Tuesday, April 12, 2016

အရပ်ဘက် - စစ်ဘက်ဆက်ဆံရေး

The Mirror Daily

မြန်မာနိုင်ငံမှာ ပြည်သူလူထုရဲ့ သောင်ပြိုကမ်းပြိုဆန္ဒမဲတွေနဲ့ လူထုအစိုးရသစ် တက်လာပြီဖြစ်ပေမယ့် ပြည်ထောင်စုဝန်ကြီးဌာနအားလုံးကို တိုက်ရိုက်ကိုင်တွယ်ခွင့်တော့ မရှိသေးပါဘူး။ ပြည်ထဲရေးဝန်ကြီးဌာနဟာ တပ်မတော်ရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာရှိတဲ့ ပြည်ထောင်စုဝန်ကြီးဌာနတွေထဲက တစ်ခုပါ။ ဒါဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ သတ်မှတ်ပြဋ္ဌာန်းချက်ကြောင့်ပါ။ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဟာ ပြည်သူလူထုရဲ့ နေ့စဉ်ဘဝကိစ္စရပ်တွေကို ကိုင်တွယ်ရတဲ့ ဦးစီးဌာနပါ။ ဒါကြောင့် အနာဂတ်မှာ လူထုအစိုးရရဲ့ မူဝါဒတွေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံတွေမတူတဲ့ ကွဲပြားတာမျိုးတွေရှိလာနိုင်ပါတယ်။ ဒီမတူကွဲပြားမှုကြောင့် ပဋိပက္ခအသွင်ဆောင်တဲ့ မြင်ကွင်းတွေကိုလည်းတွေ့လာရနိုင်ပါတယ်။ ဒီလို ပဋိပက္ခတွေကြုံတွေ့တဲ့အခါ ကိုယ့်ရပ်တည်ချက်ကို အသေဆုပ်ကိုင်ပြီး စိုးရိမ်တကြီးကိုင်တွယ်တာမျိုးကို ရှောင်ရှားသင့်ပါတယ်။ မတူကွဲလွဲမှုတွေကို ဖြေရှင်းမညှိနှိုင်းနိုင်ခဲ့ရင်တောင်မှ အပြီးသတ်ရလဒ်အပေါ် တစ်နည်းနည်းနဲ့ ထိန်းညှိပေးနိုင်မယ့် နည်းလမ်းမျိုးကို ကြိုးပမ်းရှာဖွေသင့်ပါတယ်။
အခြားနိုင်ငံရေးအင်အားစုတွေနဲ့ သတင်းမီဒီယာတွေကလည်း ဒီလိုပဋိပက္ခတွေ အပေါ် ထိန်းထိန်းသိမ်းသိမ်း ဝေဖန်သုံးသပ်သင့်ပါတယ်။ မီးလောင်ရာ လေပင့်သဘော မလုပ်သင့်ပါဘူး။ တိုင်းပြည်ရဲ့ ကိစ္စရပ်တွေကိုင်တွယ်ရာမှာ လူထုအစိုးရနဲ့ တပ်မတော်အကြား မညှိနှိုင်းနိုင်ခဲ့ရင် တိုင်းပြည်ရဲ့ အနာဂတ်ဟာ ဘယ်လိုမှမကောင်းနိုင်ပါဘူး။
ပြောရရင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အကြောင်းပြုပြီး ဖြစ်လာတဲ့ ပဋိပက္ခတွေကိုင်တွယ်ရာမှာ ပိုပြီးသတိထားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့လူထုအစိုးရနဲ့ တပ်မတော်ဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ် မတူကွဲပြားတဲ့သဘောထားအမြင်တွေ ရှိနေလို့ပါ။ အခြေခံအကြောင်းရင်းဖြစ်တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ဆောင်ရွက်မပြီးမချင်း သဘောထားကွဲလွဲမှုတွေ ရှိနိုင်တယ်ဆိုတာကို နှလုံးသွင်းလိုက်မယ်ဆိုရင် စိုးရိမ်တကြီးကိုင်တွယ်တာမျိုး၊ လိုရာဆွဲတွေး ပုံကြီးချဲ့တာမျိုးကို ရှောင်ရှားနိုင်မှာပါ။ ဒီနေရာမှာ ဘယ်ဘက်ကပဲ ဖြစ်ဖြစ် ဖိအားပေးဆောင်ရွက်လိုက်ရင်တော့ အဖြေထွက်မှာပဲဆိုတာမျိုး အစွန်းမရောက်ဖို့လိုသလို အလျှော့ပေးလိုက်လျောလိုက်ရင် နားလည်မှုတွေ ရှိမှာပဲဆိုပြီး အလွယ်တွေးတာမျိုးလည်း မလုပ်ဖို့လိုအပ်ပါတယ်။
ဒီအကြောင်းတွေကို ပြောနေရတာဟာ မြန်မာနိုင်ငံဖြတ်သန်းခဲ့ရတဲ့ သမိုင်းကြောင်းကြောင့်ပါ။ ၁၉၆၂ ခုနှစ်ကစပြီး တပ်မတော်ဟာ မြန်မာ့နိုင်ငံရေးမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့တဲ့အတွက် ၂ဝ၁၅ ရွေးကောက်ပွဲ အလွန်မှာ လူထုအစိုးရနဲ့ တပ်မတော်အကြား ပဋိပက္ခတွေ ရင်ဆိုင်လာရနိုင်တယ်။ အတိမ်းအစောင်းမခံတဲ့ အရပ်ဘက် - စစ်ဘက် ဆက်ဆံရေး အခြေအနေတစ်ရပ်ကို ရင်ဆိုင်လာရနိုင်တယ် စတဲ့ စတဲ့ ဝေဖန်သုံးသပ်ချက်တွေကို ပြည်တွင်းမှာရော ပြည်ပမှာပါ ကျယ်ကျယ်ပြန့်ပြန့် ကြားနေရပါတယ်။ ဒီလိုသုံးသပ်ဝေဖန်မှုတွေ ကြားထဲကပဲ ပြည်ထောင်စုလွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ခန့်အပ်တဲ့အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေ သဘောကွဲလွဲကြပါတယ်။ များသူအနိုင်ယူ ဒီမိုကရေစီကျင့်စဉ်ဆိုတဲ့ အသံတွေလည်း ထွက်လာပါတယ်။ ပြဿနာရဲ့ အခြေခံအကြောင်းရင်းက ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ။ တိုင်းပြည်ကိုဦးဆောင်ဖို့ ပြည်သူလူထုက ယုံယုံကြည်ကြည် တာဝန်ပေးအပ်ခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်က ပုဒ်မ ၅၉(စ) ကြောင့် သမ္မတမဖြစ်နိုင်တဲ့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိစ္စ ပေါ်ပေါက်လာရတာပါ။ တိုင်းပြည်အနာဂတ်ကို အင်ပြည့်အားပြည့် ပုံဖော်ဖန်တီး နိုင်ဖို့ဆိုရင် တိုင်းပြည်ရဲ့လိုအပ်ချက်တွေနဲ့ အံဝင်ခွင်ကျမဖြစ်တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မလွှဲမသွေပြင်ဆင်ရမှာပါ။ ဒီအချက်ကိုသာ နှလုံးသွင်းရင် လူထုအစိုးရနဲ့ တပ်မတော်အကြား အဆင်ပြေချောမောတဲ့ အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးတစ်ရပ်ကို ထူထောင်နိုင်မှာပါ။
8.4.2016...ကြေးမုံ ဆောင်းပါး
ကိုဝ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...