Friday, April 29, 2016

ငရဲမီးမကြောက်တော့သူများ

Lin Nway Eain

ဒီပန်းချီရဲ့မူလအတွေးပိုင်ရှင်က ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသားဟောင်း ပန်းချီဆရာ ကိုတင်အောင်မြင့်ပါ။ သူနဲ့ကျနော်က ၁၉၉၉ ခုနှစ်မှာမြင်းခြံထောင် ထဲဆုံခဲ့ပါတယ်။ အဲဒီကာလကမြင်းခြံထောင်ဟာ နိုင်ငံရေး အကျဉ်းသားတွေကို အရက်စက်ဆုံးဖိနှိပ် ထားတဲ့နေရာတခုပါ။ တခန်းနဲ့တခန်း ဆက်သွယ်လို့မရ။ စကားပြောခွင့် ဟင်းနဲ့စားစရာမျှဝေခွင့်တွေအားလုံးပိတ်ထားပါတယ်။ ခိုးဝှက်ပြီးမျှဝေတာ မိသွားရင်ပေးတဲ့ လူရော ယူတဲ့လူပါ တိုက်ခန်းကနေခေါ်ထုတ် သွားပြီး ဝိုင်းရိုက်ပါတယ်။
အဲလိုအရိုက်ခံရတာများလို့ အဘေီအက်စ် ဒီအက်ဖ်က ကိုအောင်စွမ်ဆိုစိတ်ဖောက်သွား တဲ့အထိဖြစ်ပါတယ်။ သူ့ကိုအချိုမှုန့်ပေးတဲ့ သင်္ဃန်းကျွန်းက ဆံသဆရာကြီးဦးတင်ဦး ဆိုလဲ တော်တော်အနာခံလိုက်ရပါတယ်။ ၁၉၉၉ နှစ်ကုန်လောက်ရောက်တော့ နိုင်ငံတကာဖိအားတွေအရ စစ်အစိုးရက အိုင်စီအာရ်စီ အပြည်ပြည်ဆိုင်ရာကြက်ခြေနီ အဖွဲ့ကို ထောင်ထဲဝင်ကြည့်ခွင့်ပေးလိုက် ရပါတယ်။ ဒါနဲ့ကျနော်တို့လဲ သူတို့ကို ထောင်ထဲကအခြေအနေတွေအားလုံးပြောပြ၊ သူတို့ကလဲ တင်းကြပ်နေတဲ့အခြေအနေ ကိုပြေလျော့အောင်ဆောင်ရွက်ပေးတော့ ကျနော်တို့နိုင်ငံရေးအကျဉ်းသားတွေ နေထိုင်ရတာ နည်းနည်းချောင်လည်သွားပြီး တယောက်နဲ့တယောက်စကားပြောခွင့်ရလာပါတယ်။ ဒီတော့ကျနော်က အင်းစိန်ထောင် မှာလုပ်ခဲ့ဖူးတဲ့သိုးမွှေးချည်ရောင်စုံနဲ့ ပန်းချီကားထိုးတာကိုပြန်လုပ်ပါတယ်။ အဲတော့ ကိုတင်အောင်မြင့်က ပန်းချီ ပန်းပု အနုပညာတော်တော်တတ်ထားတဲ့လူငယ်တယောက်ဖြစ်နေတာသိရပြီးသူ့ကို ခင်ဗျားကြိုက်တဲ့ပုံတပုံကောက်ကြောင်းဆွဲပေးပါဆိုပြီးပိတ်ဖြူစလေးပေးလိုက်တော့ သူက အခုမြင်ရသလို ဗျိုင်းဖြူတကောင် အစိမ်းရောင်မြက်ရိုင်းတော ထဲလျှောက်သွားနေတဲ့ကောက်ကြောင်းဆွဲပေးပါတယ်။ ကျနော်က သိုးမွှေးချည်နဲ့ ပန်းချီဖြစ်အောင်ဖန်တီးပါတယ်။ ဒီပန်းချီအတွက်ဘယ်လိုအာရုံရတာလဲမေးကြည့်တော့ ကိုတင်အောင်မြင့်က သူ ၇ တန်းကျောင်းသားအရွယ်မှာ တက္ကသိုလ် သမဂ္ဂမြက်ခင်းပြင်ရှေ့ကနေကျောင်းကိုဖြတ်သွားတိုင်း သမဂ္ဂမြက်ခင်းပြင်မှာ ဗျိုင်းတွေတွေ့ရတတ်တာကို ဖေါ်ကျူးလိုက်တာတဲ့။ ကျနော်လဲပိုပြီးသဘောကျသွားတယ်။ ဒါနဲ့ထိုးပြီးသားချည်ပန်းချီကို တိုက်ခန်းမှာပဲ သိမ်းထားနိုင်တော့ ထောင်မှာနှစ်ပတ် တခါလောက် အခန်းတွေထဲဝင်ပြီး ရှာဖွေရေးလုပ်တဲ့တခေါက်မှာ ဝါဒါတွေတွေ့သွားပြီးထောင်မှူးကြီးဆွေတင်ဆိုတဲ့လူကိုအပ်လိုက်ပါတယ်။ တခြားပန်းချီကားနှစ်ချပ်လဲပါပါသေးတယ်။ အဲဒီကျနော့်ပန်းချီတွေကို ထောင်မှူးကြီး သိမ်းသွားပါတော့တယ်။ ကျနော်ကအခုပြီးခဲ့နှစ်မှာ အဲဒီပန်းချီကိုဖုန်းက အပလီကေးရှင်းပေါ်မှာ ပြန်ပြီးကောက်ခြစ် ထားတာပါ။ ကိုတင်အောင်မြင့်ကတော့ အခုစိတ်ဝေဒနာခံစားနေရတယ်လို့ကြားရပါတယ်။ ကိုအောင်စွမ်တော့ ဘယ်လိုအခြေအနေရောက်နေမလဲသတင်းမရတော့ဘူး။ ဘဘဦးဝင်းတင်ရဲ့စကားလုံးအရဆို ကျနော်တို့ လူ့ငရဲတွေဖြတ်သန်းခဲ့ပြီးပြီ။ ငရဲကပြန်လွတ်လာသူတွေဘဝပြောစရာတွေဒုနဲ့ဒေး။ ပြန်ပြောဖို့တော်တော်ခက်ပေမယ့် မပြောရင်တာဝန်ကျေမှာမဟုတ်ဘူး။ နောက်ပိုင်း စိတ်ပါရင်ပါသလိုပြောပါဦးမယ်။ သေချာတာကတော့ ငရဲကလာသူတွေ ငရဲမီးမကြောက်တော့ပါဘူး။
လင်းနွေးအိမ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...