Sunday, February 28, 2016

စက္ကန့်ပိုင်းအတွက်...

Nyo Tun

ဒီချုပ်လွှတ်တော် အမတ်တဦးရဲ့ ဒေါ်ခင်စန်းလှိုင်ရဲ့ အဆိုကို ထောက်ခံကြောင်း ဆွေးနွေးမှုကို ကြည့်လိုက်ရပါတယ်။ကျနော့် အမြင်အားဖြင့် ၄င်းအဆိုကို တပ်ကိုယ်စားလှယ်တွေ (လက်ရှိ လွှမ်းမိုးထားတဲ့ စစ်အာဏာအား အပါအဝင်) လူအုပ်အားနဲ့ ကန့်ကွက်တာကို မနှစ်ခြိုက်ပေမယ့် ဒီချုပ်အမတ်ဟာလည်း နိုင်ငံရေး အဆိုပြုတင်ပြပုံမှာ အများကြီးကို ချို့ယွင်းချက်တွေ ရှိနေတာကို တွေ့မြင် အကဲခတ်မိပါတယ်။ ပြောပုံဆိုပုံဟာ ဇာတ်သမား ငိုချင်းချသလို ဖြစ်နေပြီးတော့ နိုင်ငံရေးရာ အဖြေရှာဖို့ ဝိုင်းဝန်းခေါ်ဆောင် ဆွေးနွေးနေတာနဲ့ မတူ (social engineering attitude မျိုးမဟုတ်) ၊ တဖက်သူကို တိုက်မယ် ချမယ်ဆိုတဲ့ ( activist attitude) မျိုး ဖြစ်နေတာကို တွေ့ရပါတယ်။
သည်မှာ မရောထွေးစေချင်တာက နိုင်ငံပြုလွှတ်တော်အမတ်ဆိုတာမျိုးဟာ အရင်က အရေးအရာတခုကို အတိုက်သမား နိုးဆွသူ (activist) အနေနဲ့ ဆောင်ရွက်ခဲ့ကောင်း ဆောင်ရွက်ခဲ့တာ ဖြစ်ပေမယ့် တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ –– တနိုင်ငံလုံးဆိုတာ တဖက်လူနည်းစု အသိုင်းအဝိုင်းနဲ့လည်း ပတ်သက်စပ်ဆိုင် နေရတဲ့ –– လွှတ်တော်အမတ် ဖြစ်လာတဲ့အခါမှာ မိမိဟာ နိုးဆွသူပုံစံမျိုးကို လုံးဝ ချပစ်ရမှာ ဖြစ်ပြီး နိုးကြားစေသူ (questioner) ပုံစံမျိုးကို ပြောင်းလဲလေ့ကျင့် ရပါမယ်။
ကျနော် တောက်လျှောက် ရေးခဲ့တဲ့စာတွေဟာ ပြဿနာတွေ အတွက် ဖြေရှင်းဖို့ စဉ်းစားရန် မေးခွန်းတွေဖြစ်ပြီး ပြဿနာတွေကို ဖော်ပြနေတာမျိုး မဟုတ်ပါ။ ၄င်းမေးခွန်းစာမျိုးကို အတိုက်နိုးဆွသမား အရေးကဏ္ဍမျိုး ဖက်ကို ပုံစံရောယှက်ပြီး ‘ပြဿနာရှာ’ (လက်ညှိုးထိုး) တဲ့ နေရာမှာ ယူသုံးရင် အခုလိုမျိုးပဲ ရူပ်ထွေးကုန်လိမ့်မှာ ဖြစ်ပါတယ်။ နိုင်ငံရေးသမားကောင်း တယောက်ဟာ မိမိ တိုးတက်ဖို့ ဆိုတာ ပြဿနာတွေ ပြပြီး လုပ်စားတာမျိုး မဟုတ်၊ ပြဿနာအတွက် မေးခွန်းတွေ မေးနိုင်တဲ့ အရည်အချင်းမျိုးကို လေ့ကျင့်ပျိုးထောင်တာမျိုး ဖြစ်ပါတယ်။
သည်လို ဆိုလိုလို့ ဒီချုပ်အမတ်တွေ ညံ့တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ အရင် လွှတ်တော်တုန်းက ဒေါ်ခင်သန္တာ Daw Khin Thanda တို့နဲ့ တခြား ဒီိချုပ်အမတ်တွေ ဆွေးနွေးပုံတွေ ကြည့်ဖူးသလောက် ဝိုင်းဝန်းအဖြေရှာတဲ့ လူ့ဘောင်အင်ဂျင်နီယာ လမ်းကြောင်းဖက်ကို ဦးတည်မှုတွေ အများကြီး တွေ့မိပါတယ်။ အဲသည်တော့ အခုလိုမျိုး အတွေ့အကြုံ နည်းသေးတဲ့ (tune in ဂီတာ ကြိုးမညှိနိုင်သေးတဲ့) အမတ်တွေကို ဘယ်လို လုပ်ပေးသင့်သလဲ ဆိုရင် ၄င်းတို့ အနေနဲ့ အဆိုပြု မတင်ပြခင်မှာ အပြင်တွင် သူငယ်ချင်း (အမတ် ဖြစ်သည် ဖြစ်စေ ၊ မဖြစ်သည် ဖြစ်စေ) တဦးဦး (သို့) သူငယ်ချင်းများရှေ့မှာ ပမာဏ အစမ်း လေ့ကျင့်ပြောဆို၊ ၄င်းတို့ကို နားထောင်ပြီး ဝေဖန်ခိုင်းရပါမယ်။
ဒေါ်စု Aung San Suu Kyi က မိနစ်ပိုင်း စက္ကန့်ပိုင်း လက်တန်းပြောနိုင်တာကို ကြည့်ပြီး မိမိလည်း သည်လို ဖြစ်မယ်လို့ တချို့က ထင်နို်င်ပါတယ်။ တကယ်က ဒေါ်စုဟာ ပင်ကိုလည်း ပင်ကိုပေါ့၊ ဒါပေမယ့် အများပြည်သူ ပရိသတ်ရှေ့မှောက် ဒါမျိုး ပြောဆိုနိုင်အောင် အပြင်မှာ သူမဟာ အကြိမ်ပေါင်း ဆယ်လီမက ရာနဲ့ချီပြီး လေ့ကျင့်ထားခဲ့ရမယ် ဆိုတာကိုတော့ မစဉ်းစားမိကြပါဘူး။ဟုတ်ကဲ့၊ ကျနော်တို့ ပြည်သူ့အမတ် လုပ်မယ့်လူတွေ ပွဲမဝင်ခင် အပြင်က ကျင်းပလို့ အကြိမ်ကြိမ် လေ့ကျင့် စေချင်ပါတယ်။ ဒါမျိုး အသေးစိတ်လို့ ထင်ရပေမယ့် အရေးကြီးတဲ့ အဖွဲ့အစည်း တခုတွင် ပါဝင်နေတဲ့ အဖွဲ့ဝင် လူတဦးချင်းရဲ့ ချွတ်ချော်နေမှု တွေဟာ နိုင်ငံရဲ့ ကံကြမ္မာ အလှည့်အပြောင်းနဲ့ အများကြီး ပတ်သက်လာနိုင်ပါတယ်။
Win Myint

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...