Tuesday, February 23, 2016

အကယ်ဒမီရှော့လေးတစ်ကွက်လောက်

အိုဘားမား သမ္မတသက်တမ်း ကုန်ဆုံးတော့မယ်ဆိုတာ သိလို့ ရှိုက်ကြီးတငင် ငိုနေတဲ့ ကလေးမလေး တစ်ယောက်ရဲ့ ဗီဒီယို အွန်လိုင်းပေါ်တက်လာသဗျ။ ကြည့်ရှုသူပေါင်း ၂ ဒသမ ၅ သန်းကျော်သွားပြီး Comment ပေါင်းကလည်း ၁၁၀၀၀ လောက်ဖြစ်သွားတယ်။
အဲဒီ ဗီဒီယိုကလစ်လေးကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တင်လိုက်ကြတာပါ။ ဗီဒီယိုပို့တဲ့ သူက သမီးဟာ သမ္မတကြီး သက်တမ်းကုန်တော့မယ်ဆိုတာလည်း သိလိုက်ရော ရှိုက်ကြီးတငင်နဲ့ ငိုပါတော့တယ်လို့လည်း ရေးလိုက်သေးတယ်။
ကလေးက “သမ္မတက နှစ်ကြိမ်တည်းနဲ့ ပြီးသွားရောလား” လို့ ငိုပြီးပြောတော့ သူ့အမေကလည်း “ဟုတ်တာပေါ့ သမီးရယ် တို့ အခြား သမ္မတ တစ်ယောက်ကို ထပ်ရွေးပေးရတော့မှာ” လို့ ပြန်ပြောလိုက်သတဲ့။

ဒီလွမ်းမောဖွယ် အဖြစ်အပျက်လေးနဲ့ ဗီဒီယိုလေးကို အွန်လိုင်းပေါ်တင်လိုက်တော့ သမ္မတ အိုဘားမားကလည်း အဲဒီအောက်မှာ ပြန်ပြီးတော့ နှစ်သိမ့် စကား ပြန်ရေးပေးခဲ့ပါတယ်။ သမ္မတရဲ့ နှစ်သိမ့်စကားကိုလည်း Like တွေ Comment တွေအများကြီးပြန်ပြီး တုံ့ပြန်ထားကြတာတွေ့ရတယ်။
အမေရိကန်ပြည်ထောင်စုမှာ သမ္မတအိုဘားမားလက်ထက်ကျမှ ကလေးတွေက သမ္မတအပေါ် စိတ်ဝင်စားမှု ပိုများလာသလို ချစ်ခင်ရင်းနှီးမှုလည်း ပိုရှိလာတယ်လို့ သုတေသနမှတ်တမ်းတွေမှာ ဖော်ပြထားတယ်။ အဲဒါ ဘာကြောင့်လည်းဆိုတော့ သမ္မတက ဘယ်ကိစ္စကိုမဆို အသေးစိတ် အွန်လိုင်းပေါ်ကနေ ပြည်သူတွေကို တုံ့ပြန် မှတ်ချက်တွေ ပေးနေလို့ပဲ။ သူလည်း Facebook နဲ့ Twitter အတော်လေးသုံးတဲ့ သမ္မတလို့ နာမည် ကြီးတယ်။
ခုလည်းကြည့်လေ … ဘာမဟုတ်တဲ့ ကလေးမလေးတစ်ယောက်ရဲ့ ဗီဒီယိုကိုကြည့်ပြီး သမ္မတက မှတ်ချက် ပြန်ပေးတယ်ဆိုတော့ ပျော်တဲ့သူတွေ ပျော်ကြတာပေါ့။
မြန်မာနိုင်ငံမှာလည်း သမ္မတကြီး သွားတော့မယ်ဆိုတော့ အမျိုးသမီးတွေ ငိုနေတဲ့ ပုံကို နိုင်ငံတော်ပိုင် သတင်းစာကြီးတွေမှာ မျက်နှာဖုံးကနေ ဖော်ပြလိုက်တာ တွေ့လိုက်ရ
သလိုပဲ။ လွမ်းလောက်အောင် ဘာတွေ လုပ်သွားလို့ ငိုကြသလဲတော့ မပြောတတ်ပါဘူး။
ကဲ … ပြန်ဝန်ကြီးရေ … ဟိုမှာတော့ သမ္မတ အိုဘားမား ထွက်တော့မယ်ဆိုတော့ ငိုကြတာကို အွန်လိုင်းပေါ် တင်ပြီး ဝမ်းနည်းကြောင်း ပြကြသဗျ။ ပြန်ဝန်နဲ့ အဖွဲ့လည်း လံကြုတ် ဗီဒီယိုလေးတစ်ကွက်လောက် ရိုက်ပြီး သမ္မတ ဦးသိန်းစိန် ထွက်တော့မှာဖြစ်လို့ ထမီမနိုင် ပုဝါမနိုင် ထိန်းမနိုင်သိမ်းမရ ငိုလိုက်ကြတဲ့ပုံတွေကို Face book ပေါ် တင်လိုက်ပါဦးဗျာ။ အဲဒီ ဗီဒီယိုရိုက်ကွက်တွေ အဝေးကြီး သွားရှာစရာမှ မလိုတာ။ ရေဝေး လောက်သွားရိုက်ရုံနဲ့ ဖြစ်နိုင်တာပဲဟာ။ ပြီးတော့မှ သမ္မတကြီး ဦးသိန်းစိန် နုတ်ထွက်မှာဖြစ်လို့ မိဘပြည်သူတွေ ငိုနေကြတာဆိုတာ ဖတ်ကောင်းအောင်ရေးပြီး လွှတ်ထည့်လိုက်ပေါ့ဗျာ။
ကျွန်တော်က ဖြစ်လာမှာတွေ ကြိုမြင်ပြီး ပြောထားရတာ။
၂၂.၂.၂၀၁၆

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...