Saturday, April 30, 2016

“ ရေ ကော်မတီ၊ မီး ကော်မတီ ”

Min Ko Naing

အထက် အညာဒေသ ရွာတစ်ရွာက အဖြစ်အပျက်
တခုပါ။အဲဒီ ဒေသဟာ လျှပ်စစ်မီးလည်း မရ၊ ရေလည်း
အင်မတန် ရှားပါတယ်။ မျက်ခမ်းစပ်ရောဂါ အပါအ၀င်
ရေအရင်းအမြစ် ချို့တဲ့မှုကြောင့် ရလာတဲ့ ဒုက္ခတွေကို
ကာလရှည် ခံစားခဲ့ရတာ ပါ။ ရေနဲ့ လျှပ်စစ်မီးဟာ ဒီ
ဒေသအတွက် အခြေခံ အကျဆုံး အရေးတကြီး လိုအပ်
ချက်ပါပဲ။


.
အစိုးရ အဆက်ဆက် ဒေသန္တရ အုပ်ချုပ်ရေးတွေ
ကလည်း ဒီလိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်ခဲ့ပါ
ဘူး။ တစ်နှစ်စာလုံးအတွက် မိုးရေကိုပဲ ခံပြီး ခြစ်ခြုတ်
သုံးစွဲခဲ့ရတာမျိုးပါ။ ရေတွင်းတူးလို့ ခက်ခက်ခဲခဲ
ရေထွက်တယ် ဆိုရင်တောင် ဆပ်ပြာကုန်လို့ အမြုပ်
မထွက် အ၀တ်လျှော်မရ၊ ချိုးရင်လည်း စေးကပ်
နေတဲ့ ရေစေးမျိုးပဲ ရနိုင်တာပါ။ အဲဒီ ရေစေး ရဖို့
ဆိုရင်တောင် ဒေသခံတွေရဲ့ တစ်ဦးချင်းဝင်ငွေနဲ့
ရေထွက်အောင် တူးဖို့ မစွမ်းနိုင်ကြပါဘူး။
.
သတင်းနည်းပညာ ခေတ်ကြီးမှာ လျှပ်စစ်မီးလည်း
မရှိတော့ အရာရာ နောက်ကျနေရသူချည်းပါ။ ဆိုလာပြား
တွေနဲ့ လျှပ်စစ်အား ယူပါလား မေးစရာ ရှိပါတယ်။
စိုက်ပျိုးရေးကလွဲလို့ တခြား စီးပွားဖြစ်စရာမရှိ။ ထမင်းအိုး
တည်ဖို့တောင် နေ့စဉ် ဓားမတို တစ်ချောင်းနဲ့ ထင်းရှာ
ခုတ်ပြီးမှ လောင်စာရတဲ့ ဘ၀တွေဆိုတော့ ဆိုလာပြား
ဆိုတာ အလှမ်း ကွာလှပါတယ်။ ညတွေမှာ ဖယောင်းတိုင်
မီးခွက်များနဲ့ (နည်းနည်း ပိုတတ်နိုင်သူတွေက) ဘတ္ထရီ
မီးလုံးများနဲ့။ ကြာကြာမတတ်နိုင်တဲ့အဆုံး စောစောအိပ်
ရတဲ့ ရွာတွေပါ။ စောစောအိပ်ရပါလျက် အိပ်မက်ထဲမှာ
တောင် ရေမီးမစုံ လေယာဉ်ပျက်ကျရင်တောင် လေထီး
မခုန်နိုင်တဲ့ ဘ၀မျိုးတွေပါ။
.
အတန်းပညာ၊ ကျောင်းပညာနဲ့ ကြီးပွား ချမ်းသာအောင်
လုပ်နိုင်သူတွေ အင်မတန် နည်းကြတဲ့ ဒေသခံတွေဟာ
ဇာတိကို စွန့်ပြီး ဝေးရပ်မြေများမှာ အထူးသဖြင့် နယ်စပ်လို
ဒေသမျိုးမှာ တချို့က ရွှေကြော၊ တချို့က ကျောက်မှော်
တွေမှာ အသက်နဲ့ အရင်းပြု ငွေရှာတာတောင်မှ ပြေလည်သူ
နည်းကြပါတယ်။ ကျောက်တွင်းပြိုလို့၊ မြေစာပုံပိလို့၊ ငှက်
ဖျားမိလို့၊ အခြားရောဂါ ပေါင်းစုံကြောင့် ဝေးတစ်မြေက
သင်္ချိုင်းကို တကူးတက သွားသေရသူတွေလည်း မနည်းပါ။
တရားမ၀င် နယ်စပ် ဖြတ်ကျော်မှု အပါအ၀င် အမှုပေါင်းစုံနဲ့
ဖမ်းဆီးခံရ၊ တရားဥပဒေ စိုးမိုးမှု အားနည်းလှတဲ့ ရပ်ဝန်း
များရဲ့ ထုံးစံအတိုင်း အားကြီးသူတွေရဲ့ အနိုင်ကျင့်ခံရ။
ဇာတ်သိမ်း မလှသူတွေလည်း များပါတယ်။
.
အဲဒီဒေသက ထွက်ပြီး စွန့်စား လုပ်ကိုင်ရင်း ကြီးပွားလာသူ
အချို့ ရှိပါတယ်။ ကိုယ့်ဇာတိ ကိုယ့်ဒေသ ဖွံ့ဖြိုးရေးအတွက်
ဘယ်စီမံကိန်းကိုမှ မမျှော်လင့်တော့ဘဲ သက်စွန့်ကြိုးပမ်း
ရှာဖွေခဲ့သမျှတွေနဲ့ ကိုယ့်အားကိုယ်ကိုး ရေမီးရရေး၊
လမ်းခင်းရေး အားထုတ်ကြပါတယ်။ အဲဒီ ဒေသ အချို့
ရွာတွေရဲ့လမ်းဆိုတာ လှည်းနှစ်စီးတွေ့ရင် ရှောင်စရာ
မရှိတဲ့ နေရာမျိုးမှာ နွားတွေကိုဖြုတ် လှည်းကို ထမ်းပြီး
ရှောင်ကြရတာပါ။ လက်ထဲပါလာတဲ့ ဓားမတိုတွေဟာ
ထမင်းချက်ဖို့ ထင်း လိုအပ်ချက်တင်မက၊ နေ့စဉ်လို
လမ်းသစ် ထွင်နေရတဲ့ ဘ၀တွေ ဖြစ်ပါတယ်။
.
တစ်ရွာမှာဖြင့် စွန့်စားကြီးပွားလာတဲ့ ရွာသားတစ်ဦးက
ငွေကျပ် သိန်းထောင်ချီ မတည်ပြီး ရေကြော ရှာခဲ့ပါတယ်။
အဲဒီမှာ ဘာလုပ်လုပ် ကော်မတီ ဖွဲ့ရမယ်လို့ မှတ်ယူထား
သူများပီပီ ရေအတွက် ရေရရှိရေး ကော်မတီ၊ လျှပ်စစ်မီး
အတွက် မီးရရှိရေး ကော်မတီဆိုပြီး အားတက်သရော
ဖွဲ့ခဲ့ကြပါတယ်။ ကော်မတီ ဆိုတာက ဘာလဲဗျလို့ မေးတဲ့အခါ
အဖြေကတော့ ရှင်းပါတယ် “ကြားဖူးနားဝပေါ့ကွာ” တဲ့။ “
တို့မလဲ ကော်မတီ ဖွဲ့ချင်နေတာ ကြာပြီ၊ အခုမှ အခွင့်သာ
တော့တယ်” ဆိုပဲ။
.
ကော်မတီက အကြောင်းမဟုတ်ပါ။ လက်တွေ့ဖြစ်စဉ်မှာ
ရေနဲ့မီး အစေးမကပ်တော့တာက ပြဿနာပါ။ တစ်ရွာ
တည်းသားချင်း ကော်မတီ မတူလို့ဆိုတဲ့ အစွဲက စိတ်ဝမ်း
ကွဲမှုဆီ အကြောင်းဖန်လာပါတယ်။ ရေကော်မတီက
ရေရှာရင်း ပေလေးငါးရာ အရောက်မှာ ကံအားလျော်စွာ
ရေကြောမိပြီး လက်ခမောင်း ထခတ်ပါတော့တယ်။ မီး
ကော်မတီဘက်ကို ဘယ်နဲ့ရှိစ ဆိုတဲ့ အကြည့်တွေနဲ့ပေါ့။
.
မီးကော်မတီဝင်များခမျာ ဓာတ်တိုင်ကို သစ်သားတိုင်
သုံးမလား၊ ကွန်ကရစ်တိုင် သုံးမလား ငြင်းနေရ။
တိုင်းလျှပ်စစ်ဌာနနဲ့ ဘယ်လို အဆက်အသွယ်ယူရပါ့
ဗျာများနေတုန်း ရှိပါသေးတယ်။ “တို့ဟာက ခက်တယ်ကွ၊
မင်းတို့လို ရေကြောရှိရာ ရှာရင်း စိတ်ထင်ရာ တူးလို့
ရတာမဟုတ်၊ မတော်လို့ ဓာတ်လိုက်ရင် ဘယ်လို
လုပ်မတုန်း ”ဆိုပြီး မြို့ကို ဆိုင်ကယ်တွေနဲ့ ခေါက်တုံ့
ခေါက်ပြန် ပြေးရင်း အကောင်အထည် ပြနိုင်ဖို့ လျှပ်စစ်
ဌာနကို ချဉ်းကပ် နည်းလမ်း မေးရဆဲ။
.
ရေကော်မတီခမျာလည်း ရေတော့ ထွက်ပါရဲ့၊ အပြည့်
မပျော်နိုင်သေး။ ပိုက်တွေဆက်ပြီး ဖြန့်ဝေနိုင်ရေးမှာ
အခက် ကြုံပြန်ပါတယ်။ ပိုက်ဆက်နိုင်သမျှ အနီးဆုံးလူက
အရင်ရတော့ ပိုက်မမီသေးတဲ့နေရာက မကျေမချမ်း
အပြစ်တင်။ ဒါကို မီးကော်မတီ သွေးထိုးလို့ ပယောဂ
ဝင်ပါတယ်ဆိုပြီး ရေကော်မတီက အငြိုးအတေး မှတ်
ပါသတဲ့။ ဒါနဲ့ အလှည့်ကြုံရင် နှိပ်ကွပ်ဖို့အကြောင်း
ဆုံလာပါတယ်။
.
မီးကော်မတီရဲ့ ကြိုးပမ်းမှုနဲ့ လက်တွေ့ အကောင် အထည်
ဖော်ဖို့ ကနဦး သုံးစွဲငွေ ထုတ်ယူရန် ကျေးရွာ ဖွံ့ဖြိုးရေး
ကော်မတီ အစည်းအဝေး လုပ်ပါတယ်။ ရေကော်မတီနဲ့
မီးကော်မတီ ပေါင်းထားတဲ့ ကော်မတီပါ။ အဲဒီ အစည်း
အဝေးမှာ စာတတ် ပေတတ်လို့ သူ့ကိုယ်သူ ခံယူထား
သူက ကျေးရွာဖွံ့ဖြိုးရေး ကော်မတီ ဆိုတာကတော့ မှန်
ပါတယ်။ ရေနဲ့ မီးကတော့ ဖွံ့ဖြိုးရေးရဲ့ လက်အောက်ကမို့
ဆပ်ကော်မတီများလို့သာ ခေါ်ရမယ်လို့ ဝေါဟာရ ပြဿနာ
တစ်စခန်း ထပါတယ်။ ရေကော်မတီ၊ မီးကော်မတီဝင်တွေ
က.. လက်မခံပါ။ အစည်းအဝေးကို လမ်းကြောင်း
မပြောင်းသွားအောင် မနည်း ထိန်းယူရပါသတဲ့။
.
မီးကော်မတီအတွက် လတ်တလော သုံးရမယ့်ငွေကို မြို့
ပေါ်က ဘဏ်မှာ အပ်ထားတာပါ။ သွားရောက် ထုတ်ယူ
ရပါ မယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ရေကော်မတီကလည်း
သူတို့လုပ်ငန်း အကောင်အထည် ဆက်ဖော်ရေးအတွက်
ဘဏ်မှာ ငွေသွားအပ်ရမယ့်နေ့။ ထုတ်ယူမယ့် ငွေနဲ့
အပ်နှံမယ့် ငွေပမာဏကလည်း မကွာလှတာကြောင့်
မီးကော်မတီက ရေကော်မတီထံ အကြံပြုပါတယ်။ ဘဏ်မှာ
လက်မှတ်ထိုး ထုတ်ယူဖို့ဖြစ်ဖြစ်၊ သွင်းဖို့ဖြစ်ဖြစ် မြို့ကို
သွားရင် ကော်မတီ တစ်ခုကို အနည်းဆုံး လူနှစ်ယောက်
သွားရမယ်။ စရိတ်ကုန်မယ်၊ အချိန်ကုန်မယ်။ ဒါကြောင့်
ရေကော်မတီ ဘဏ်အပ်ရမယ့်ပိုက်ဆံကို မီးကော်မတီထံ
ခေတ္တပေးထားဖို့ တင်ပြပါတယ်။ ဒါကို ရေရရှိရေးတုန်းက
မီးကော်မတီ သွေးထိုးခဲ့တဲ့ ပယောဂတွေ ရှိခဲ့တယ်လို့ မှတ်
ယူထားတဲ့ ရေကော်မတီက အပြင်းအထန် ကန့်ကွက်
ပါတယ်။
အကြောင်းပြချက်ကတော့ “ကော်မတီ နှစ်ခု မတူဘူး၊
မတူလို့ဘဲ ရေကော်မတီ၊ မီးကော်မတီလို့ ခွဲထားတာ
လေ” တဲ့။ အဲဒီမှာ မီးကော်မတီသမားတွေ နဝေတိမ်တောင်
ဖြစ်သွားပါတယ်။ သက်သက်မဲ့ ကပ်နေတာလို့
မြင်ပေမယ့် ကိုယ့်ဟာကိုယ် နာမည်ပေးခဲ့တဲ့ ကော်မတီ
ဆိုတာကြီးက စောဒကတက်လို့ မရအောင် ကန့်သတ်
မိနေပြီကိုး။
.
သည်းမခံနိုင်တဲ့ မီးကော်မတီဝင် အချို့က ဘယ်လိုမှ
ချေးငှားလို့မရတဲ့အဆုံး “ ဒါတော့ ခင်ဗျားတို့ ကော်မတီက
သက်သက် ညစ်တာလို့ ထ စွပ်စွဲပြီး လက်တွေ၊ ခြေတွေ
ရွယ်မြှောက်လာပါတော့တယ်။ ရေကော်မတီကလည်း
“တို့က အလုပ်ကို အလုပ်နဲ့တူအောင် လုပ်နေတာကွ၊
မတူလို့ကို ကော်မတီ ခွဲထားတာ ငွေရေးကြေးရေး
အရှုပ်အထွေး လာမရောနဲ့” လို့ တုံ့ပြန်ရင်း လက်တွေ၊
ခြေတွေနဲ့ ခုခံဖို့ ပြင်ပါတော့တယ်။
.
ကျေးရွာ ဖွံ့ဖြိုးရေး ခေါင်းစဉ်ကနေ လက်ဝှေ့ ဗိုလ်လုပွဲ
အသွင်ပြောင်းတော့မယ့် ကော်မတီ အစည်းအဝေးကို
ဒီတိုင်းတော့ လွှတ်ပေးလို့ မရတော့ဘူးလို့ သဘောပေါက်
လိုက်တဲ့ မ,တည် အလှူရှင်ထိုရွာသားက “နေကြပါဦးဗျာ..၊
ခင်ဗျားတို့ အဲ ... အဲ ရေကော်မတီက ဘဏ်အပ်မယ့်
ငွေကို ကျွန်တော့် ခဏချေးလို့မရဘူးလား” မေးပါသတဲ့။
ရေကော်မတီက ပျာပျာသလဲ ငြင်းပါတယ်။ “ကော်မတီ
ချင်းမှ မတူဘဲ ရှုပ်လို့မရဘူး” တဲ့။
အလှူရှင်က ပြန်မေးတယ် “ ဘာလဲ .. ခင်ဗျားတို့ ကျုပ်ကိုတောင်
မယုံကြဘူးလား” ဆိုမှ ရေကော်မတီဝင်တွေခမျာ ကော်မတီ
ဆိုတဲ့ ဝေါဟာရကြီးနဲ့ ကိုင်ပေါက်လို့ မရတော့ဘူး ဆိုတာ
သဘောပေါက်သွားပြီး “ခင်ဗျားတော့ ယုံပါတယ်ဗျာ” လို့
အောင့်သက်သက်နဲ့ ဖြေကြရပါတော့တယ်။
.
ခေတ်စနစ်ကို အကောင်းဘက် ပြောင်းကြတော့မယ် ဆိုတဲ့
သူတွေဟာ ကိုယ်နဲ့ အနီးဆုံးမှာ ရှိနေတဲ့ ဒေသ အချင်းချင်း၊
ပုဂ္ဂိုလ်များ အချင်းချင်း အစွဲတစ်ခု အကြောင်းပြုပြီး
ပြိုင်ဘက်လို့ မမြင်စေချင်။ လက်တွဲဖော်တွေ အဖြစ် သဘော
ထားကြစေချင်ကြောင်းပါ။
.
‪#‎မင်းကိုနိုင်‬
[ ပြည်သူ့အရေးဂျာနယ်၊ အတွဲ-၂၊ အမှတ်-၇၉၊ မင်းကိုနိုင် ဆောင်းပါးမှ
ကောက်နှုတ်ချက် ]

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...