Saturday, March 12, 2016

ဒါ … အစပဲရှိသေးသဗျ


ကမ္ဘာ့ပညာရေးအဆင့်မှာ ဂျပန်နိုင်ငံဟာ တောင်ကိုရီးယားပြီးရင် ဒုတိယနေရာမှာရှိပါတယ်။ လတ်တလော မြန်မာနိုင်ငံမှာ ရေပန်းအစားဆုံး သတင်းဖြစ်နေတဲ့ NLD ကနေ သမ္မတလောင်းရာထူးအတွက် ဦးထင်ကျော်ကို တင်သွင်းလိုက်ကြောင်း ဆုံးဖြတ်ချက် သတင်းတွေ ထွက်ပေါ်လာပြီးချိန်မှာ ဂျပန်နိုင်ငံကလည်း လက်ဦးမှုယူတဲ့ အနေနဲ့ မြန်မာနိုင်ငံကို နည်းပညာအရ အထောက်အကူတွေပေးမယ်ဆိုပြီး ထုတ်ပြန်ကြေညာလိုက်ပြီဗျ။

အဲဒါ စစ်တပ်က တက်လာတဲ့ သမ္မတနဲ့ ပြည်သူက တက်လာမယ့် သမ္မတ ဘာကွာသလဲဆိုတာ လက်တွေ့ ပြလိုက်တာပဲ။ စစ်တပ်က တက်လာတဲ့ သမ္မတတုန်းက နိုင်ငံပတ်၊ ကမ္ဘာပတ်ပြီး လိုက်တောင်းနေရတာ။ ခုတော့ နိုင်ငံတကာကနေ ကူညီပါရစေ … ကူညီပါရစေခင်ဗျ ဆိုပြီးတော့ သူ့ထက်ငါ့ အပြိုင် အဆိုင် ဖြစ်နေကြပြီလေ။ ဒါဟာ နိုင်ငံတကာ ဒီမိုကရေစီဟာ စစ်တပ်ကို အလေးထားသလား ပြည်သူကို အလေး ထား သလားဆိုတာ ကွဲပြားစွာ ခွဲခြားပြလိုက်တာပဲ။
မြန်မာနိုင်ငံကို ဂျပန်ကနေ ကမ်းလှမ်းတဲ့ အဖွဲ့အစည်းပေါင်း ၆၀ လောက်ရှိတယ်။ အဲဒီ အထဲမှာ နာမည်ကျော် ကုမ္ပဏီကြီးတွေဖြစ်တဲ့ Mitsubishi နဲ့ Hitachi တွေလည်း ပါတယ်။ တိုကျိုတက္ကသိုလ်ကတောင် နည်းပညာနဲ့ ပတ်သက်တာတွေကို မြန်မာနို င်ငံမှာ လာသင်ပေးမယ်လို့ ကမ်းလှမ်းခဲ့တယ်။
ဂျပန်က ကမ်းလှမ်းတဲ့အထဲမှာ မြန်မာနိုင်ငံက အစွမ်းအစရှိတဲ့ လူငယ်တွေကို ဂျပန်ခေါ်ပြီး လေ့ကျင့် ပျိုးထောင် ပေးမယ့် အစီအစဉ်တွေလည်း ပါတယ်။ ဂျပန်ကတော့ မြန်မာ့စီးပွားရေး အရှိန်နဲ့ တိုးတက်ရေးကို အားပေးမယ် လို့ဆိုထားပါတယ်။
စစ်အစိုးရခေတ်တစ်လျှောက်လုံး ပြည်ပအားကို ပုဆိန်ရိုးဆိုပြီး နိုင်ငံခြားနဲ့ ဆက်ဆံရင်ပဲ ဘာဖြစ်တော့မလိုလို ညာဖြစ်တော့ မလိုလို သူတို့ကလွဲပြီး ဘယ်သူမှ အမျိုးမချစ်တော့သယောင် ပြောနေတဲ့သူတွေကတော့ ဒီလို နိုင်ငံတကာက အထောက်အကူတွေ ပေးမယ်လို့ ပြောလာတာကို “တွေ့တယ်မဟုတ်လား အမျိုးသားရေး တော့ ရင်လေးစရာပဲ” လို့ ပြောကောင်းပြောမယ်ပေါ့။
အေးဗျာ ခင်ဗျားတို့တောက်လျှောက် တရုတ်အားကိုးခဲ့တာနဲ့ နှိုင်းယှဉ်လိုက်ရင် ဂျပန်အားကိုလိုက်တာ ဘာကွာ သွားသလဲဆိုတာ စောင့်ကြည့်ကြပေါ့ဗျာ။ လက်တွေ့မှာတော့ တရုတ်အားကိုးလိုက်တာ တိုင်းပြည်က ပြောင် တလင်းခါ၊ မန္တလေးက တရုတ်လက်ထဲပါ၊ ပညာရေးကလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံလို့ ယောင်အော်ရတဲ့ အထိ ဖြစ်ခဲ့ရတာပါ။
ကြည့်နေဗျာ … ဒါအစပဲရှိသေးတယ်။ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် စိန်နားကပ်အရောင်နဲ့ ပါးပြောင် ကြရဦးမှာ။ အဲဒီအချိန်မှာ စစ်အစိုးရခေတ်တောက်လျှောက် သွားပုပ်လေလွင့်ပြောခဲ့ကြတဲ့သူတွေ ဘယ်လို မျက်နှာနဲ့ နေကြမလဲဆိုတာ ကြည့်ရဦးမယ်။
မြန်မာ့ပညာရေးမှာ နည်းပညာမကူဘဲ ဝုန်းဒိုင်းနဲ့ ထိုးမတက်သွားနိုင်ဘူးဗျ။ သမ္မတတောင် တင်မြှောက်ရသေး တာမဟုတ်ဘဲ သမ္မတစာရင်းလေး ထုတ်ပြန်လိုက်တာနဲ့ ကမ္ဘာကတုံ့ပြန်တာကိုကြည့်ပြီး အားရပါတယ်။ စစ်တပ်အစိုးရတွေတက်တုန်းက၊ စစ်တပ်တင်တဲ့ သမ္မတတက်တုန်းက ဘယ်နိုင်ငံကမှ ထောက်ခံချက်မပေးမီ တရုတ်ကအပြေးလေး ထောက်ခံပြီး ဝမ်စွေ့ … ဝမ်စွေ့ … ဝမ် ဝမ် စွေ့ လုပ်တာနဲ့တော့ အများကြီး ကွာသဗျာ။
၁၀.၃.၂၀၁၆
Credit: Tin Nyunt

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...