Saturday, April 2, 2016

သူတို့ သိပါစေ

ကိုထက်မိုးရေ……
ရှစ်ဆယ့်ရှစ် ရဲ့စိန်ခေါ်သံကို
ရှစ်ဆယ့်ငါး ကတဲက
ရွာသာကြီးသားသတ်ကွင်းထဲက
မြေအောက်တွင်းအဖွဲ့ရဲ့သတ်မှတ်ချက်
ယုံကြည်ဦးတိုက်ချက်နဲ့အတူ
ပွင့်ထွက်လာခဲ့ရတယ်နော် ။

ကိုထက်မိုးရေ……
အကြောင်းနဲ့အကျိုးတရားကို
ဘာလက်နက်နဲ့မိုးထားထား
တက္ကသိုလ်ကျောင်းသားအားကိုယူလို့
ပြည်သူတွေရဲ့မခံရပ်စိတ်ကို
အဲဒီ့…
ရှစ်ဆယ့်ရှစ်ငယ်ထိပ်ပေါ်တင်ပေးလိုက်တဲ့
ခင်ဗျားတို့ရဲ့ "ကိုသက်ခိုင်"
ဒေါက်တာဇော်မင်း
ဒေါက်တာ နေဝင်း(ဖြိုးဖြိုးအောင်အဖေ)
"ကိုဌေးကြွယ် " "ကိုကျော်အောင်"
လမ်းပြဆောင်ပုဂ္ဂိုလ်ထူးတွေက
မြေနက်နက်တူးလို့
သေနတ်"ပီး"ဆေးတွေလူးထားခဲ့ကြတယ်နော် ။
ကိုထက်မိုးရေ …
ခင်ဗျားရဲ့"ပန်းရိုးမ "ကဗျာတဲစုတ်ထဲက
နှစ်ပေ မီးချောင်းနဲ့လှိမ့်ထုတ်ခဲ့တဲ့ "တော်လှန်ကြွေးကြော်သံ"
လက်ရေးမူအမှန်မသိအောင်
ခိုးကြောင်ခိုးဝှက်
လက်နဲ့အားပေးရေးပေးခဲ့တဲ့
ဂျီတီအိုင်ကျောင်းသူတစ်ယောက်(AAM)
အမေရိက ရောက်နေတယ်လေ ။
ကိုထက်မိုးရေ……
သန်လျင်တံတား
မီးရထားလမ်းစီမံကိန်းရှေ့က
ရွက်စိမ်း အရက်ဆိုင်မှာ
ခင်းဗျားနဲ့ကျွန်တော်အတူထိုင်
*ခေါင်းချင်းဆိုင်*ကဗျာရွတ်ပြိုင်ကြတော့
ဆိုင်ပိုင်ရှင်ကောင်မလေးက
လူထူးလူဆန်း နှစ်ယောက်လို့သတ်မှတ်
သူနဲ့လက်မထပ်ဖြစ်ခဲ့တဲ့
ဂျီတီအိုင်ကျောင်းသား(ဗိုလ်သု)ကိုပြန်ပြောပြတော့
ကျွန်တော်တို့ အသောမသတ် အသောက်မပြတ်ခဲ့ပါဘူးနော် ။
ကိုထက်မိုးရေ……
တောတွင်းကျောင်းသားအဖွဲ့
လက်နက်ကိုင်မိတ်ဆွေဖွဲ့ကြတော့
ဂျီတီအိုင်ကျောင်းသား(ဝင်းမောင် )နဲ့
အရမ်းရင်းနှီးခဲ့တယ်ဆိုတာ
အမေရိကရောက်(Lu Bo=ဝင်းမောင်)
ပြောပြလို့သိခဲ့ရပြန်တယ် ။
ကိုထက်မိုးရေ……
ခင်ဗျားရဲ့UG ရဲဘော်(ကိုကျော်အောင်)နဲ့
တွဲဘက်က
ဂျီတီအိုင်ကျောင်းနေဖက်(အောင်ဌေး)ဖြစ်နေပြန်တော့
ရေစက်မကုန်နိုင်သောတော်လှန်ရေး
တို့ အရေးမှာလာစု
ဘုရားပေးတဲ့"ဆု" ဖြစ်ခဲ့ရတယ်နော် ။
ကိုထက်မိုးရေ……
ခင်ဗျားတို့ရဲ့ကြွေးကြော်သံ
*လူမှန်နေရာမှန် ရောက်ဖို့အတွက်
အသက်ကိုမငဲ့မှတော့
ထောင်တွေချဲ့ထားလည်း
မျက်နှာမမဲ့စေရဘူး…***ဆိုတာ
ဒီအချိန်မှာ……
စာမဖွဲ့ချင်ပေမယ့်
ကျွန်တော်တို့အတွက်
မျက်နှာပြ…မခက်စေချင်ပါဘူး ။ ။
၈၈၈၈ အရေးတော်ပုံ နှင့်မြန်မာပြည်
လူမှန်နေရာမှန် အတွက် ပေးဆပ်ခဲ့သော ပြွန်တန်ဆာသား
ကဗျာဆရာ ကိုထက်မိုးနှင့် UG အဖွဲ့အား အစဉ်လေးစားလျက်………
(ကိုရွှေကေဇာ)
ကလောဂျီတီအိုင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...