Tuesday, February 9, 2016

တောစည်းရိုးအစပ်က တိရစ္ဆာန်ဈေးတန်း

မှတ်စုကြမ်း

(တစ်)
ဘော်ဒါထရိတ်တဲ့။ တော ခေါင်းဆောင်ကြီးတွေရဲ့ ပုပ်စပ်တဲ့ နှုတ်ပါးစပ်ကနေ အဲသည့်အင်္ဂလိပ်စကားလုံးကြီးတစ်လုံးကြားကြားနေခဲ့မိတာ ကြာပါပေါ့။ ကြာဆို သုံးလေးငါးလလောက်တောင်မှ ရှိလေမလားပဲ။ Border က ဘော်ဒါဆိုတော့ နယ်စပ်။ Trade က ထရိတ်ဆိုတော့ ကုန် သွယ်မှု။ ၎င်းနှစ်ခုကို ပေါင်းစုလိုက်တော့ နယ်စပ်ကုန်သွယ်မှု။ အဲသဟာ ဘော်ဒါထရိတ်ပဲပေါ့။
‘‘ကျပ်တို့ တိရစ္ဆာန်လောက ကြီးတိုးတက်စေဖို့...ဘော်ဒါ ထရိတ်ကို အားပေးရမယ်’’
လူ့ရပ်လူ့ရွာကို အလည်အ ပတ်သွားရာက အပြန်မှာ ဦးသျှောင်မြေခွေးဟာ ဉာဏ်အလင်းတွေ ဘာတွေရလာတဲ့ ပုံနဲ့ သို့ကလို ထို့လို ပြောချလိုက်တဲ့အချိန်မှာနံဘေးနားမှာ ဂျက်ကွမ်းခြံကုန်းရှိ နေခဲ့တာပါ။
‘‘လေယာဉ်တွေ...ကားတွေ ရထားတွေ...သင်္ဘောတွေ..ဘဇာ မှ မလိုတော့ဘူး။ ခြံစည်းရိုးပဲ ခြား တဲ့ လူတွေနဲ့ သူ့ဟာကို ကိုယ် ၀ယ်...ကိုယ့်ဟာကို သူဝယ်... ဘော်ဒါထရိတ်နဲ့ တောဂုဏ်တင့် စေမယ်။ ဘယ့်နှယ်ရှိပါစ ဆရာကြီးဂျက်’’တဲ့။
အားရပါးရကြီးကို ပလုတ်ပ လောင်းနဲ့ ပြောနေလိုက်တာ။ ဦး သျှောင်မြေခွေးက ပြောတော့ သူ့ ရဲဘော်တိရစ္ဆာန်ကြီးတစ်စုက ခေါင်းတဆတ်ဆတ်ညိတ်ကာ ထောက်ခံသမှုပြုကြလို့ပေါ့။
နောက်တော့ သိပ်မကြာပါ ဘူး။ စုံနံ့သာမြိုင်တောကြီးရဲ့ အစပ်က လူတွေနဲ့ ထိကပ်နေတဲ့နေရာ တွေမှာ ဈေးကလေးတွေ ဈေးက လေးတွေဆိုတာ မိုးဦးကျမှိုပွင့်ကြီး များပမာ ပေါ်ထွန်းလို့လာခဲ့တော့ လေတာပါ။
(နှစ်)
အကြောင်းဖန်လာခဲ့ပြီထင့်။ တောဟာ ပြောင်းပြန်ကြီးကိုပဲ အသွင်ကူးသွားတော့လေရဲ့။ နတ်ရေကန်ထဲကို ပစ်ချပြီးတဲ့ သကာ လဆွဲမလိုက်တဲ့ပမာ စုံနံ့သာမြိုင် ဟာ မယုံစရာစတိုင်တွေနဲ့ အလန်းဇယားမှာ လမ်းသလားကာ စခန်း သွားလို့နေခဲ့ပါလေရဲ့။
ကြည့်လေ။ ဆင်ပေါက်က လေးတစ်ကောင်က အအေးဘူး ကလေးကို ထောက်ခနဲဆွဲဖောက် ကာ ပိုက်ကလေးတပ်ပြီး စုပ်လို့။ မျောက်ကလေးတစ်ကောင်က ရယ်ဒီမိတ်အာလူးကြော်ထုပ် ကလေးကို ဗြိခနဲဆွဲဖြဲကာတစ်ခု ပြီး တစ်ခုထုတ်ဝါးလို့။ သမင်က လေးတစ်ကောင်က ရယ်ဒီမိတ်ပဲ ခြမ်းကြော်ကလေးတွေကို တစ်စေ့ပြီးတစ်စေ့ဝါးလို့။ နွားကလေးတစ် ကောင်က ရယ်ဒီမိတ်နို့မှုန့်ထုပ် ကလေးကိုဖောက်ကာ လျှာနဲ့ တပျပ်ပျပ်လျက်လို့။ ပဲမှုန့်အထုပ် ကို ဖောက်ကာ လျက်နေတဲ့မြင်း။ ရယ်ဒီမိတ်နွားနို့ဘူးကို ဖောက် သောက်နေတဲ့ သိုး။ ရယ်ဒီမိတ် အသားခြောက်ထုပ်ကို ဖောက်ဝါး နေတဲ့ တောကြောင်။ ရယ်ဒီမိတ် ထမင်းခြောက်ထုပ်ကို ဖောက်စား နေတဲ့ သာလိကာ။ ရယ်ဒီမိတ် အသားတုထုပ်ကို ဖောက်စားနေ တဲ့ ဖျံကြီး။
အဲသဟာတွေအားလုံးဟာ ဘော်ဒါထရိတ်လုပ်ပြီးတဲ့ နောက် ပိုင်းမှာ စတိုင်ပြောင်းသွားတဲ့ ဂနိုင်အကြောင်းပေပဲပေါ့။
ဟောကြည့်ဦး။ ပြောရင်းဆို ရင်းမှာကိုပဲ မျောက်တစ်ကောင် က မော်တော်ဆိုင်ကယ်ကို ၀ူးဝူး ၀ါးဝါးအသံထုတ်ကာ စီးသွားလို့။ ၀ံပုလွေတစ်ကောင်ကတော့ ဘိ လပ်မြေအိတ်ကြီးတစ်အိတ်ထမ်း လာလေရဲ့။ သူနေတဲ့ ဂူကို ပြန်သ,ဖို့ဆိုလား။ သိုးကလေးတစ်ကောင်က လက်နှိပ်ဓာတ်မီးကို ဖွင့်ချည် ပိတ်ချည်လုပ်ကြည့်ရင်း သဘော ကျလို့။ အဲ...ဒရယ်ကလေးက တော့ မအူပင်ကြီးကို မှီကာ ရေဒီ ယိုတစ်လုံးကို ကလိနေလေရဲ့။
‘‘ ပြောင်××ဆင်××ကျား ရယ်၊ ကျွဲနဲ့ ယုန်ရယ်××ချေဒ ရယ်××ပျော်ဖွယ်ဖိုမ××မြူးကြ တဲ့××စုံတောမြိုင် ’’
ရေဒီယိုက ထွက်လာတဲ့ သီချင်းထဲမှာ သူ့နာမည်ပါလာ တော့ ဒရယ်က သဘောအကျကြီး ပိုကျတော့တာပေါ့။
မျောက်ဖင်နီကြီးကဖြင့် လက်ထဲက ကင်မရာကို ဘယ်တော့မှ မချစတမ်းဖြစ်သွားပါလေရော။ တွေ့သမျှ မြင်သမျှ အပင်နဲ့ အ ကောင်တွေကို ရိုက်လိုက်တာမှ တဖျပ်ဖျပ်။
အဲသည့် တိရစ္ဆာန်တွေရဲ့ လက်ထဲက လူ့ပစ္စည်းတွေ အကုန်လုံးဟာ ဘော်ဒါထရိတ်ကနေ ၀င် လာခဲ့တာတွေချည်းပါပဲ အရပ်က တို့။
(သုံး)
လူနဲ့ တိရစ္ဆာန်တောအစပ်က နေ သူ့ကုန်ကိုယ့်ကုန်သွင်းကြ ထုတ်ကြဖို့ရာ ဘော်ဒါထရိတ်ကိစ္စ လုပ်ဆောင်ကြပြီးတဲ့ သကာလ ဂနိုင်အဟောင်းဟာ စတိုင်ပြောင်းသွားတာကဖြင့် အမှန်ပါ။
သို့ကလိုနဲ့ တစ်ခုသော နွေ မိန်တပေါင်းရဲ့ နေအရှိန်စောင်း သွားတဲ့ ညနေရီရီတစ်ခုမှာ ဂျက် ဆရာကျွန်ုပ်လည်း တောစပ်တစ် နေရာက တိရစ္ဆာန်ဈေးတန်းက လေးရှိရာဆီ အလေ့အလာဆိုသ လို ရောက်ရှိသွားပါလေရောခင် ဗျ။
ကြည့်စမ်း။ တိရစ္ဆာန်ဈေး တန်းကလေးမှာ သတ္တ၀ါအသီးသီးက တောရဲ့ထွက်ကုန်တွေကို ခင်း ကျင်းလို့ ရောင်းချသမှုပြုနေကြ လေတာကိုး။
နွားမကြီးတစ်ကောင်က ပေါင်ကြီးကို ကားပေးထားရဲ့။ လူ တစ်ယောက်က အားရပါးရ နွားနို့တွေကို ညှစ်ယူလို့။ သိုးကလေး တစ်ကောင်ကကျတော့ ရပ်ပေး ထားတာ ငြိမ်နေတာပဲ။ သူ့ကျ တော့ လူတစ်ယောက်က အမွေး တွေညှပ်ယူနေတာ။ ဆင်တစ် ကောင်နဲ့ ကျွဲတစ်ကောင်ကကျ တော့ ထုံဆေးတွေဘာတွေထိုး လို့။ သူတို့က အစွယ်နဲ့ ချိုကို ရောင်းတာကိုး။ ဆတ်ကလေးက လည်း ဈေးကောင်းရတာပါပဲ။ သူ က သူ့ထွက်ခါစ ချိုနုနုကလေးကို ဖြတ်ရောင်းတာ။ သမင်ကြီး သုံးလေးကောင်ကလည်း ချိုတွေ ကို ဈေးကောင်းပေးနေမှန်းသိ တော့ ချိုဖြတ်ရောင်းတာပေါ့။ မြင်းတစ်ကောင်များဆို အမြီးက ငုတ် တိုကြီးနဲ့။ မြင်းမြီးက ဈေးကောင်း တဲ့ဥစ္စာသူလည်း မရောင်းဘဲ ဘယ် နေပါ့မလဲ။ မျောက်တစ်ကောင် ကတော့ တော်တော်လေးကို စီးပွားရေးမျက်စိရှိတာပါ။ တစ် မိသားစုလုံး ဈေးတန်းထဲရောက် လာပြီး မျောက်သွေးရောင်းတာ။ ကိုယ့်အမြီးထိပ်ကို ကိုယ့်ဓားနဲ့ ဖြတ်။ ထွက်လာတဲ့ သွေးကို လိုသ လောက်ခံ။ ပြီးရင် ပတ်တီးပြန် စည်းထားလိုက်။ မျောက်သွေးက ဈေးကောင်းတာကိုး။ ကျားသစ်ကလေးတစ်ကောင်ကတော့ သူ့အ ဘိုး ကျားသစ်သူရဲကောင်းကြီးထားရစ်ခဲ့တဲ့ ကျားသစ်အရေခွံ ကြီးကို လာရောင်းတာ။ ကြက်သီး ထလောက်အောင် စီးပွားအရှာ ကောင်းတဲ့ တစ်ကောင်က တော ၀က်။ ကြိုက်ဈေးရလို့ဆိုပြီး နား ရွက်နဲ့ အမြီးကို ဖြတ်ရောင်းပစ် လိုက်လေရဲ့။ ယုန်ကလေးတွေက တော့ နာမည်ကျော်သူတို့အမွေး တွေကိုပဲ ဖြတ်ရောင်းလေတာပါ။ စပါးကြီးမြွေကလေးတစ်ကောင် က ကျေးဇူးရှင်မိဘနှစ်ပါးရဲ့ အ သည်းဆိုလား၊ ပုလင်းကလေးနဲ့ ထည့်ပြီးရောင်းရှာပါတယ်။
ဘော်ဒါထရိတ်ဟာ လူနဲ့ တိရစ္ဆာန်တို့ရဲ့ နယ်စပ်မှာ ထွန်း ကားလို့။
(လေး)
စုံနံ့သာမြိုင်နယ်စပ်ကုန် သွယ်မှုဟာ အံ့မခန်းပါပဲ။ ဆရာ ကြီး ဂျက်ရာလို့ မြေခွေးက ဟစ် ကြွေးပါတယ်။ သူတို့ဆီက သွင်း ကိုယ့်ဆီက ထုတ်။
အမွေးတွေ၊ အမြီးတွေ၊ သွေးတွေ၊ သားတွေ၊ ချိုတွေ၊ အစွယ် တွေ၊ အသည်းတွေ၊ အရေခွံတွေ။အဲဒါတောရဲ့ ထုတ်ကုန်တွေပဲ ပေါ့။ လူတွေဆီကလာတဲ့ ဆေး စိမ်အရက်ပုလင်းတစ်လုံးထဲမှာ တောက်တဲ့ကြီးတစ်ကောင်က ကားရားကြီး။ မြေခွေးက အဲဒါ ငါတို့ရဲဘော်ကြီးဆိုပြီး ဂုဏ်ယူပါ တယ်။ တောကြက်ဥမှန်သမျှ ဈေးကောင်းရတာကြောင့် တစ်လုံးမ ကျန်ရောင်းပစ်တဲ့အခါ တောထဲ မှာ တောကြက်ပေါက်စရယ်လို့ မရှိတော့ပါဘူး။
သံဘူးတွေ၊ ကော်ဘူးတွေ၊ ပလတ်စတစ်အိတ်အခွံတွေ၊ အမှိုက်တွေနဲ့ စုံနံ့သာမြိုင်တောကြီးဟာ တောသတ္တ၀ါအပေါင်းကို လှီးခုတ်ဖြတ်တောက်ဖဲ့ရွဲ့စုပ်ညှစ်ပြီးပေးလိုက်ရတာကို အရောင်းအ၀ယ်ဖြစ်တယ်လို့ ထင်နေလေရဲ့။
တိရစ္ဆာန်တွေဟာ ဘာကို ၀ယ်ပြီးဘာကိုရောင်းရတယ်ဆို တာကိုတောင်မှ မတွက်ဆတတ် ဘဲနဲ့ နယ်စပ်မှာ ဈေးတွေခင်း ကျင်းလေသတဲ့။ ပေါင်သားကို လှီးရောင်း၊ ရင်အုံသားကို လှီး ရောင်းဖို့လည်း ၀န်မလေးကြတော့။
‘‘ကျုပ်လက်ထက်မှာ အ ရောင်းအ၀ယ်တက်လာတယ်’’ တဲ့... မြေခွေးက။ ဟုတ်ကဲ့။ အ ရောင်းအ၀ယ်တက်ပါရဲ့။ တိရစ္ဆာန်တွေရဲ့ ဘ၀ကတော့ ထိုးကျသွား လိုက်တာ။ ဟိုး...အ၀ီစိအောက် ကို နောက်ထပ်နှစ်ဆ။ ။
(ဖော်ပြပါ သရော်စာသည် စာရေးသူ ဂျက်ကွမ်းခြံကုန်း၏ အာဘော်သာဖြစ်သည်)
ဂျက် ကွမ်းခြံကုန်း
မှတ်စုကြမ်း ‪#‎kazaw‬

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...