲ့လားလို့ မေးစမ်းချင်တယ်ဗျာ။
၂၉.၂.၂၀၁၆

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...