Friday, February 19, 2016

ဦးသိန်းစိန် ရဲ့ ရီပို့ကပ်

 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ သပိတ်မှောက်ခဲ့ပြီး အမျိုးမျိုး သော မဲခိုး မဲလိမ် စွပ်စွဲမှုများအကြားမှ ကျင်းပခဲ့တဲ့ ၂၀၁၁ ရွေးကောက်ပွဲ အပြီး ၈၀% နီးပါး နဲ့ အနိုင်ရကာ စစ်အစိုးရ လက်ထက်တွင် ၀န်ကြီးချုပ် တာဝန် ထမ်းဆောင်ခဲ့သူ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အဖွဲ့ ပေါ်ပေါက်လာပါတယ်။
အဲ့သည့်နောက် နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးခြင်း၊ သတင်း ဆင်ဆာ လုပ်မှုများ ဖျက်သိမ်းပေးခြင်း၊ အနောက်နိုင်ငံ နဲ့ ဆက်ဆံရေး ပြန်လည် တည်ဆောက်ခြင်း စတဲ့ လုပ်ဆောင်မှု များကြောင့် မြန်မာနိုင်ငံ ရဲ့ အထီးကျန် ဖြစ်နေမှု အဆုံးသတ်သွားခဲ့ရပြီး ကမ္ဘာ့ခေါင်းဆောင်များ နဲ့ ခရီးသွားတွေ ဒလဟော ၀င်ရောက်လာပါတယ်။

အံ့အားသင့်သွားစရာ လုပ်ရပ်အဖြစ် ၂၀၁၁ စက်တင်ဘာလမှာ အမေရိကန် ဒေါ်လာ သန်းပေါင်း ၃.၆ ဘီလီယံ တန်တဲ့ မြစ်ဆုံ စီမံကိန်း ကို ရုတ်တရက် ရပ်ဆိုင်း ပြစ်လိုက်ပြီး တရုတ်အနေနဲ့ စစ်အုပ်ချုပ်ရေး သက်တမ်း တလျောက်လုံး ရရှိလာခဲ့တဲ့ အထူး အခွင့် အရေး တွေ နောက်ထပ် ရနိုင်စရာ မရှိတော့လို့ အချက်ပြခဲ့ပါတယ်။
ဦးသိန်းစိန် ရဲ့ ခေါင်းဆောင်မှု စတိုင်က နှိမ့်နှိမ့်ချချ နဲ့ လူတွေနဲ့ ဒွေးရောယှက်တင် ဆက်ဆံမှုကို အသားပေး ခဲ့တာကြောင့် အရင် စစ်အစိုးရ အဆက်ဆက် မောက်မာခဲ့တဲ့ ခေါင်းဆောင်များနဲ့ အလိုလိုနေရင်း ကွာခြားလာတာကြောင့် ဒီလို ဆက်ဆံမှုမျိုး တသက်မှာ တခါမှ မတွေ့ဘူးခဲ့တဲ့ မြန်မာလူမျိုး အများစု အဖို့ တအံတသြ ဖြစ်ခဲ့ကြတာလည်း မဆန်းပါဘူး၊
ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာပြီး ၈ လ အကြာ ၂၀၁၁ သြဂုတ် လ မှာ သူမ နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပါတယ်၊ နိုင်ငံတကာရဲ့ အသိအမှတ်ပြု ရရှိရေး မနားမနေ လုံးပါမ်းနေရတဲ့ ဦးသိန်းစိန် အဖို့ အဘိုးမဖြတ်နိုင်တဲ့ အကျိုးတွေ ရရှိသွားခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံပြုပြင် ပြောင်းလဲရေး အတွက် ရိုးသားတဲ့ စိတ်ခံရှိပုံရတယ်လို့သာ မှတ်ချက်ပေးခဲ့ပါတယ်။
ဒီလို ပြောဆိုမှု တခုတည်း နဲ့ပဲ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် နိုဝင်ဘာလထဲ မြန်မာပြည်ကို ပေါက်ချလာပြီး နောက်နှစ်မှာ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု အတော်များများကို ဖြေလျော့ပေးခဲ့ပါတယ်။
ဦးသိန်းစိန်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတခွန်း အရေးပါ အရာရောက်မှုကို သိသွားပြီး နောက်ပိုင်းမှာ နှစ်ဦးကြား တွေ့ဆုံမှုတွေ ဆက်လက် ပြုလုပ်ခဲ့ပေမယ့် ဆက်ဆံရေး ပျက်ယွင်းလာတာ တွေ့ရပါတယ်။
၂၀၁၄ ဧပြီလမှာ ရိုက်တာ သတင်းဌာနက အရင်က ပြောခဲ့တဲ့ အတိုင်း ဦးသိန်းစိန် အနေနဲ့ ရိုးသားမှု ရှိသေးတယ်လို့ ထင်ပါသလား မေးမြန်းခဲ့မှုကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားရာမှာ ‘အရင်က ကျွန်မ ထင်ခဲ့သလိုသာ တကယ်တမ်း ရိုးသားခဲ့မယ်ဆိုရင် မြန်မာပြည်တွင်း ပြုပြင်ပြောင်းလဲမှုတွေက အခုထက်ပိုပြီး ရှေ့ကို အများကြီး ရောက်နေလောက်ပါပြီ” လို့ ဆိုပါတယ်။
သမ္မတ ရဲ့ ပြောခွင့်ရ ဦးရဲထွဋ်ကတော့ ဦးသိန်းစိန် က စီးလာတဲ့ လှေကို မလှုပ်အောင်ထိမ်းထားသူလို တိုင်းပြည်တည်ငြိမ်ရေးကို အဓိက ထား လုပ်ဆောင်ခဲ့သူ ဖြစ်တဲ့အတွက် အကျင့်ပျက် ခြစားရေး ကိစ္စတွေ နောက်ရောက်သွားခဲ့ရတယ်လို့ ပြောပါတယ်။
ဒါကိုကြည့်ရင် နိုင်ငံရေး ၊ အုပ်ချုပ်မှု ယန္တယားနဲ့ စီးပွားရေး နယ်ပါယ်တွေမှာ တနေ့တခြား သြဇာအာဏာ ကြီးမားလာနေတဲ့ စစ်တပ်နဲ့ ထိတ်တိုက်ရင်ဆိုင်လို စိတ် မရှိတာကြောင့် လူသိထင်ရှား ဖြစ်လာခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ဥပက္ခာ ပြုထားတယ်လို့ ကောက်ချက်ဆွဲလို့ရပါတယ်။ စစ်တပ်အနေနဲ့ သမ္မတ အုပ်ချုပ်မှု အပြင်ဘက်မှာ ရှိနေပြီး အဓိက ၀န်ကြီးဌာနတွေကို ချုပ်ကိုင်ထားနိုင်ခဲ့ယုံမက လွှတ်တော်ထဲမှာ အမတ်ဦးရေ ရဲ့ ၂၅% ကို ပိုင်ဆိုင်ထားပါတယ်။
လူထုအကြား တနေ့တခြား ကြီးမားလာနေတဲ့ ဆင်းရဲ မွဲတေမှု နဲ့မကြာခဏ ဆိုသလို ဖြစ်တတ်တဲ့ လူမျိုးရေး ပဋိပက္ခတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဘို့ ပျက်ကွက်ခဲ့တာကိုလည်း အပြင်းအထန် ဝေဖန်တာ ခံခဲ့ရပါတယ်။
ဦးသိန်းစိန် ရဲ့ မဟာ ရည်မှန်းချက်ကြီး ဖြစ်တဲ့ နိုင်ငံလုံးဆိုင်ရာ အပြစ်အခတ် ရပ်စဲရေး ဟာလည်း ပြီးခဲ့တဲံ အောက်တိုဘာလက လက်နက်ကိုင် အဖွဲ့ပေါင်း ၁၅ ဖွဲ့ရှိတဲ့အထဲက ၈ ဖွဲ့သာ လာရောက် လက်မှတ်ရေးထိုးခဲ့မှု နဲ့ အဆုံးသတ် သွားခဲ့ရပါတဲ့အပြင် တိုက်ပွဲ တွေ က လက်ရှိ သူ့မျက်စိရှေ့မှောက်မှာတင် ဆက်လက် ဖြစ်ပွားနေဆဲ ရှိနေရပါတယ်။
လက်ရှိမှာ ဦးသိန်းစိန် က ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပေးပြီး မရှုမလှ ရှုံးနိမ့်သွားခဲ့ရမှု အပေါ် လက်ခံကာ အာဏာ လွှဲပြောင်းရေး အစဉ် ပြေစေဘို့ ဆောင်ရွက်နေတယ်လို့ ယုံကြည်ရပါတယ်။
သို့သော်လည်း ဒီနေ့ ကယ်လီဖိုနီးယားမှာ ကျင်းပနေတဲ့ အမေရိကန်-အာဆီယံ ထိပ်သီး ဆွေးနွေးပွဲကို အကြောင်းမယ်မယ်ရရ မရှိပဲ အနီးကပ်မှ မတက်ရောက်နိုင်တော့ဟု ဆိုလာတာနဲ့ ၅၉ (စ) ပြင်ဆင်ရေးကို လူသိရှင်ကြား ကန့်ကွက်ထားမှုတွေ ဆက်စပ်ပြီး နိုင်ငံရေး လေ့လာသုံးသပ်သူတွေက သို့လော သို့လော မေးခွန်း ထုတ်လာနေပြီး ကျန်တဲ့ တလ ခွဲ အတွင်း ဘာတွေ ဆက် ဖြစ် လာမလဲ ဘာတွေ အရေးကြီး နေတာလဲဆိုတာ သတိနဲ့ စောင့်ကြည့်ကြရတော့မယ်လို့ ပြောလာနေပါတယ်။
ကိုးကား၊ ၊ Reuters News Agency
HSW

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...