Monday, April 4, 2016

အဘနာမ- ဝေဒနာသည်


..
မန္တလေးတိုင်းဝန်ကြီးချုပ်ကို အရွယ်အရ တချို့က အဘလို့ခေါ်ကြတဲ့အခါ သူ့ကို အဘ လို့ မခေါ်ကြဘို့ သူ့အရပ်သူအရပ်သားတွေကို ပန်ကြားတဲ့အကြောင်းဖတ်ရပါတယ်။ အဲဒီ ဝေဒနာကို ကျွန်တော်နားလည်သလို ပြန်မျှဝေချင်ပါတယ်။ သက္ကရာဇ်၂၀၀၀ ခုနှစ်တ၀ိုက် ရွှေဘိုနရသိန်မှာ- ရွှေဘိုနယ်သားလူငယ်လေးများနဲ့ ဆုံရစဉ် က ပါ။ သူတို့က - ကျွန်တော့်ကို ဆရာကြီးလို့စခေါ်ခဲ့တဲ့အချိန်။ ကျွန်တော်လည်း အဲလိုဝေဒနာမျိုးကိုရခဲ့ဖူးပါတယ်။ . အဲဒီအချိန် ရွှေဘိုသားလေးတွေကတကယ်ကို ကံဆိုးမိုးမှောင်ကျလာကြသူတွေပေါ့ ။ သူတို့မြို့မှာ ရဲတပ်ဖွဲ့ဝင်တယောက်က အဝေးသင်တက္ကသိုလ်ကျောင်းသူတယောက်အပေါ်မဟားဒယားအဓမ္မအမှု-တခုဖြစ်ခဲ့တယ် ။ဒါကို အဝေးသင် တက္ကသိုလ်ကျောင်းသားတွေ မခံမရပ်နိုင်လို့ ဆန္ဒပြကြ ရဲစခန်းကို ၀ိုင်းကြတဲ့အခါ ခယက က အဲဒါ ရုန်းရင်းဆန်ခတ်ဖြစ်စေမှုဆိုပြီး ကျောင်းသားတွေကို အတင်းလိုက်ဖမ်းပါတယ်။ ရဲတွေက အဓိကကျတဲ့ နယ်ကျောင်းသားတွေကို တကယ်လိုက်ဖမ်းရမယ့် အစားမြို့ခံအရပ်သားလူငယ်အများအပြားကိုဖမ်း။ ထောင်ထဲထည့်ပြီး အတင်းရိုက်နှက် စစ်ကြောဝန်ခံခိုင်းတာ- အမှုစွဲ တင်တာ- လုပ်ကြပါရော။
. သူတို့တွေ အတော်နှိပ်စက်ခံရရှာပါတယ်။ တချို့ များ ညိုသကျဉ်းကို ၀ါးလုံးနဲ့ တက်နင်း ဖိကြိတ် တဲ့အထိလုပ်ခံရတော့ အရေပြားတွေလန်ကျ သွေးစိမ်းရှင်ရှင်ထွက်တဲ့အထိ ဖြစ်ရတာကိုမြင်ခဲ့ရတယ် ။ တနေ့တာ စစ်ကြောရေးပြီးလို့-အာဏာပိုင်တွေမှာ လူသိမခံရဲ ရဲအချုပ်လည်း ထားလို့ မဖြစ်တဲ့ အမှုတွေဆိုတော့ နောက်ဆုံး ကိုယ်တွေနေတဲ့ ထောင်- တိုက်ထဲပြန်ပြန် လာထည့်ကြ။ ကျွန်တော်တို့ နဲ့ ကံဆုံကြချိန် - အစပေါ့ ။ သူတို့လေးတွေကနယ်ခံ ဆိုပေမယ့် ကျွန်တော်တို့ကအိမ်ရှင် ။သူတို့က ဧည့်သည်။ . အဲဒီအချိန်သူတို့ ဘ၀မှာ ကမ္ဘာပျက် နေတာ။ လောင်မီးကျနေတာ။ ဒုက္ခတွင်းနက်ကြီးထဲကျနေတာ ။ ကျွန်တော်တို့တတွေ ဘယ်နေနိုင်ကြမလဲ။အာဏာပိုင်တွေက မတွေ့ရဘူး ညွှန်ကြားထားလည်း ခိုးတွေ့။ ခိုးကျွေး။ ခိုးဆေးကု။ သူတို့ကိုအားပေးရတာပေါ့။ အကိုက်အခဲပျောက်ဆေး။ ဒဏ်ကြေလိမ်းဆေး။ အနာကျက်ဆေးတွေ ကလည်း ကျွန်တော်တို့ဆီမှာအဆင်သင့်တဲ့အချိန်တွေကိုး ။ တဖက်က အားသာပေးနေ တာ ။ အတွေ့အကြုံ တွေက သင်ပြီးသားမို့ သူတို့တွေ အစား ခံရတော့မယ်ဆိုတာ သိ။ စိတ်ထဲ မကောင်းကြ ဘူး။ . သူတို့ အသက်တွေက ကျွန်တော်နဲ့ အတော်ကွာပြီးငယ်ကြ- သူတို့မိဘများနဲ့မှကိုယ်ကရွယ်တူ။ သူတို့ကို ဆေးကုတဲ့ ဆရာအို ကို ဆရာကြီးလို့ ခေါ်တာသူတို့ မလွန်ပါဘူး။ အဲလိုမခေါ်ပါနဲ့ဗျာလို့ပြောလည်း မရဘူး ။ သူတို့ကရိုသေသမှု ဂါရ၀နဲ့ ခေါ် ။ ကိုယ်က ပြဿနာက၊ ကိုယ့်ဝေဒနာနဲ့ ကိုယ်။ ကိုယ့်ဝေဒနာကို သူတို့မသိ။ ကိုယ့်ကို ဆရာကြီးလို့ ခေါ်ရင် စိတ်က ရေကြည်အိုင်ကိုပြန်-ရောက်ရောက်သွားတတ်တာ။ . ရေကြည်အိုင်မှာ ခေါင်းစွပ်နဲ့ စစ်ကြောရေးဝင်နေခဲ့တုန်း ဟုတ်ကဲ့ဆရာကြီး ဆိုတဲ့အသံကို ဘ၀ အမှောင်မှာ စိတ် အမှတ်မှား -မိခဲ့ပုံရပါတယ်။ အဲဒါ ကြားလိုက်ပြီးရင်ခံရတော့မယ်ဆိုတဲ့ စိတ်အမှတ် ။ လူတယောက် ၀င်လာတာကို ကျွန်တော်မမြင်လိုက်နိုင်ဘူး။ ကိုယ့်ကိုစစ်ဆေးနေသူဆီ က -ဟုတ်ကဲ့ဆရာကြီး ဆိုတဲ့ ပြောသံတခုကိုသာ သတိထားမိ။ခဏနေရင် မေးခွန်း အသစ်အသစ်တွေတက်လာတယ်ဆိုတဲ့ အသိ ။ နောက်ထပ် အရိုက်ခံရတော့မယ်။ အထောင်းခံရတော့မယ်ဆိုတဲ့အသိ ။ ဒါမျိးဆက်တိုက်-ထပ်ထပ် ဖြစ်လိုက်တဲ့အခါ အဲဒီအသိ အစွဲကပ်သွားတယ်။ ဆရာကြီး ဆိုတဲ့ခေါ်သံဟာ ကျွန်တော့် အတွက် ခေါင်းနပန်းကြီး-ခြောက်ခြားရတဲ့ အသံ။ နမိတ်မကောင်းတဲ့ ခေါင်းလောင်းကွဲအသံ -တကယ့် ဝေဒနာရဲ့ရှေ့ပြေး ။ အဲလို စိတ်မှာဒဏ်ရာ-ပါ သွားလိုက်တာ။ ဒါမျိုးအဖြစ် ပုံစံတူ ကို စိတ္တဗေဒသိပ္ပံ ဓါတ်ခွဲခန်းတွေမှာ ကြွက်တွေ မျောက်တွေနဲ့ စမ်းသတ်ကြည့်လို့ရနိုင် တာ တချို့ ဖတ်ဖူးကြမယ်ထင်ပါတယ်။ . . ဖမ်းလာတဲ့ ရွှေဘိုလူငယ်လေးတွေထဲကတချို့ကိုပြန်လွှတ်တယ်။ သူတို့ထဲက ၇ယောက်ကိုတော့ ချန်ထားပြီး ၇နှစ်ဆီထောင်ချပလိုက်တယ်။ သူတို့နဲ့ ကိုယ်နဲ့ ဆွေမျိုးတွေဖြစ်လာရော။ သူတို့က ဆရာကြီးလို့ဆက်ခေါ်ကြတယ်။ ပြောလို့လည်းမရ။ ဘာရယ်မှ မသိကြတာ။ တချို့ကတော့ ဘဆိုင်းလို့ပြောင်းခေါ်ကြပါ တယ်။ တချို့ကတော့ နှုတ်ကျိုးနေလို့ မပြင်တော့ ဘူး။ကိုယ့်က အဲဒီလိုခေါ်ခံရရင် နိမိတ်ပုံရိပ်ဆိုး- ဝေဒနာပြန်ပြန်ကပ် ။ အဲဒါ စိတ် ဒဏ်ရာအကြွင်းအကျန်တွေ ကလွဲလို့ ဘာရှိမလဲ။ . တကယ်ဆို အဘ ဆိုတဲ့ ဝေါဟာရက ယဉ်ကျေးတဲ့ ဂါဝရတရားနဲ့ ရိုသေသမှု အသုံးတခုဖြစ်ပါတယ်။ နေရာလွဲ- နိမိတ်စွဲတဲ့အခါ အဘနာမဟာ လူတချို့အတွက် မသက်မသာ ဝေဒနာနမိတ်ဖြစ်ရပါတယ်။ အဘ မရှိတော့ပေမယ့် အဘနာမ ဝေဒနာသည်တွေ ရှိနေပါလိမ့်ဦးမယ်။ . . လူထုမှာက ရာစုနှစ်တ၀က် ရုပ်ဒဏ်ရာ စိတ်ဒဏ်ရာတွေအပြည့်ရှိကြမို့ ။ တိုက်ဆိုင်မှုတွေကို သတိထားကြမယ် ။ အချိန်- အလုပ်ပေးတရားနဲ့ တဖြေးဖြေးကုစားကြရမယ်ထင်ပါတယ်။
. ခွန်ဆိုင်း ( ၁ -၄- ၂၀၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...