Saturday, April 30, 2016

အမျိုးသား တန်းတူရေး ဗမာပြည်နယ် ဖွဲ့စည်းရေး သစ်ထွန်းအောင်

Mon Kaung Lay

"ဗမာပြည် လွတ်လပ်ရေး ရပြီဟု ဆိုနိုင်ကြောင်း၊ တောင်တန်းနယ်များ ပြဿနာသာ ကျန်တော့ကြောင်း၊ တောင်တန်းနယ်များ မလွတ်လပ်သရွေ့ ဗမာပြည် လွတ်လပ်ပြီဟု မဆိုနိုင်ကြောင်း၊ ဗမာများသည် တောင်တန်း လူမျိုးများကို ၎င်းတို့ ဘာသာ အုပ်ချုပ် စေလိုကြောင်း၊ ဗမာများသည် ရှမ်း၊ ကချင်၊ ချင်း တို့၏ ပြည်တွင်းရေးကို စွက်ဖက်မည် မဟုတ်ကြောင်း"
ဗိုလ်ချုပ်အောင်ဆန်း ပင်လုံ မိန့်ခွန်း ကောက်နုတ်ချက်မှ။

"ဒီနိုင်ငံဟာ တိုင်းရင်းသားများ အားလုံး ပိုင်ဆိုင်တဲ့ နိုင်ငံ ဖြစ်တယ်။ ဗမာတွေက အများစု ဆိုပေမယ့် ဒီနိုင်ငံကို ဗမာတွေ ပိုင်တာ မဟုတ်ပါဘူး။ အားလုံး တန်းတူ ညီတူ တိုင်းရင်းသားများ အားလုံး ပိုင်တဲ့ နိုင်ငံ ဖြစ်ပါတယ်။"
ဒေါ်အောင်ဆန်းစုကြည်
(၂၀၁၅) ရွေးကောက်ပွဲမှာ “ပြောင်းလဲချိန် တန်ပြီ” ကြွေးကြော်သံနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဟာ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က လွှဲပြီးတော့ ကျန် တိုင်းနှင့် ပြည်နယ်တွေမှာ တောင်ပြို ကမ်းပြို အနိုင်ရခဲ့တယ်။ ပြည်ထောင်စု အစိုးရ ဖွဲ့စည်းခွင့်၊ သမ္မတ တင်မြှောက်ခွင့် ရလာခဲ့ပါတယ်။ ပြည်နယ်နှင့် တိုင်းအစိုးရ ၀န်ကြီးချုပ်တွေကိုလည်း (NLD) အမတ်တွေထဲက စိတ်ကြိုက် ခန့်အပ် လာခဲ့ပါတယ်။
ကျန်တိုင်းနှင့် ပြည်နယ်တွေမှာ ၀န်ကြီးချုပ်ကို ပါတီက ခန့်တာ ပြဿနာ သိပ်မရှိပေမယ့် ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာတော့ ဝေဖန်သံတွေ ထွက်လာပါတယ်။ သူတို့ ပြည်နယ်တွေမှာ မဲအများဆုံး အနိုင်ရတဲ့ ရခိုင် အမျိုးသား ပါတီ (ANP) နဲ့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) တို့က ပြည်နယ် အစိုးရကို သူတို့ ပါတီကပဲ ဦးဆောင် ဖွဲ့စည်းခွင့် တောင်းလာပါတယ်။ ဒါကို (NLD) က လက်မခံပါဘူး။
(SNLD) က ထုတ်ပြန်ကြေညာချက်တွေ ထုတ်ပြီး ညင်ညင်သာသာ တောင်းဆိုသလို (ANP) ကတော့ ထုတ်ပြန်ကြေညာချက် အပြင် လမ်းပေါ်ထွက် ဆန္ဒပြ၊ ပြည်နယ်လွှတ်တော် အဆောက်အအုံကနေ ပြည်နယ်အမတ်တွေ ထွက်ခွာသည် အထိ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ဥပဒေကြောင်းအရ အခွင့်သာတဲ့ အနေအထာား (ANP) မှာ မရှိတာကြောင့် အလျော့ပေးပြီး ဦးညီပုကို ဝန်ကြီးချုပ် ဖြစ်စေခဲ့ပါပြီ။
အစိုးရသစ်၊ လွှတ်တော်အသစ် အဖွင့်မှာ ဒေါ်အောင်ဆန်းစုကြည် စီမံတဲ့ အစီအမံတွေဟာ ရင်သပ်ရှုမောပါပဲ။ လက်ခုပ်သံတွေ ညံစေခဲ့ပါတယ်။ ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌ၊ လွှတ်တော် ရေးရာ ကော်မတီတွေ၊ သမ္မတ၊ ဒုသမ္မတ၊ အစိုးရ အဖွဲ့ ဖွဲ့စည်းတဲ့ အခါ တိုင်းရင်းသားတွေ စုံစုံညီညီ၊ နယ်ပယ်အသီးသီးက လူတော်၊ လူကောင်းတွေ ပါအောင် ပုံဖော်နိုင်ခဲ့တာဟာ ၀မ်းသာစရာပါ။ အမြင်အမြော် ကြီးပေစွဟု ဂုဏ်ယူ ခဲ့ကြပါတယ်။ ဒါပေမယ့် ပါတီချင်း ဆက်ဆံပြီးတော့ ရာထူးတွေပေးသလို မဟုတ်ဘဲ တဦးချင်း ဖဲ့ထုတ် ဆွဲခန့်ပုံစံ ဖြစ်တာကြောင့် ဝေဖန်သံတွေလည်း ထွက်လာပါတယ်။ လူသိရှင်ကြား ကြေညာ လာတာကတော့ ပြည်ခိုင်ဖြိုး ပါတီပါပဲ။
(၈၈) မျိုးဆက်ထဲက ကိုမင်းကိုနိုင် ကိုလည်း အဖွဲ့အစည်းချင်း ဆွေးနွေး တောင်းဆိုသလို မဟုတ်ဘဲ ရာထူးပေး စည်းရုံးမှုအပေါ်မှာ (NLD) ကို ဗမာနိုင်ငံရေး အသိုင်းအ၀ိုင်းကြား ဝေဖန်စရာ ဖြစ်စေပါတယ်။
(ANP) ပါတီက ဦးအေးသာအောင် ကို အမျိုးသား လွှတ်တော် ဒုဥက္ကဋ္ဌ ခန့်အပ်လိုက်တာဟာလည်း အစကတည်းကနေ ယိုင်သလိုလို ဖြစ်နေတဲ့ (ANP) ကို သပ်လျှို သွေးခွဲ လိုက်သလိုပါပဲ။ (NLD) နဲ့ ဒေါ်အောင်ဆန်းစုကြည်မှာ အဲလို လုပ်ဆောင်ဖို့ ရည်ရွယ်ချက် ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ၊ ရခိုင်ပြည်သူလူထု အမြင်မှာတော့ (NLD) အပေါ်မှာ တချိန်ကလို အမြင်မကြည်တော့ ပါဘူး။ နောက် တချက်ကတော့ (ANP) က တောင်းဆိုတဲ့ တွေ့ဆုံ ဆွေးနွေးရေးကို ရှောင်ဖယ်ကာ ဦးညီပု ကို ၀န်ကြီးချုပ် ခန့်တဲ့ ကိစ္စပါပဲ။ သေချာပါတယ်။ ဒေါ်စုနောက်မှာ ဗမာပြည်သူ အများစု၊ နိုင်ငံတကာ ထောက်ခံမှု ရှိနေတာကို ရခိုင်ပြည်သူတွေ ယုံမှား သံသယ မရှိပါဘူး။
ဒေါ်စုနဲ့ (NLD) စိတ်ကြိုက်လုပ်ခွင့် ရှိတဲ့ အခြေအနေပါ။ ဥပဒေအရလည်း ဘောင်ဝင်ပါတယ်။ ဒါပေမယ့် မည်ကာမတ္တ အာဏာသာ ရှိတဲ့၊ သမ္မတကို တာဝန်ခံရတဲ့ ၀န်ကြီးချုပ်နဲ့ ပြည်နယ် အစိုးရကို (ANP) က ဦးဆောင်ဖွဲ့စည်းခွင့် တောင်းတာဟာ တနည်းအားဖြင့်ပြောရရင် ရခိုင် အမျိုးသားတွေရဲ့ အမျိုးသားရေး ဂုဏ်သိက္ခာ တခုထက် မပိုပါဘူး။ ပြောရမယ်ဆိုရင် လိုရင်းက (NLD) က (ANP) တူတူတန်တန် ဆက်ဆံခံချင်တဲ့ သဘောပါ။
ဒါကို (NLD) က စကားတောင် မပြောနိုင်လို့ ခုလို အခြေနေထိ ရောက်လာ ခဲ့ကြရတာပါ။ (၂၀၀၈) ဖွဲ့စည်းပုံရဲ့ အားနည်းချက်ဖြစ်တဲ့ ပုဒ်မ (၂၆၁) ကို အခွင့်ကောင်း ယူပြီး (NLD) ဟာ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို ဥပက္ခာ ပြုလိုက်ပြီလားလို့ တွေးပူမိပါတယ်။ တကယ်တော့ (၂၀၀၈) ဖွဲ့စည်းပုံဟာ ပြင်ရမည်၊ အသစ်ပြန်လည် ရေးဆွဲရမယ်ဆိုတာ (NLD) လက်ခံပြီးသားပါ။ ဒါပေမယ့် (NLD) ဟာ စစ်တပ်ကို မလွန်ဆန်နိုင်ဘဲ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အလုပ် မဖြစ်ခဲ့ရင် ဒီဖွဲ့စည်းပုံနဲ့ပဲ တိုင်းရင်းသား ပြည်နယ်တွေကို လွှမ်းမိုးထားချင်လို့လား၊ ဒါမှ မဟုတ် ဗမာ အမျိုးသားရေး ၀ါဒ တကျော့ပြန် ခေါင်းထောင်လာပြီလား ဆိုတဲ့ အတွေးမျိုး ရခိုင်လူထု ကြားထဲ ၀င်လာပါတယ်။ (NLD) နဲ့ (ANP) ဆက်ဆံရေး တင်းမာမှု အကျိုးဆက်ကတော့ ရခိုင် လူမျိုးတွေ အပေါ် ငတုံး၊ ငအတွေ၊ စစ်အာဏာရှင် စနစ်နဲ့ပဲ တန်တယ်လို့ ဗမာ အများစုရဲ့ လူမျိုးရေး အမုန်းပွားရေးကို ဦးတည်လာ စေတာပါပဲ။
ဒါကို (NLD) အနေနဲ့ သဘောတရားအရ ရှင်းလင်းပေးဖို့ လိုအပ်ပါတယ်။ ဒါတွေကတော့ လတ်တလော ဖြစ်စဉ်တွေပါ။ နောက်ကွယ်က အကြောင်းတရားကတော့ ရခိုင်တွေရဲ့ အမျိုးသား တန်းတူရေး တောင်းဆိုချက်ပါပဲ။ တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်တဲ့ ဗမာပြည်မှာ တိုင်းရင်းသား ပြည်နယ်တွေက သံယံဇာတတွေကို ထုတ်ယူသုံးစွဲ၊ ဗမာလူမျိုး အများစုနေထိုင်တဲ့ တိုင်းဒေသတွေမှာ တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ကြတဲ့ နိုင်ငံရေး စနစ်ကို အဆုံးသတ်ချိန် တန်ပါပြီ်။
သမိုင်းရဲ့ အဆိုးကျော့ သံသရာကို ရပ်တန့်ဖို့ (NLD) အစိုးရဲ့ တာဝန်ဖြစ်လာပါပြီ။ ဆေးမြီတိုတွေ မသုံးဘဲ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့၊ စစ်မှန်တဲ့ တိုင်းရင်းသား တန်းတူရေးဖော်ဆောင်ဖို့ ဆန္ဒရှိကြောင်း (NLD) ပြသပေးဖို့ လိုအပ်လာပါတယ်။
ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးလို့ ပြောလိုက်ရင် ဗမာပြည်နယ် ဖွဲ့စည်းရေး တောင်းဆိုချက်ဟာ အလိုလို ကပ်ပါလာပါတယ်။ ဒါကို ဗမာ ကိုယ်စားပြု နိုင်ငံရေး အင်အားစုတွေကလည်း နည်းမျိုးစုံသုံးပြီးတော့ ရှောင်ဖယ်နေခဲ့တာဟာ (၁၉၄၈) ကနေ တွက်ရင် (၆၈) နှစ် ရှိလာပါပြီ။ ဖယ်ဒရယ် နိုင်ငံထူထောင်ရေးကို လက်ရှိ ဗမာ အင်အားစုတွေ၊ တပ်မတော် အင်အားစုတွေ သဘောတူတယ်ဆိုပေမယ့် တိတိကျကျ ခိုင်ခိုင်မာမာ ပြောဆိုတာတော့ မတွေ့ရသေးပါဘူး။ ယေဘုယျဆန်တဲ့ စကားတွေသာ ကြားနေ ရသေးပါတယ်။
တွေးမိတာ တခုကတော့ ဗမာ အမျိုးသား ဥာဏ်ကြီးရှင်တွေ တီထွင်လေ့ ရှိတဲ့ ဗမာ့နည်း ဗမာ့ဟန်ဆိုတဲ့ ဖယ်ဒရယ်စနစ်မျိုး ဖြစ်သွားလေမလား စိုးရိမ်မိပါတယ်။ ခေတ်အဆက်ဆက် ဗမာအုပ်ချုပ်သူတွေဟာ ခေတ်နဲ့လျော်ညီတဲ့ အသုံးအနှုန်းတွေ တွင်တွင် သုံးတတ်ကြပါတယ်။ ဒါပေမယ့် စကားလုံး နောက်က အနစ်သာရကတော့ မပြောင်းလဲ တတ်တဲ့ သဘောကို တွေ့ကြုံခဲ့ရပါပြီ။
ဆိုရှယ်လစ် ခေတ်စား လာရင် ဆိုရှယ်လစ်၊ ဒီမိုကရေစီ အော်ကြရင် ဒီမိုကရေစီ၊ ခုတခါ ဖယ်ဒရယ်ဆိုရင် ဖယ်ဒရယ် လိုက်လိုက် အော်တတ်တဲ့ အကျင့်ကြောင့် သံသယ ဖြစ်မိတာပါ။
ခုလဲ (NLD) က ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းဖို့ ကြိုးပမ်းမယ်လို့ ဆိုထားတော့ ဘယ်လို ပုံစံမျိုး ဖယ်ဒရယ်လဲဆိုတော့ သိချင်မိပါတယ်။ ဒေါ်စု ဦးဆောင်တဲ့ (NLD) ဖြစ်တာကြောင်းလဲ ဗမာပြည် လက်ရှိ အခင်းအကျင်းတခုလုံး ပြောင်းလဲ သွားတော့မယ်၊ (Paradigm Shift) ဖြစ်သွားတော့မယ်၊ အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုနဲ့ ဆက်ဆံရေး၊ ဥပဒေတွင်း တိုင်းရင်းသား ပါတီတွေနဲ့ (NLD) ဆက်ဆံရေး အကြီးအကျယ် ပြောင်းလဲမယ်လို့ ပြောဆိုသံတွေလဲ ကြားလာရပါတယ်။ တက်လာမယ့် (NLD) အစိုးရနဲ့ တိုင်းရင်းသား ဆက်ဆံရေးကို တချို့ ဗမာတွေရဲ့ ရေးကြသားကြ တာတွေကိုလဲ ဖတ်မိပါတယ်။ သူတို့ ပြောတာကတော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အရှိန်အ၀ါနဲ့ ဆက်စပ်နေပါတယ်။
ဒေါ်စုဟာ နိုင်ငံတကာရဲ့ ထောက်ခံ အားပေးမှုကို ရရှိထားတဲ့ ပုဂ္ဂိုလ် ဖြစ်တယ်၊ ဒါကြောင့် လက်နက်ကိုင် တိုင်းရင်းသားတွေ၊ ဥပဒေတွင်း တိုင်းရင်းသား ပါတီတွေဟာ နိုင်ငံတကာရဲ့ ထောက်ခံ အားပေး စာနာမှု မရနိုင်တော့ဘူး၊ တချိန်က စစ်အစိုးရ လက်ထက်မှာ ဘယ်သူပဲ မှန်မှန် အားနည်းတဲ့ တိုင်းရင်းသားတွေဘက်က အမှန်လို ယူဆခဲ့တာတွေဟာ ပြောင်းလဲသွားတော့မယ်၊ တိုင်းရင်းသားတွေဟာ အစိုးရလက်ထက်မှာ အသံ မထွက်နိုင်တော့ဘူး ဆိုပြီး ပြောကြပါတယ်။ နောက်တချို့ကလဲ တိုင်းရင်းသား ပြည်နယ်တွေမှာ (NLD) ကို ကြိုက်လို့ မဲပေးခဲ့ကြပြီ၊ တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေဟာလည်း (NLD) ရဲ့ ပေါ်လစီ ဖြစ်သွားပြီ၊ သက်ဆိုင်ရာ လက်နက်ကိုင် တိုင်းရင်းသား အင်အားစုတွေကို ကိုယ်စားပြုပြီးတော့ ပြောမယ့် ဒေသခံ ကိုယ်စားပြု ပါတီတွေလည်း လွှတ်တော်ကို မရောက်ဘူး၊ ဒါကြောင့် (NLD) ဖော်ဆောင်တဲ့ အမျိုးသား တန်းတူရေးကိုသာ စောင့်ဆိုင်း ကြပေတော့လို့ ဆိုလာကြပါတယ်။။
ဒါကြောင့် အချိန်မတိုင်မှီ ဟိုတောင်း၊ သည်တောင်း တောင်းဆိုမှုတွေ လုပ်နေတာဟာ တက်လာမယ့် (NLD) နဲ့ ဒေါ်စုကို အကျပ်ရိုက်စေတဲ့ ရွေ့ကွက်တွေလို့ သူတို့က သုံးသပ်ကြပါတယ်။ ပြောကြမယ်ဆိုရင် ဒီလို ပြောဆို သုံးသပ်ကြတာတွေဟာ ဗမာလူမျိုးကြီး ၀ါဒ လွှမ်းမိုးခံ ထားရတဲ့၊ ပြည်ထောင်စု သဘောတရားကို နားလည် သဘောမပေါက်တဲ့ စဉ်းစားချက်တွေလို့ ယူဆပါ။ တကယ်တော့ ဗမာပြည်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးတွေရဲ့ အမျိုးသားရေး တန်းတူရေးဟာ ဗမာ ပေးမှ၊ စစ်တပ်ပေးမှ၊ ဗမာကိုယ်စားပြု ပါတီတခုက ပေးမှ ရရမယ့် ရပိုင်ခွင့်တခုတော့ မဟုတ်ပါဘူး၊ တိုင်းရင်းသားတွေရဲ့ မွေးရာပါ ရပိုင်ခွင့် တခုသာ ဖြစ်ပါတယ်။
တိုင်းရင်းသား လူမျိုးတွေရဲ့ အမျိုးသားရေး တန်းတူရေးရဖို့၊ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု ထူထောင်မှ ရမယ်ဆိုတာ တိုင်းပြည် လွတ်လပ်ရေး ရပြီးကတည်းက တောင်းဆိုလာတဲ့ ကြွေးကြော်သံပါ။
ယနေ့ကာလမှာ ဖယ်ဒရယ် ဆိုတာ ခွဲထွက်ရေး မဟုတ်ဘူးလို့ အာဏာရှိတဲ့ ဗမာ့တပ်မတော် ခေါင်းဆောင်တွေ ကိုယ်တိုင် ပြောဆိုလာကြတဲ့ အတွက် မဝေးတော့တဲ့ အနာဂတ်မှာ စစ်မှန်တဲ့ ဖယ်ဒရယ် ပေါ်ထွန်းလာတော့မယ်လို့ ယုံကြည်မိပါတယ်။ ဒါကြောင့် ဖယ်ဒရယ်နဲ့ ပတ်သက်တဲ့ သတင်း အချက်လက်တွေကို ပြန်လည် တင်ပြချင် ဆွေးနွေးချင်ပါတယ်။
ဒေါ်စုရဲ့ ဖယ်ဒရယ် အပေါ် သဘောထားကိုတော့ ဒီလှိုင်းဂျာနယ်ရဲ့ “ဒီ စကား” မှာ ရေးထားတာကတော့ “ကျမတို့ အချင်းချင်းပေါ်မှာ မေတ္တာရှိရမယ်။ ကျမတို့ တိုင်းရင်းသားတွေ ကြားထဲမှာ စေတနာနဲ့ အပြန်အလှန် ယုံကြည်မှု ရှိဖို့လိုပါတယ်။ ကျမတို့ ဒီလို မလုပ်ရင်တော့ တကယ့် စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု ဆိုတာပေါ်လာမှာ မဟုတ်ပါဘူး။ ဖက်ဒရယ် ပြည်ထောင်စု လိုချင်တယ် ဆိုပြီးတော့ အချင်းချင်း ချစ်ချစ်ခင်ခင် နားလည်မှု မပေးနိုင်ဘူး ဆိုရင်တော့ ကျမတို့ ဘယ်လိုမှ ဖက်ဒရယ် ပြည်ထောင်စု တစ်ခု ဖြစ်နိုင်မှာ မဟုတ်ဘူး။ အဲဒီတော့ ကျမကတော့ အမြဲပဲ အားပေးပါတယ်။
ဖက်ဒရယ် ပြည်ထောင်စုအတွက် ဆွေးနွေးတယ်ဆိုရင် ပထမဆုံး ကိုယ့်ဖက်က ဘာပေးနိုင်မလဲ ဆိုတာ အရင်ချပြပါဦး။ ကိုယ်ဘာလိုချင်လဲ ဆိုတာပဲ ပထမ တောင်းဆို မယ်ဆိုရင် အားလုံးက ငါ ဒါလိုချင်၊ ငါ ဒါလိုချင်တယ်ဆိုရင် ဘယ်လိုလုပ် အားလုံးက ဆက်လုပ်လို့ ရမလဲ။ ကျမ ဖြစ်စေချင်တာက အားလုံးက ဒီပြည်ထောင်စုကြီး ခိုင်မာဖို့ ပြည်ထောင်စုကြီး သာယာဖို့အတွက်၊ ကျွန်တော်တို့ ကတော့ ဒါ ပေးလို့ရတယ်။ ကျမတို့ ပေးချင်တယ်၊ ကျွန်တော်တို့ ပေးချင်တယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ တကယ့် စိတ်ဓာတ်ကို ချဉ်းကပ် စေချင်တယ်။ ငါတို့ကို ဘာပေး၊ ငါတို့ကတော့ ဘာရမှ ဆိုတဲ့ စိတ်ဓာတ်နဲ့ အားလုံးက ချဉ်းကပ်မယ်ဆိုရင် ကျမတို့ ဘယ်လိုလုပ် ညီညွတ်မှု ရနိုင်မလဲ။” လို့ ဆိုပါတယ်။ ဒေါ်စုပြောတဲ့ အပေါ်မှာ မူအရ လက်ခံပါတယ်။ ယေဘုယျ ဆန်တဲ့ ပြောဆိုချက် တခုလို့လည်း မှတ်ယူပါတယ်။ မတော် မတရား တောင်းဆိုမှုတွေကတော့ တိုင်းရင်းသားတွေ ဘက်က ရှိခဲ့မယ်တော့ မထင်ပါဘူး။
တိုင်းရင်းသားတွေဘက်က ဗမာတွေ အယူပဲ ရှိခဲ့တာပါ။ တိုင်းရင်းသားတွေကြောင့် ဗမာနစ်နာ သွားခဲ့ရတာ မရှိပါဘူး။ ခေတ်အဆက်ဆက် အုပ်ချုပ်ရေး အာဏာကို ယူခဲ့တဲ့သူတွေဟာ ဗမာ လူမျိုးတွေသာ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေ ဘက်က ဘာတွေ ထပ်ပေးရမလဲလို့ပဲ မေးချင်ပါတယ်။ တချိန်က အာဏာမရှိလို့ တိတိကျကျ မပြောနိုင်ခဲ့ပေမယ့် ယနေ့အချိန်မှာ တိုင်းရင်းသား တန်းတူရေးကို (NLD) အနေနဲ့ ဘယ်လို ဖော်ဆောင် မလဲဆိုတာ ချပြချိန်တော့ ရောက်လာပါပြီ ထင်ပါတယ်။
“အချို့ လူတွေဆိုရင် ဒီလို ပြည်ထောင်စုမျိုးကို ဘယ်လို ပုံစံနဲ့ ထူထောင် ကြမလဲ။ ဘယ်လို နည်းနဲ့ ဒီလို ပြည်ထောင်စုမျိုး ဖြစ်လာအောင် လုပ်ကြမလဲ ဆိုတာကို စဉ်းစား စေချင်တယ်၊ ပြောစေချင်တယ်။ အကြံတွေ ပေးစေချင်တယ်။ ကျမတို့ ကောင်းတဲ့ အကြံတွေကို စုပေါင်း ပြီးတော့ ဒီအကြံတွေ ပေါ်မှာ အခြေခံတဲ့ အလုပ်တွေ လုပ်မယ်ဆိုရင်တော့ ကျမတို့ မျှော်မှန်းတဲ့ ပုံစံတစ်ခု ဖြစ်လာ မှာပါ။ ပြည်ထောင်စုနဲ့ ပတ်သက်လို့ ကျမ တစ်ခါတစ်လေ မေးဖူးပါတယ်။ ကျမတို့ တိုင်းရင်းသားတွေကိုပါ။
တိုင်းရင်းသားတွေထဲမှာ ဗမာတွေလည်း ပါ ပါတယ်။ ဒီလို ပြည်ထောင်စု၊ ပြည်ထောင်စု ဆိုတဲ့အခါ ကြရင် ပြည်ထောင်စု ဆိုတဲ့ စကားကို မပြောခင်မှာ ကိုယ့်ရဲ့ နောင်လာ နောက်သားတွေ ကိုယ့်ရဲ့ သားသမီးတွေ၊ မြေးတွေ မြစ်တွေကို ဘယ်လို နိုင်ငံမျိုးမှာ ကြီးပြင်း လာစေချင်သလဲ ဆိုတာကို စဉ်းစားကြည့်ပါ၊ ဘယ်လို အခြေအနေ ဘယ်လို ပတ်ဝန်းကျင်မှာ ကိုယ့်ရဲ့ နောင် လာမယ့် ကလေးတွေ၊ ကိုယ့်ရဲ့ နောင်လာ နောက်သားတွေ၊ မျိုးဆက်သစ်တွေကို ကြီးပြင်း လာစေသလဲ၊၊ အဲဒီလို ပတ်ဝန်းကျင်မျိုး၊ အဲဒီလို နိုင်ငံမျိုး၊ ဖြစ်လာအောင်လို့ တို့ ဘယ်လို လုပ်ရမလဲ ဆိုပြီးတော့ အဲဒီလို စဉ်းစား စေချင်တယ်။ ပြည်ထောင်စု ဆိုတာဟာ နိုင်ငံရေးအရ တင်မဟုတ်ဘူး။
လူမှုရေးအရပါ စဉ်းစားရမယ့် ကိစ္စပါ။ ဘာလို့လဲ ဆိုတော့ ပြည်ထောင်စု တစ်ခုကို ထူထောင်တယ် ဆိုရင် နိုင်ငံရေးအရ ထူထောင်ရမှာပဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ထူထောင်ရမယ်။ ကျမတို့ အုပ်ချုပ်ရေး (သို့မဟုတ်) အုပ်ချုပ်ရေး စနစ်အရ ထူထောင်ရမယ်။ ဒါပေမဲ့ ပြည်ထောင်စု အတွင်းမှာ နေတဲ့ တိုင်းရင်းသား အားလုံး စိတ်ချမ်းသာဖို့ စိတ်လုံခြုံဖို့ ဆိုတာကတော့ လူမှုရေး စံနှုန်းစံထားတွေနဲ့ အများကြီး ဆက်နွယ် ပါတယ်။ ဒါကြောင့် ကျမတို့ တိုင်းရင်းသားများဟာ ကိုယ့် သားသမီး မြေး၊မြစ် နောင်လာ နောက်သားတွေကို ဘယ်လို နိုင်ငံမျိုးမှာ ကြီးပြင်း လာစေချင်လဲ။
အဲဒီဟာကို အဓိက ထားပြီးတော့ ဘယ်လို ကျမတို့ ပြည်ထောင်စုကြီးကို ခိုင်မြဲအောင်လို့ ပြည်ထောင်စုကြီးကို သာယာ ဖွံ့ဖြိုးအောင်လို့ ထူထောင် ကြမလဲဆိုတာ ဝိုင်းပြီးတော့ စဉ်းစားပေးကြပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံရင်း နိဂုံးချုပ်ပါတယ်။” လို့ ဒေါ်စုက ရေးပါတယ်။
ဟုတ်ပါတယ်။ တိုင်းရင်းသားတွေဟာ အနာဂတ်ကာလမှာ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေကို ဘယ်လို နေသင့်တယ်ဆိုတာနဲ့ ပတ်သက်ပြီး စဉ်းစားကြရမှာပါ။ စဉ်းလည်း စဉ်းစားကြပါတယ်။
စဉ်းစားရင်း၊ အိမ်မက်တွေ မက်ရင်းပဲ၊ တိုက်ပွဲတွေကြားမှာ သေသူသေ၊ ဒုက္ခိတ ဖြစ်တဲ့သူ ဖြစ်၊ ထောင်နန်းစံသူက စံဖြင့် ရူးရူးမိုက်မိုက် အိမ်မက်တွေ မက်ခဲ့ကြပါတယ်။ ဆက်လည်း မက်နေကြတယ်လို့ ထင်ပါတယ်။ တိုင်းရင်းသားတွေ ကတော့ ဗမာပြည်ဟာ ဘယ်လို ဖယ်ဒရယ် ပြည်ထောင်စု ပုံစံမျိုး ဖြစ်သင့်သလဲ ဆိုတာကို အတိုင်းအတာတခုထိ ချပြခဲ့ကြပြီလို့တော့ ယူဆပါတယ်။ ဒါပေမယ့် ခေတ်အဆက်ဆက် အုပ်ချုပ်သူတွေဟာ ဂရု မစိုက်ခဲ့ကြပါဘူး။ တင်ပြရုံက လွှဲပြီး တိုင်းရင်းသားတွေမှာ လုပ်ပိုင်ခွင့်၊ ပြောပိုင်ခွင့် အာဏာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။
အနာဂတ် ဖယ်ဒရယ် ပြည်ထောင်စုနဲ့ ပတ်သက်ပြီး ဘယ်လို ဖြစ်သင့်သလဲ ဆိုတာကအစ တိုင်းရင်းသားတွေ ဘက်က တင်ပြတဲ့ မူတွေ ရှိပါတယ်။ ဒီမူတွေဟာ တိုင်းရင်းသား လူမျိုးစု တစုက တင်ပြတောင်းဆိုတာ မဟုတ်ဘဲ၊ ဗမာမပါတဲ့ တိုင်းရင်းသား အားလုံးရဲ့ စုပေါင်း တောင်းဆိုချက်တွေလည်း ဖြစ်ပါတယ်။ ဒီအပေါ် စဉ်းစား ပေးရမှာက အာဏာရှိတဲ့၊ လုပ်ပိုင်ခွင့်ရလာတဲ့ (NLD) နဲ့ ဗမာ့ တပ်မတော်က ခေါင်းဆောင်တွေပဲ ဖြစ်ပါတယ်။ (NLD) အစိုးရသစ်တက်လို့ အာဏာရလာယင် တိုင်းရင်းသားအရေးနှင့် ငြိမ်းချမ်းရေးကို ပထမဆုံး ကိုင်တွယ်ဆောင်ရွက်မယ်ဆိုလို့ ၀မ်းသာ ကြိုဆိုမိပါတယ်။
တိုင်းရင်းသားတွေရဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး မူတွေနဲ့ ပတ်သက်ပြီး စေတနာရှိရှိ ပြောဆို ဆွေးနွေးကြတဲ့ နိုင်ငံရေး လေ့လာသုံးသပ် သူတွေရှိသလို တချို့ကလည်း လက်တွေ့မဆန်၊ စိတ်ကူးယဉ်ဆန်တဲ့ ပုံစံ၊ ဆိုဗီယက် ယူနီယံခေတ် အစွဲ၊ အမေရိကန်ကို အားကျ အထင်ကြီးစိတ်၊ ဗမာလူမျိုးကို အကျပ်ရိုက်စေတဲ့ မူ စသည်ဖြင့် ပြောဆို ရေးသားကြပါတယ်။
ဗမာပြည်နဲ့ ပတ်သက်တဲ့ ဖယ်ဒရယ်မူ တိုင်းလိုလိုမှာ ဗမာပြည်နယ် ဖွဲ့စည်းရေး ဆိုတာ ပါတဲ့ အတွက်ကြောင့် ရယ်စရာလိုလို၊ ဟာသလိုလို၊ စိတ်ကူးယဉ် လိုလို မရိုးမသား လုပ်ကြံကြသလားလို့တောင် သံသယ ဖြစ်မိပါတယ်။ တိုင်းရင်းသားတွေကပဲ အားအားယားယား ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ချင်သလို ဖြစ်နေရပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဗမာ လူမျိုးတွေရဲ့ စေတနာရှင် ပုံစံ လူလည်ကျတဲ့ လုပ်ရပ်တွေကြောင့် တောင်းဆို နေကြရတာပါပဲ။ တချို့က တိုင်းဒေသကြီးတွေကို ပေါင်းပြီး ဗမာပြည်နယ် ဖွဲ့စည်းလိုက်ရင် တချိန်က ဆိုဗီယက် ပြည်ထောင်စု နိုင်ငံရဲ့ အကြီးဆုံးသော ရုရှား ပြည်နယ်က ကျန်ပြည်နယ်တွေ အပေါ် အနိုင်ကျင့်သလို အနိုင်စား ခံရနိုင်တယ်၊ ဗမာပြည်နယ် အပါအ၀င် (၈) ပြည်နယ်ဟာ အခွင့်အရေး တန်းတူရှိပေမယ့် လက်တွေ့မှာ ပြည်ထောင်စု အစိုးရက ဗမာပြည်နယ်ကို ကြောက်နေရတဲ့ အခြေအနေ ဖြစ်လာနိုင်တယ်၊ ဗမာပြည်နယ်ဟာ ပြည်ထောင်စုရဲ့ အန္တရာယ်တောင် ဖြစ်လာနိုင်တယ်လို့ ဆိုးကျိုးတွေ အဖြစ်ပုံဖော် ၀ါဒဖြန့်လာကြပါတယ်။
အဲလောက် ဆိုးတာလောက်ကတော့ လက်ရှိ ဘ၀ထက် အသာကြီး သာပါသေးတယ်လို့ ပြန်ပြောရမလို ပါပဲ။ နောက်တမျိုးက လက်ရှိ တိုင်း (၇) တိုင်းကိုသာ ဗမာပြည်နယ် အဖြစ် သတ်မှတ်ရင် အဲဒီတိုင်းတွေဟာ တိုင်းရင်းသား ပေါင်းစု နေထိုင်တဲ့ ဒေသတွေသာ ဖြစ်တယ်၊ လက်ရှိ ဗမာ ပြည်မလို့ ခေါ်နေတဲ့ ဒေသတွေမှာ ရခိုင် (၁) သန်း အခြေချနေပြီ၊ ဒါပေမယ့် ဗမာတွေဟာ ငြိငြင် ရကောင်းမှန်းမသိဘူး၊ ပြည်မကို ဗမာပိုင်ရမယ်လို့ သဘော မထားတဲ့ အတွက် တိုင်းရင်းသားမှန်ရင် ဘယ်သူနေနေ ကိစ္စမရှိဘူးလို့ ဗမာတွေက သဘော ထားကြောင်း၊ တိုင်း (၇) တိုင်းကိုလည်း ဗမာပြည်နယ်ခေါ်ရင် နာမည်သာ တွင်ချင်တွင်မယ် တကယ် ဗမာပိုင် မဖြစ်နိုင်ဘူး ဆိုပြီး ဗမာတွေက သဘောထားကြီးလွန်းတဲ့ အတွက် ဗမာပြည်နယ်ကို မဖွဲ့စည်း သယောင်ယောင်၊ အတွေးအခေါ် ရှုပ်ထွေးအောင်၊ မရိုးမသားတဲ့ အကောက်အယူတွေကို နားလှည့်ပါးရိုက် လုပ်တာတွေလည်း တွေ့ရပါတယ်။
ဗမာပြည်နယ် ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်ဦး အမြင်ကတော့ "ဗမာပြည်နယ် သတ်မှတ်ရေး ဆိုတာတော့ ရှမ်းမူအရ ဆိုရင်တော့ ကယ်လီ ဖိုးနီးယားနဲ့ ၀ါရှင်တန် ဒီစီပေါ့။ အဲဒီမှာလည်း ဒီထက် ငယ်တဲ့ ပြည်နယ်လေးတွေ ရှိပါတယ်။ အင်မတန်ငယ်တဲ့ ပြည်နယ်လေးတွေ တောင်မှ လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးစီ ပေးကြတယ်။
ဥပမာ ပြည်နယ် ၅၀ ဆိုရင် ကိုယ်စားလှယ် ၁၀၀ ပေါ့။ အဲလိုနည်းနဲ့ သွားကြတာကိုး။ အခုလည်း ဗမာက ဘယ်လောက်ပဲကြီးကြီး ကိုယ်စားလှယ် မျှတူ သွားသင့်တယ်။ အောက်လွှတ်တော် (ပြည်သူ့ လွှတ်တော်) မှာက ဗမာ အများစု ဖြစ်နေတဲ့အတွက် ဗမာက အမြဲတမ်း နိုင်တယ်။ ခင်ဗျားတို့ ဘယ်လို ခေါ်လဲ။ အထက် လွှတ်တော်လို့ ခေါ်မလား၊ အောက် လွှတ်တော်လို့ ခေါ်မလား။ အဲဒီတော့ ဒီနှစ်ခုက တစ်ခုနဲ့ တစ်ခု ထိန်းညှိတဲ့ သဘောပါ။ ငါက လူနည်းစု၊ ငါ များရမယ်ဆိုတာ မပါပါဘူး။ အောက်မှာက ဗမာ အမြဲတမ်း နိုင်တာပဲ။ အပေါ်မှာက လူနည်းစု များသည့်တိုင်အောင် ဗမာကလည်း မရှုံးပါဘူး။ ဒါညှိတဲ့ သဘောပဲ" ဟု ဆိုပါတယ်။
တိုင်းရင်းသားတွေ လိုလားတာက ဖက်ဒရယ် ပြည်ထောင်စုစနစ် တည်ဆောက်ရာမှာ အမျိုးသား တန်းတူရေးကို အခြေခံတဲ့ “ဗမာပြည်နယ်” ဖွဲ့စည်းဖို့ တောင်းဆိုတာ ဖြစ်ပါတယ်။ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ နိုင်ငံရေးကဏ္ဍရဲ့ ဖက်ဒရယ် ခေါင်းစဉ်အောက်မှာ နိုင်ငံရေးပါတီ အစုအဖွဲ့ ကိုယ်စားလှယ် (SNLD) ရဲ့ ကိုယ်စားလှယ်တွေက “ဗမာပြည်နယ်” ထပ်တိုး သတ်မှတ် ပေးဖို့ စာတမ်း တစောင် တင်ပြ ဆွေးနွေးခဲ့သေးတယ်။ (၈) ပြည်နယ် အခြေခံတဲ့ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး တင်ပြခဲ့တာပါ။
(SNLD) ကိုယ်စားလှယ် ဦးစိုင်းညွှန့်လွင့် ပြောတာကတော့ “အမျိုးသား တန်းတူရေးကို အခြေခံ သွားမယ်ဆို ကျန်တဲ့ တိုင်းရင်းသားတွေက ပြည်နယ် ရှိတယ်။ ဗမာမှာ မရှိ ဘူး။ တိုင်း အသီးသီးကလည်း ဗမာကို ကိုယ်စား မပြု နိုင်ဘူး။ ဒါကြောင့် အမျိုးသား တန်းတူရေးကို ဦးတည် မယ်ဆို ဗမာပြည်နယ် ဖွဲ့ရမယ်” လို့ ပြောပါတယ်။ အဲဒီညီလာခံမှာ အစိုးရ အစုအဖွဲ့၊ လွှတ်တော် အစုအဖွဲ့နဲ့ တပ်မတော် အစုအဖွဲ့တွေက လက်ရှိ တိုင်းနဲ့ ပြည်နယ် (၁၄) ခု ကို ဒီအတိုင်းပဲ ဆက်ထားပြီး ဗဟို အားကောင်းတဲ့ အစိုးရစနစ်ကို ကျင့်သုံးဖို့ ဆွေးနွေး ခဲ့ကြပါတယ်။
“NLD က ဦးဥာဏ်ဝင်းရော ပြည်ခိုင်ဖြိုးက ဦးမြင့်စိုး ( ဒုတိယ ဗိုလ်ချုပ်ကြီး အငြိမ်းစား ) တို့ကပါ ဒီကနေ့ ကျင်းပတဲ့ အစုအဖွဲ့ ဆွေးနွေးတဲ့ ဆွေးနွေးမှုတွေမှာ (၈) ပြည်နယ်မူကို မနှစ်သက်တဲ့ သဘောပြောနေတယ်” ဟု (SNLD) ပါတီကိုယ်စားလှာယ် ဦးစိုင်းထွန်းအေး ဆိုပါတယ်။
ဗမာပြည်နယ် သီးခြား သတ်မှတ်ရေးနဲ့ ရှစ်ပြည်နယ် အခြေခံမူဟာ (၁၉၆၁) ခုနှစ်မှ အခု အချိန်ထိ တောင်းဆိုခဲ့ပေမယ့် အောင်မြင်မှု မရရှိတဲ့ အဆိုတခု ဖြစ်ပါတယ်။ (၁၉၆၂) က တောင်ကြီးမြို့မှာ ကျင်းပခဲ့တဲ့ ညီလာခံမှာ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေး (ရှမ်းပြည်နယ် ဆိုင်ရာ) ကြိုးကိုင် ကော်မတီက “ဖယ်ဒရယ်မူ” “ဗမာပြည်နယ် ဖွဲ့စည်းရေး ရှစ်ပြည်နယ်မူ” ကို တရားဝင် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒါကို ဗမာအများစုက ရှမ်းမူဟာ အပြော လွယ်သလောက် လက်တွေ့အလုပ်ဖြစ်ဖို့ ခက်တဲ့ “ဗမာမုန်းတီးရေးမူ” ဆိုပြီးတော့ ပြောကြပါတယ်။
ကွယ်လွန်သွားပြီ ဖြစ်တဲ့ (NLD) ခေါင်းဆောင် ဦးဝင်တင်ကတော့ "ရှစ်ပြည်နယ် လုပ်မယ်ဆိုတာကို ဗမာတွေက လက်မခံဘူး။ လူမျိုးစု အနေနဲ့ကလည်း ရှစ်မျိုးလား။ အစိုးရ လုပ်ထားတဲ့ ၁၃၆ မျိုးလား။ အဲဒါကလည်း ပြဿနာ တစ်ခု ဖြစ်နေတယ်" ဟု ပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဗမာပြည်နယ် အပါအ၀င် (၈) ပြည်နယ်မူကို "အဲဒါက ဆွေးနွေး ယူရမှာပဲ။ အန်တီ တစ်ယောက်တည်း သဘောထားနဲ့ ဘယ်လို ပြောလို့ ရမှာလဲ။ ဒီပုံစံကို ရှမ်း တိုင်းရင်းသားတွေ အပြင် အခြား တိုင်းရင်းသားတွေရော ဘယ်လို မြင်သလဲဆိုတာ ဟိုဘက် ဒီဘက် ညှိနှိုင်းဆွေးနွေး ရမှာပဲ" လို့ ဆိုပါတယ်။
ဗမာပြည် ဖယ်ဒရယ်ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီးတော့ မူတွေတော့ အမျိုးမျိုး ရှိကြပါတယ်။ ဗမာပြည်နယ် မဖွဲ့စည်းဘဲ တည်ရှိနေတဲ့ မူဆိုလို့ (၁၄) ပြည်နယ် (၁၄) ယူနစ် မူ ပဲ ဖြစ်ပါတယ်။ လက်ရှိ ရှိနေတဲ့ ပြည်နယ်နှင့် တိုင်း (၁၄) ခု ပုံသဏ္ဍာန်ကို မဖျက်ဘဲ တိုင်းဒေသကြီးတွေကို ပြည်နယ် အဖြစ် ပြောင်းလဲ သတ်မှတ်မယ့် မူ ဖြစ်ပါတယ်။ တိုင်းရင်းသား အများစုက အဲဒီမူကို လက်မခံကြပါဘူး။
ဒါပေမယ့် (၈) ပြည်နယ်မူကို လက်ခံတဲ့ တယောက်ကတော့ "အမျိုးသား လွှတ်တော်မှာ တိုင်းရင်းသားတွေ ရထားတဲ့ အချိုးကို ပြင်ပေးရမယ်။ ဥပမာအားဖြင့် တိုင်းဒေသကြီး တစ်ခုက နေရာ (၁၂) နေရာ ရထားတယ်။ တိုင်းရင်းသား ပြည်နယ်တွေကိုလည်း နေရာ (၁၂) နေရာ ပေးထားတယ်။ အဲဒီအချိုးကို တိုင်းဒေသကြီးတွေက (၁၂) နေရာပဲယူ၊ တိုင်းရင်းသားတွေကို ၁၅ နေရာ၊ (၂၀) စသဖြင့် ပိုရအောင် တိုးပေးမယ်။ အဲဒီဟာကို တိုးပေးပြီး တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်ကိုလည်း အာမခံမယ်ဆိုရင် (၁၄) ယူနစ် ကိစ္စကို ကျွန်တော်တို့ လက်ခံပြီး ဆွေးနွေးမယ်။ ဒါပေမဲ့ တိုင်းဒေသကြီးတွေကို ပြည်နယ်အဖြစ် ပြောင်းလဲ တာကိုတော့ မလိုချင်ဘူး။ လက်ရှိ အတိုင်းတိုင်းနဲ့ ပြည်နယ် (၁၄) ခု အတိုင်း ဆက်ပြီးသတ်မှတ် ပေးထားရမယ်" ဟု ဆိုပါတယ်။
နောက်မူ တခုကတော့ (၁၂) ပြည်နယ်မူ ဖြစ်ပါတယ်။ ဒါကတော့ (၂၀၀၈) ခုနှစ်က တိုင်းရင်းသား လက်နက်ကိုင် အင်အားစု၊ ပြည်ပရောက် ဒီမိုကရေစီ အင်အားစုတွေ ဦးဆောင်တဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေး (မူကြမ်း) ရေးဆွဲရေးနဲ့ ညှိနှိုင်းကော်မတီက ရေးဆွဲခဲ့တဲ့ မူ ဖြစ်ပါတယ်။ ရှစ် ပြည်နယ်နဲ့ ဗမာပြည်နယ် သီးခြား သတ်မှတ်ရေး ကိစ္စဟာ ခေတ် အဆက်ဆက် အောင်မြင်မှု မရရှိခဲ့တဲ့ အဆိုဖြစ်ခဲ့တာကြောင့် ပြည်ထောင်စုကို ရှစ်ပြည်နယ်နဲ့ အထက်ဖွဲ့စည်းရေး ပုံစံ ဖြစ်ပါတယ်။
လက်ရှိ ဖွဲ့စည်းပုံ ဖြစ်တဲ့ ပြည်နယ်နဲ့ တိုင်း (၁၄) ခုကို ဖျက်သိမ်းပြီး ကချင် အမျိုးသား ပြည်နယ်၊ ကရင် အမျိုးသား ပြည်နယ်၊ ကရင်နီ အမျိုးသား ပြည်နယ်၊ ချင်း အမျိုးသား ပြည်နယ်၊ ဗမာ အမျိုးသား ပြည်နယ်၊ မွန် အမျိုးသား ပြည်နယ်၊ ရခိုင် အမျိုးသား ပြည်နယ်၊ ရှမ်း အမျိုးသား ပြည်နယ်၊ တနင်္သာရီ အမျိုးသားများ ပြည်နယ်၊ ဧရာဝတီ အမျိုးသားများ ပြည်နယ်နဲ့ အမည်ဖော်ပြခဲ့ခြင်း မရှိသေးတဲ့ အခြားအမျိုးသား ပြည်နယ် နှစ်ခု အပါအ၀င် အမျိုးသားပြည်နယ် စုစုပေါင်း (၁၂) ခု ဖွဲ့စည်းသတ်မှတ်ရေး ဖြစ်ပါတယ်။ ဒီမူနဲ့ ပတ်သက်ပြီး ဦးဆောင်ပါဝင်ခဲ့တဲ့ ပအို့ဝ် အမျိုးသား ဗိုလ်မှူးကြီး ခွန်ဥက္ကာက "ကျွန်တော် တွေ့တာကတော့ တိုင်း (၇) တိုင်း၊ ပြည်နယ် (၇) ပြည်နယ် အခုကျတော့ တိုင်းဒေသကြီး (၇) ခုနဲ့ ပြည်နယ် (၇) နယ် ဒီမူတွေ အားလုံးက ပြည်ထောင်စု မဟုတ်သေးတာကို တွေ့ရတယ်လေ။
ဒါကြောင့် တောင်ကြီးမူလို ရှစ်ပြည်နယ်မူ ဆိုရင်လည်း ethnic base မဟုတ်ဘဲနဲ့ multiethnic နယ်တွေမှာ အခက်အခဲ ရှိပါတယ်။ ဒါကြောင့် multiethnic ပြည်နယ်တွေနဲ့ ethnic base ပြည်နယ်တွေပါ ပါလို့ရှိရင် ကျွန်တော် သိတာတော့ အကြမ်းဖျင်းပေါ့လေ။ ကျွန်တော်တို့ တိုင်းပြည်မှာ ခုနစ်ပြည်နယ်ကနေ (၁၅) ပြည်နယ် ဒီလောက်ပဲ ရှိနိုင်တယ်ဗျ" ဟု ဆိုပါတယ်။
ယခုအချိန်ခါ အဲဒီ မူတွေထဲက ကျွန်တော် အကြိုက်ဆုံး မူ ကတော့ (၁၂) ပြည်နယ် (သို့မဟုတ်) ထပ် တိုးချဲ့ရနိုင်တဲ့ မူ ပဲ ဖြစ်ပါတယ်။ ဒါဟာ ယနေ့ ကြုံတွေနေရတဲ့ လူမျိုးကို အခြေခံရေး၊ ပထ၀ီကို အခြေခံရေး ၀ိဝါဒ ကွဲပြားနေတာတွေကို ကျော်လွှားနိုင်တယ်လို့ ယုံကြည်ပါတယ်။ ဒါ့အပြင် ပြည်နယ် ရရှိသင့်၊ ရရှိထိုက်တဲ့ လူမျိုးတွေ အတွက်လည်း လမ်းဖွင့်ပေးထားလို ဖြစ်နေတာကြောင့် အပျော့ ပျောင်းဆုံး မူလို့ ဆိုချင်ပါတယ်။ ပြည်နယ် သစ်တောင်းဆိုကြမယ့် လူမျိုးတွေ အနေနဲ့လဲ သက်ဆိုင်ရာ လက်ရှိ ပြည်နယ်ရဲ့ အဓိက လူမျိုးတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုသာ အကောင်းဆုံး အဖြေဟု ထင်မိပါတယ်။
နောက်လာမည့် ဆွေးနွေးပွဲတွေမှာ ဒီထက်ကောင်းတဲ့ မူတွေလည်း ထွက်ကောင်း ထွက်လာမယ်လို့လဲ ယုံကြည်ပါတယ်။ ဒါပေမယ့် ဗမာပြည်နယ် ဖွဲ့စည်းဖို့ လိုအပ်တဲ့ ဆိုတဲ့ အချက်ကိုတော့ မျက်ကွယ်မပြု သင့်ပါဘူး။ ဗမာလူမျိုးတွေ ဗမာပြည်နယ် ဖွဲ့စည်းဖို့ ဆန္ဒရှိ မရှိ ဆိုတဲ့ အချက်ဟာ တိုင်းရင်းသား တန်းတူရေးကို နားလည်နိုင်မှု ရှိ မရှိ တိုင်းတာနိုင်တဲ့ စံတခုလို့ မှတ်ယူပါတယ်။
ဒါကြောင့် အနာဂတ် ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပါတ်သက်ပြီး မူတွေ ဘယ်လိုပဲ ကွဲပါစေ အမျိုးသားတန်းတူရေးကို စေတနာ မှန်မှန်နဲ့ ဖော်ဆောင်ကြမယ် ဆိုရင် ဗမာ တိုင်းရင်းသားတွေရဲ့ “ဗမာပြည်နယ်” ဖွဲ့စည်းရေးကို လုပ်ဆောင်ကြရမှာပါ။ ဗမာပြည်နယ် မဖွဲ့စည်းဘဲ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်မယ် ဆိုရင်တော့ ဒါဟာ ဗမာ့နည်း ဗမာ့ဟန် ဖယ်ဒရယ် လမ်းစဉ်သာ ဖြစ်နေအုံးမှာပါ။ ဗမာနဲ့ ရခိုင်၊ ဗမာနဲ့ မွန်၊ ဗမာနဲ့ ရှမ်း စတဲ့၊ ဗမာ နဲ့ တိုင်းရင်းသားတွေရဲ့ ဆက်ဆံရေးဟာ နိုင်ငံရေးအရ တန်းတူရည်တူ အခွင့်အရေး မဟုတ်ဘူး ဆိုရင် ဒီနိုင်ငံဟာ ဒေါ်အောင်ဆန်းစုကြည် ပြောသလို ကိုယ့်ရဲ့ သားသမီး မြေး၊မြစ် နောင်လာ နောက်သားတွေကို ကြီးပြင်းစေချင်တဲ့ နိုင်ငံမျိုးမဟုတ်တာ အသေအချာပါပဲ။
ကျွန်တော့် မျိုးဆက်တွေကိုထားခဲ့ချင်တဲ့ နိုင်ငံဆိုတာ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ ဗမာတကျပ် ရခိုင်တကျပ် အပြည့်အ၀ရှိတဲ့၊ ပင်လုံ အနစ်သာရကို အပြည့်အ၀ ပုံဖော်ထုဆစ်ထားတဲ့၊ အနာဂတ် စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်စွမ်းရှိတဲ့၊ ပန်းပေါင်းစုံ ပွင့်ခွင့်ရှိတဲ့ နိုင်ငံပဲ ဖြစ်ပါတယ်။
အမျိုးသားတန်းတူရေး တိုက်ပွဲတွေမှာ ကျဆုံးခဲ့ရတဲ့ သူရဲကောင်းတွေကို ဦးညွှတ်ရင်း …..

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...