Sunday, February 21, 2016

လွမ်းလောက်အောင်လုပ်ပြမှ လွမ်းရတာပေါ့

Tin Nyunt


ဖေဖော်ဝါရီလ ၈ ရက်နေ့က သတင်းလေးပါ။ စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီဆင်လွန်းနဲ့ သူ့ဇနီးဖြစ်သူ ဟိုချင်းတို့ အများပိုင်ရထားကို သူလိုငါလို တိုးပြီးစီးကြတာကို The Independent သတင်းမှာ ဖတ်လိုက်ရသဗျာ။
ဝန်ကြီးချုပ်ဆိုပြီးတော့လည်း ဘယ်သူကမှ အရေးလုပ်မနေဘူး။ လာပိုင် ထိုင်ပါဆိုပြီးတော့လည်း မျက်နှာ မလုပ်ကြဘူး။ လူတွေကလည်း ဒါဟာ ငါတို့နိုင်ငံကို ဦးဆောင်နေတဲ့ နိုင်ငံ့ခေါင်းဆောင်ကြီးဆိုတာကို မသိလို့ပဲလားတော့ မပြောတတ်ပါဘူး။
ဝန်ကြီးချုပ်ကလည်း “ငါကွ” ဆိုပြီး ရထားပေါ် တက်လာတာမှ မဟုတ်တာ။ သူလိုငါလို ဘာမှ မပိုတဲ့ အနေအထားနဲ့ ရိုးသားစွာ ရထားစီးခဲ့တာ။ ကျွန်တော် ပြောတော့လည်း ပြောတယ်ဖြစ်မယ်ဗျာ။ မပြောမပြီးလို့လည်း ပြောရပါတယ်။ သူများ ကောင်း ကြောင်းတွေ ပြောနေတာ ဒီကမကောင်းဘူးလို့ ပြောနေတာလားဆိုရင် ကျွန်တော်ကတော့ ရိုးသားစွာပဲ ဟုတ်ကဲ့ လို့ ဆိုရတော့မှာပဲ။
ကဲ … ကျွန်တော်တို့ မြန်မာနိုင်ငံက သမ္မတကြီး ငါးနှစ်တာကာလ အဖော်အပေါင်း အချွေအရံ သက်တော်စောင့် တွေမပါဘဲ ခရီးထွက်ဘူးသလား။ သူများတွေလိုပဲ ရထားတိုးစီး ကားတိုးစီးဖူးသလားဗျာ။
ကိုယ်ချင်းစာစိတ်ဆိုတာ ကိုယ်အချင်းချင်းထိတွေ့ဆက်ဆံမှ စာနာတတ်တာပါ။ သူ့ကို စာနာမှ ကိုယ့်ကို မေတ္တာ ပြန်ထားတတ်တာပါ။ ငါခေါင်းဆောင်ကြီးပဲဆိုပြီး ဟိတ်ဟန်မထုတ် ပြည်သူတွေနဲ့ တစ်သားတည်း နေထိုင်ဖို့ ဆိုတာ အထက်ရောက်လေ မလွယ်လေပဲ။ ဘာကြောင့်လဲဆိုတော့ တင်မြောက် ရင်မြောက် ဘဝင်မြောက်ပြီး အောက်ခြေကလွတ်သွားပြီလေ။ အောက်ခြေဘာကြောင့် လွတ်သလဲဆိုတော့ ပညာဆိုတဲ့ အခြေမခံလိုက်လို့ပါ။ အခြေခံမှာ အခြေခိုင်တဲ့စိတ်ဓာတ်နဲ့ စာနာစိတ်မရှိတော့ ပြည်သူဆိုတာကို သူပုန်တွေလို့ မြင်တတ်တယ်။
ပြည်သူလူထုဆိုတာကို တော်လှန်မယ့်သူတွေ ပုန်ကန်မယ့်သူတွေ ဆန္ဒပြမယ့်သူတွေ ငါ့အာဏာကို ထိပါးမယ့် သူတွေလို့မြင်လေ ပြည်သူနဲ့ ဝေးလေ ပဲ။ ပြည်သူ နဲ့ ဝေးတော့ ပြည်သူတွေ ဘာဖြစ်နေတယ်ဆိုတာ မသိတော့ဘူး။ ပြည်သူတွေလို မခံစားနိုင်တော့ဘူး။ ကိုယ်ချင်းလည်း မစာနိုင်တော့ပါဘူး။
ဘုရင်ခေတ်ကတည်းက ရုပ်ဖျက်ပြီး ပြည်သူထဲဆင်းတယ်ဆိုတာ အကြောင်းအများကြီးရှိတာပေါ့ဗျာ။ အပေါင်း အဖော် အချွေအရံတွေနဲ့ လူကြားထဲ တစ်ခါတစ်လေလာပြီး ကလေးကောက်ချီ ပြုံးပြတာလောက်ကတော့ “မလွမ်းလောက်” ပါဘူး။
ကဲ … ကြည့်လိုက်ပါ စင်ကာပူဝန်ကြီးချုပ်နဲ့ သူ့ဇနီးက ရထားကို မတ်တပ်ရပ်ပြီး စီးကြတာကို … မမြင်ဘူးရင်..
၁၉.၂.၂၀၁၆

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...