Monday, February 8, 2016

မှောင်သောညများ ၊ ငြိမ်းချမ်းသော ကမ္ဘာသစ်ကြီးနှင့် ကျွန်ုပ် || မင်းဒင် ||

မင်း ဒင်

(တစ်)
ကျွန်ုပ်၏ ဘောနှစ်လုံးသည် ကျွန်ုပ်၏ ဘဝဖြစ်၏။ ထိုညက ကျွန်ုပ်၏ ဘောနှစ်လုံးကို သူခိုးလာခိုးသည်ဟု အိပ်မက်မက်သည်။ ကျွန်ုပ်သည် အိပ်ရာထက်မှ ဝုန်းခနဲထကာ ညကြီးမင်းကြီး အမှောင်ထဲမှာပင် ကျွန်ုပ်၏ ဘောနှစ်လုံးကို ယောင်ယမ်း၍ လက်ဖြင့်စမ်းကြည့်မိ၏။
အမှောင်ထဲမှာ စမ်းရသည်ကို မကျေနပ်နိုင်၍ မီးဖွင့်၍ သေချာကိုင်ကြည့်ရသည်။ အလင်းရောင်အောက်တွင် ထိုဘောနှစ်လုံးသည် တင်းမာပြောင်ဝင်းလျက် ရှိလေသည်။ တော်ပေသေးသည်။ ဘောနှစ်လုံးကား နေရာမပျက်ရှိနေ၏။

ဟင်းခနဲ သက်ပြင်းရှည်ကြီးချကာ မီးခလုတ်ကို ပြန်ပိတ်လျက် ကျွန်ုပ်အိပ်ပျော်သွားပြန်လေသည်။
ယင်းအက်ဒီဒတ် တံဆိပ် ဘောလုံးနှစ်လုံးကား ကျွန်ုပ်၏ အနာဂတ် အိပ်မက်ဖြစ်၏။ သို့ကြောင့်ပင် အစွဲအလမ်းကြီးစွာ အိပ်ရာဘေးတွင် ထားအိပ်ရင်း တကြောင့်ကျကျ ဖြစ်နေရခြင်းပေတည်း။
အနှီဘောလုံး ဤဘောလုံး နှစ်လုံးသည် ဖူးခက်မြို့ရှိ စက်ရုံထုတ် ပစ္စည်းများ လျှော့ဈေးဖြင့် တိုက်ရိုက်ရောင်းချသည့် အရောင်းဆိုင် (Out Let)တွင် ကျွန်ုပ်နှင့် ဖူးစာဆုံခဲ့ခြင်းဖြစ်၏။
တစ်ခုသော အရောင်းကောင်တာ ရှေ့တွင် စနစ်တကျ ခင်းကျင်းထားသည့် အမျိုးအမည် စုံလင်လှသည့် နိုင်ငံခြားဖြစ် အားကစား ပစ္စည်းမျိုးစုံအနက်မှ အနီအစိမ်းကွက်များဖြင့် ပြောင်လက်နေသော အက်ဒီဒတ်(Adidas) တံဆိပ် ဘောလုံးတို့ကို မြင်သော် ကျွန်ုပ်သည် အိပ်မက်မှ လန့်နိုးလာသကဲ့သို့ ရှိခဲ့၏။ ကျွန်ုပ် ငါးခူပြုံးပြုံးလျက် သင်းတို့ကို ရွှန်းရွှန်းစားစားကြီး ကြည့်လိုက်ကာ ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်မိရင်း အခန့်သင့်လေစွ၊ နေရာဖြင့်ကျချေပြီဟု ကျွန်ုပ် နှလုံးပိုက်ခဲ့၏။
ယင်းတို့တွင် ကပ်ထားသော ဈေးနှုန်းမှာ ထိုင်းဘတ်ငွေ ခြောက်ရာဖြစ်၍ များလှသည်ဟု မဆိုသာချေ။ သည်အလုံးတို့နှင့် ပတ်သက်၍ ကာလကြာမြင့်စွာက ကျွန်ုပ်မက်ခဲ့သော အိပ်မက်အား မဆိုင်းမတွ လက်တွေ့ အကောင်အထည် ဖော်ပေတော့အံ့ဟု ကျွန်ုပ် စိတ်ပိုင်းဖြတ်ခဲ့ကာ အဆိုပါဘောနှစ်လုံးကို ဝယ်ယူခဲ့ခြင်း ဖြစ်လေသတည်း။
(နှစ်)
ထိုဘောလုံးတို့ကို ဝယ်ယူစဉ်ကသော် ကျွန်ုပ်၏ စိတ်ပိုင်းဖြတ်မှုကို အတူနေတပည့်များကပင် ယုံကြည် လက်ခံကြခြင်း မရှိကြောင်း သင်းတို့၏ ကျီးမဟုတ် ကြက်မဟုတ် အောက်ကလိအာအသံများက သက်သေခံလျက် ရှိချေသည်။
“ငွေတွေ သိပ်ပေါနေသလား ဆြာ။ ကြီးကောင့်ကြီးမား အရွယ်ကျမှ ကန်နိုင်လှ တစ်လုံးပေါ့။ အခုတော့ နှစ်လုံးဝယ်တယ်ဆိုတော့ ပေါင်မရှိဘဲ ဘောကန်မလို့လား ဆြာရဲ့”
“ဟဲ့၊ သေချင်းဆိုး၊ နင့်ပါးစပ်ပိတ်။ ကမ္ဘာကြီးပေါ်မှာ ဘောလုံးရဲ့ အခန်းကဏ္ဍ ဘယ်လောက် အရေးပါနေသလဲဆိုတာ နင်မသိလေရော့သလား ကပ္ပလီရ”
“အောင်မလေး၊ သိသမှသိသိသိနဲ့တောင် နေသေးဆြာ။ အခုမန်ယူခြေကျသွားပြီ ခင်ဗျ။ ချဲလ်ဆီးလည်း ထိုနည်းလည်းကောင်းပဲ၊ ဆြာ့ဘာသာ မန်ယူကို ဘယ်လောက်ကြိုက်ကြိုက် ဒီညပွဲမှာတော့ မန်ယူဘက်က အောက်ကြေးထိုင်တာ အကောင်းဆုံးနော်”
ကျွန်ုပ်အနေဖြင့် တစ်ထွာတစ်မိုက်သော အသိဥာဏ်ပိုင်ရှင်များနှင့် စကားရှေ့ဆက်ရန် အကြောင်းမရှိလေ။ ပစ္စက္ခတ် အခြေအနေတွင် ကမ္ဘာကြီးနှင့် ပုံစံတူလုံးဝိုင်းလေသော ဘောလုံး၏ အတိမ်အနက်ကို သင်းတို့ မသိကြလေယောင်တကား။
ဘောလုံးသည် အမျိုးသားရေး ဂုဏ်သိက္ခာဖြစ်၏။ အသက်အရွယ် အတွေ့အကြုံအရ ကျွန်ုပ်သည် မြန်မာ့ဘောလုံး ရွှေခေတ်ကို ကောင်းစွာ သိမီလိုက်သူ ဖြစ်ချေသည်။ ဘပု၊ အေးမောင်ကြီး၊ အေးမောင်လေး၊ မျိုးဝင်းညွန့်၊ ဗဟာဒူး၊ စိန်ဝင်းကြီး၊
စိန်ဝင်းလေး၊ တင်အောင်မိုး၊ ဂိုးတင်အောင်၊ တင်အေး၊…စသည့် မြန်မာ့ဘောလုံး အကျော်အမော်တို့ကား ကျွန်ုပ်၏ အသည်းစွဲများ ဖြစ်ကြချေသည်။
ဘောလုံးသည် အမျိုးသားရေး အားမာန်ဖြစ်၏။
သင်္ကြန်အမြောက်တို့ တွင်တွင်ကြီး ဖောက်ခဲ့သည့် ခေတ်ကသော်….၊
မြန်မာအားကစား ကမ္ဘာကို လွှမ်းစေရမည်ဟူသော အဆံမပါသည့် အသံတို့သာ မြည်ဟီးခဲ့သည် မဟုတ်လော။ သည်အတွက် ဂုဏ်တက်ရမည့်အစား ရှက်ဖွယ်လိလိသာ ဖြစ်ခဲ့ချေသည်တမုံ့။
(သုံး)
ကျွန်ုပ်တွင် အခြားသော အကြံအစည်တစ်ခုလည်း ရှိချေသေး၏။ ဘောလုံး အားကစားသည် အမျိုးသားရေး သာမက စီးပွားရေး ခေါင်းစဉ်အောက်တွင်လည်း အကျုံးဝင်လေသေးသည်။ ကမ္ဘာဘောလုံး ဈေးကွက်ကို ရှုပါလော့။
ဂရစ်ဘာလီ (Gareth Bale) သည် တော့တင်ဟမ်မှ ရီးရဲမက်ဒရစ်သို့
ပေါင် ၈၆ သန်းနဲ့ ပြောင်းခဲ့၏။ ရော်နယ်ဒိုသည် မန်ချက်စတာမှ ရီးရဲမက်ဒရစ်ကို ပေါင်သန်းရှစ်ဆယ်နှင့် ပြောင်းခဲ့၏။ နေမာသည် ဆန်းတို့စ်အသင်းမှ ဘာစီလိုနာသို့ ၇၁.၅ သန်းဖြင့် ပြောင်းခဲ့၏။
ထိုသို့သော အကြောင်းများကြောင့် ဘောလုံး အားကစားကို မြှင့်တင်ခြင်းသည် အမျိုးဂုဏ်ကို မြှင့်တင်ရာ ကျသကဲ့သို့ နိုင်ငံခြားငွေ ဘုံးဘောလအော ဝင်မည့်အရေး ဖြစ်ရာသို့ကြောင့်ပင် ကျွန်ုပ်အနေဖြင့် အထက်က ဆိုခဲ့သော ဘောလုံးနှစ်လုံးကို ဇာတိရွှေပင်ရွာသို့
အလျင်အမြန် တင်ပို့လိုခြင်း ပေတည်း။
ကျွန်ုပ်၏ စိတ်ကူးသာ အကောင်အထည်ပေါ်ခဲ့သော် ရွှေပင်သားတို့သည်
မြန်မာ့ဂုဏ်ကို ဆောင်နိုင်ကြပေတော့မည်။ အကယ် တန္တိရွှေပင်
ဘောလုံး လက်ရွေးစင် တစ်ဦးတလေမျှ ကမ္ဘာကျော် ဘောလုံးသမား စာရင်းဝင်ခဲ့လေသော် ရွှေပင်တစ်ရွာလုံး ရှင်အဇ္ဇဂေါဏ မသည့်ကိန်း
သေချာပေါက် ကြုံတော့မည် မဟုတ်ချေလော။ ခေတ်အပြောင်းတွင်
ရွှေပင်အားကစား ကမ္ဘာကို လွှမ်းစေတော့အံ့။
ကျွန်ုပ်သည် အဆိုပါ ဘောလုံးနှစ်လုံးကို ဖူးခက်မှသည် မြန်မာပြည်နယ်စပ် ရနောင်းမြို့ဆီသို့ ကျွန်ုပ်၏ မိတ်ဆွေ ဖိလွယ်မှတစ်ဆင့် ကားကြုံဖြင့်ပို့၏။ ထိုမှတစ်ဆင့် ကော့သောင်းမြို့နေ တပည့်ကျော်ဇင်မင်းလှိုင်၏ အကူအညီဖြင့် စာတိုက်မှတစ်ဆင့် နတ်မောက်မြို့နေ အငြိမ်းစား အထက်တန်းပြ ဆရာမကြီး ဒေါ်နွယ်နွယ့်ထံ အရောက်ပို့စေ၏။
ဖူးခက်မှသည် နတ်မောက်သို့ ရောက်သည့်တိုင် ကြာညောင်းသည့် ရက်ကို
တွက်စစ်ပါက ဆယ်ရက်ခန့်ပင် တိုင်ခဲ့ချေသည်။ သို့သော်.. နတ်မောက်ရွှေပင်
ခရီးကား ကျန်နေပေသေးသည်။ ရွှေပင် ကျောင်းအုပ်ဆရာမကြီးက
ယင်းဘောလုံးတို့ကို လမ်းကြုံ ဝင်ယူမည်ဆို၍ ကြန့်ကြာချိန်ကား
ရက်သတ္တ နှစ်ပတ်ဟူ၏။
ထိုမှလွန်သော်.. ဖူးခက်မြို့မှ ပို့အပ်သော အက်ဒီဒတ် ဘောလုံးနှစ်လုံးသည်
ကျွန်ုပ်၏ ဇာတိရွှေပင်ရွာ မူလတန်းကျောင်းသို့ ဒုတ်ဒုတ်ထိ
ရောက်လေတော့သည်။
ရွှေပင်သို့ ဘောလုံးတို့ ရောက်ပြီဆိုလေသော် ကျွန်ုပ် စိတ်အား အကြီးအကျယ်
တက်ရ၏။ ကမ္ဘာ့အရေးကို မြန်မာ့အရေးနှင့် သာမက ရွှေပင်အရေးနှင့်ပါ
ချိတ်ဆက် စဉ်းစားခဲ့သော ကျွန်ုပ်၏ အိပ်မက် မကြာမီ အကောင်အထည် ပေါ်ပေတော့မည်။ အဆိုပါအရေး၊ ဘောအရေးအတွက် ရွှေပင်မူလတန်း ကျောင်းမှ
ကျောင်းဆရာကလေး မောင်ဘိုကြည်ထံ ကျွန်ုပ်ထက်သန်သော စိတ်ဖြင့် အိုဗာဆီး ကောလ်ခေါ်ကာ ဆက်သွယ် ရချေတော့သည်။
(လေး)
ဆရာလေး ကိုဘိုကြည်ကား လူထူးလူဆန်းစာရင်းတွင် စံတင်ထိုက်သူဖြစ်၏။ ဆရာအတတ်သင်ကျောင်းမှ ဆင်းရုံမက ဝိဇ္ဇာဘွဲ့ပါ ရခဲ့လင့်ကစား လုပ်သက် အနှစ်သုံးဆယ်တိုင် မူလတန်းပြ(အလယ်တန်းပြလစာ) အဆင့်တွင်ပင် ရှိနေသူတည်း။ သူနှင့် ကျောင်းဆင်းဖက်တို့ကား အထက်တန်း ကျောင်းအုပ်တို့ပင် ဖြစ်နေချေသည်။ ကံတရားကား ထူးဆန်းလှပေစွ။
“ဘိုကြည်ရေ၊ ဘောလုံးတွေရောက်ပြီဆို။ ကလေးတွေ ကန်နေကြပြီလားကွ”
“ရောက်ပြီ ဆရာရဲ့။ သို့ပေတည့် ဆရာပို့လိုက်တဲ့ ခေတ်မီဘောလုံးမျိုးတွေက နတ်မောက် မြို့ပေါ်မှာတောင် မမြင်ဖူးကြလေလေတာ့ ဆရာမကြီးက အခမ်းအနားရှိမှ ထုတ်သုံးမယ်ဆိုလား”
“သေဟဲ့နန္ဒိယ။ ကန်မှာသာ ကန်ကြပါစေ မောင်ရာ။ လိုသလောက် ထပ်ပို့ပေးမယ် မပူပါနဲ့လဟ”
“ခဏလေး ဆရာဒင်၊ ကလေးတွေကို အဲဒီဘောလုံးတွေ ချပေးပြီး
စမ်းကန်ခိုင်းကြည့်တော့ သူတို့က…မှော်ဘီဘောလုံးသာ မြင်ဖူးကြတာမို့
လန့်ပြီး မကန်ရဲကြဘူး ဆရာရဲ့။ နောက်တစ်ချက်က ဆရာရယ်၊ ကလေးတွေက ကျောင်းတက်ချိန်တောင် အနိုင်နိုင်ခင်ဗျ။ ကျောင်းချိန်ပြီးတာနဲ့ ယာထဲဆင်းပြီး ကူကြရတာမို့ ဆရာ့ဘောနဲ့ အတော်အလှမ်းဝေးနေတယ် ဆရာ”
ရုတ်ခြည်းဆိုသော် ဆရာလေးကိုဘိုကြည်၏ ဆင်ခြေဆင်လက်သည် အားပျက်ဖွယ်ဖြစ်ပါ၏။ သို့သော်… လူသားတို့၏ မလျှော့သော ဇွဲလုံ့လတို့ကြောင့်သာ ဝါးထရံတို့ပင် ချေးတုတ်ကနောင်း ဖြစ်ရချေသည် မဟုတ်လော။ အလောင်းတော် မဟာဇနက္က၏ထုံးကို နှလုံးမူပေအံ့။
“ဒီမယ် မောင်ဘိုကြည်ရဲ့ အားကစားကို မြှင့်တင်ခြင်းဟာ နိုင်ငံတော်ကို
မြှင့်တင်ခြင်း မည်သတဲ့။ ဒီတော့… ကျုပ်ပို့လိုက်တဲ့ ဘောလုံးကို ရွှေပင်ရွာ မူလတန်းကလေးတွေ မကန်နိုင်ကြဘူးဆိုရင်ဖြင့် ကန်တတ်တဲ့သူတွေသာ ကန်ကြပါ စေတော့။ ကမ္ဘာကို ရင်ပေါင်တန်းဖို့ဆိုတာ အားကစားက မူလပထမကွဲ့”
“ဟုတ်၊ ဟုတ်၊ ဟုတ်ကဲ့ပါ ဆရာဒင်။ ကန်တတ်တဲ့ သူတွေတော့ ရှိပါရဲ့”
ဤဆရာကား အနှစ်သုံးဆယ် ရာထူးမတိုးသည်မှာ သဘာဝကျလှပေ၏။ ကရုဏာဒေါသောဖြင့် လိုအပ်သည် တို့ကို ကျွန်ုပ် လမ်းညွှန်ရပြန်သည်။
(ငါး)
“အေးလေ။ အဲဒီကန်တတ်တဲ့ သူတွေကို အမြန်ကန်ခိုင်းရမယ်လဟ။ ရွှေပင်မှာ ဘောလုံးအားကစား အလျင်အမြန်
ထွန်းကားရမယ်။ ဒါမှသာ ရွှေပင်ကနေ ကမ္ဘာကျော် ဘောသမားတွေ ပေါ်ထွက်ပြီး ကမ္ဘာ့အလယ်မှာ မျက်နှာပွင့်စွာနဲ့ ရွှေပင်ဂုဏ်ကိုလည်း ဆောင် ၊ မြန်မာဂုဏ်ကိုလည်း ဆောင်၊ ရလာတဲ့ အားကစားကြေးတွေနဲ့
ရွှေပင်ရွာကို ရွှေချ…ချ..”
“နေပါဦးဆြာဒင်ရာ..။ ကျုပ်ပြောသလို ကန်တတ်တယ်ဆိုတဲ့ အသက်နှစ်ဆယ်ကျော် လူငယ်ခြေတက် ရွှေပင်သားတွေက တစ်ဝမ်းတစ်ခါးအတွက် ယိုးဒယားနဲ့ မလေးရှားတွေမှာ ရောက်ကုန်ကြပြီ ခင်ဗျ”
လူသာမန်အဖို့မူ စိတ်အပျက်ကြီး ပျက်ကာ လက်မှိုင်ချဖွယ်ဖြစ်ပါ၏။ ကျွန်ုပ်ကဲ့သို့ အာဇာနည်မျိုးကား အဘယ်သို့လျှင် လက်လျှော့နိုင်ပါ အံ့နည်း။
“ဟေ…၊ ဒါဆိုရွှေပင်က ဘယ်သူတွေ ကန်နိုင်သေးတုံးဟ”
“အင်း…၊ ငါးဆယ်တန်းတွေတော့ ကန်နိုင်လောက်ပါသေးတယ် ဆြာ”
“ဒါဆိုရင်၊ ရွှေပင်က အသက်ငါးဆယ်တန်းတွေကို အဲဒီဘောလုံးတွေ ချပေးပြီး အကန်ခိုင်းပေတော့ မောင်ဘိုကြည်။ အေး၊ ငါးဆယ်တန်းတွေနဲ့မှ တစ်သင်းစာ မပြည့်ရင် ခြောက်ဆယ်တန်းတွေကို ဖြည့်လဟဲ့။ ပြီးတော့ မူလတန်းကလေးတွေ
ဘောလုံး လှိုင်လှိုင်ကြီး ကန်နိုင်ဖို့ အက်ဒီဒတ်တွေချည်း နောက်ထပ်
သုံးဒါဇင်ပို့လိုက်မကွဲ့။ ငတို့ရွှေပင်က ကမ္ဘာကျော် ဘောသမားတွေ
ထွက်ပေါ်လာဖို့သာ လိုရင်းမဟုတ်လား”
ကျွန်ုပ်၏ တိုက်တွန်းချက်အပေါ် ရွှေပင်မှ ဆရာလေးဘိုကြည် တစ်ယောက် ခွန်းတုံ့မပြန်နိုင်ဘဲ နှုတ်ဆွံ့သွားခဲ့ပါချေ၏။ ဘဇာအရေးသည် ခေတ်သစ်ကြီးဆီသို့ ချီရာလမ်းကို နှောင့်နှေးအောင် တားဆီးနှောင့်ယှက် နိုင်ပါအံ့နည်း။
မကြာမတင်သော အချိန်ကာလ သမယတွင် ဒေါ်လာသန်းရာချီတန်သည့် အသက်ငါးဆယ်ကျော်ကမ္ဘာကျော် ဘောသမားများ ရွှေပင်ရွာမှ
ပေါ်ထွက်မလာနိုင်ဟု..အဘယ်သူ ငြင်းဆိုနိုင်ပါအံ့နည်း။
မှောင်သောညများ လွန်သော်… ငြိမ်းချမ်းသော ကမ္ဘာသစ်ကြီးကို မြင်တွေ့ရမည်မှာ ဓမ္မတာပင် မဟုတ်တုံလော။ ရွှေပင်အားကစား ကမ္ဘာကို လွှမ်းရမည်မှာ မလွှဲပါချေတကား။

မင်းဒင်
၅ ဖေဖော်ဝါရီ ၂၀၁၆ နေ့ထုတ်စောင့်ကြည့်ဂျာနယ်မှ။ ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...