Thursday, May 12, 2016

ကျောက်စိမ်းတူးဖော်မည့် လုပ်ကွက်သစ်များ လုပ်ကိုင်ခွင့်ပြုတော့မည် မဟုတ်ဘဲ လက်ရှိတူးဖော်နေသည့် လုပ်ကွက်များကိုလည်း ဥပဒေဖြင့် ကန့်သတ်မည်

The Ladies News Journal

နေပြည်တော်၊ မေ ၁၁
------------------------

ကချင်ပြည်နယ်၊ လုံးခင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းတူးဖော်လုပ်ငန်း လုပ်ကွက်သစ်များအား ထပ်မံလုပ်ကိုင်ခွင့်မပြုတော့ဘဲ လက်ရှိတူးဖော်နေသည့် လုပ်ငန်းများကိုလည်း ဥပဒေဖြင့် ကန့်သတ် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက အမျိုးသားလွှတ်တော်တွင် ပြောသည်။

“ဝန်ကြီးဌာနအနေနဲ့ ကျောက်စိမ်းလုပ်ကွက်သစ်တွေကို ထပ်မံချပေးတော့မှာ မဟုတ်တဲ့အပြင် လက်ရှိတူး ဖော်နေတဲ့ ကျောက်စိမ်းရိုင်းတူးဖော်တဲ့ လုပ်ငန်းတွေကိုပါ ဘေးအန္တရာယ်လျော့ပါးအောင်၊ သဘာဝ ပတ်ဝန်း ကျင်မထိခိုက်အောင် ဥပဒေရေးဆွဲပြီး ကန့်သတ်သွားမှာ ဖြစ်ပါတယ်” ဟု ၄င်းကဆိုသည်။
ကချင်ပြည်နယ်တွင် အတိုင်းအဆမဲ့ ကျောက်စိမ်းတူးဖော်ခြင်း၊ စည်းကမ်းမဲ့ မြေစာစွန့်ပစ်ခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျင်ဆိုးရွားစွာပျက်စီးနေပြီး မြေစာပုံပြိုကျ၍ အသက်ဆုံးရှုံးမှုများစွာ ဖြစ်ခြင်းတို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ကျောက်စိမ်းတူးဖော်ကုမ္မဏီများအား ဥပဒေနှင့်အညီ စနစ်တကျ ထိထိရောက် ရောက်တားမြစ်ပေးရန် လိုအပ်နေကြောင်း ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၉) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ထောက်ပြ ပြောဆိုသည်။
ဝန်ကြီးဌာနအနေဖြင့် လုံးခင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်တွင်ရှိသော ကျောက်စိမ်းသယံဇာတများအား အတိုင်းအ ဆမဲ့တူးဖော်မှု မရှိစေရေး၊ မြေစာပုံပြိုကျမှုဖြစ်စဉ်များ လျော့နည်းစေရေးနှင့် သဘာဝပတ်ဝန်းကျင် မထိခိုက်စေ ရေး ဥပဒေများရေးဆွဲနေပြီဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက အတည်ပြု ပြောကြားသည်။
“ကျောက်စိမ်းတူးဖော်နေတဲ့ ကုမ္မဏီများ ဥပဒေချိုးဖောက်မှုတွေကို အမြန်ဆုံးထိထိရောက်ရောက် အရေးယူ ဖို့လိုနေပါပြီ၊ မြေပြင်အခြေအနေတွေ ဘယ်လိုရှိသလဲဆိုတာ သက်ဆိုင်ရာတာဝန်ရှိသူတွေ အမြန်ဆုံး ကွင်း ဆင်းကြည့်ပါလို့ပဲ ပြောချင်တယ်”ဟု ဦးခင်မောင်မြင့်က တိုက်တွန်းပြောကြားသည်။
ကျောက်စိမ်းနယ်မြေ၌ စက်ယန္တရားနှင့် မြေသယ်ယဉ်အသုံးပြုမှုကို ကန့်သတ်လိုက်ပြီး ကျောက်စိမ်းတူးဖော်မြေ (၁၀) ဧကအောက် ကျောက်စိမ်းတူးဖော်နိုင်သည့် ဘတ်ဖိုး(၅)စီးနှင့် မြေစာသယ်ယူနိုင်သည့် မြေသယ်ယဉ် (၂၀) စီး၊ (၁၀) ဧကမှ ဧက(၃၀) အထိ ကျောက်စိမ်းတူးဖော်နိုင်သည့် ဘတ်ဖိုး(၁၂)စီးနှင့် မြေစာသယ်နိုင်သည့် မြေသယ်ယဉ် (၃၆) စီး၊ မြေဧက (၃၀)နှင့် အထက် ကျောက်စိမ်းတူးဖော်နိုင်သည့် ဘတ်ဖိုး (၂၀) စီးနှင့် မြေစာ သယ်ယူနိုင်သည့် မြေသယ်ယဉ်(၄၈)စီး ဟူ၍၄င်း သတ်မှတ်ထားကြောင်း သိရသည်။
“ပြည်ထဲရေးဝန်ကြီးဌာနက ဦးဆောင်တဲ့ မြေပြင်ကွင်းဆင်းစစ်ဆင်ရေးအဖွဲ့တွေဟာ ကျောက်စိမ်းတူးဖော်ရာမှာ စက်ယန္တရားတွေကို အလွန်အကျွံ သုံးစွဲမှုမရှိစေရေး ပုံမှန်စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်” ဟု ၄င်းက ဖြည့်စွက် ပြောသည်။
အစိုးရသစ်လက်ထက် ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်ခြင်းမှ ထွက်ရှိလာသော မြေစာပုံများကို စနစ်တကျ စွန့်ပစ်ရန်အတွက် မြေစာပုံရန် မြေနေရာ (၁၂) နေရာကို သတ်မှတ်ပေးခဲ့ပြီး မြေစာပုံများ ပြိုကျမှု အန္တရယ် ဖြစ်ပွားနိုင်ခြင်းရှိ မရှိကို ဖားကန့်မြို့နယ် မြေစာစွန်ပစ်မှုကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းကာ စိစစ်လျက်ရှိကြောင်း သိရသည်။
“ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ပဏီများအနေနဲ့ သတ်မှတ်ထားတဲ့ မြေစာ စွန့်ပစ်စည်းကမ်းများ၊ သတ်မှတ်ချက် များကို လိုက်နာဆောင်ရွက်မှု မရှိရင် ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူသွားမှာ ဖြစ်ပါတယ်” ဟု ပြည် ထောင်စုဝန်ကြီးက ဦးအုန်းဝင်းက အမျိုးသားလွှတ်တော်တွင် အတည်ပြု ပြောကြားသည်။
လုံးခင်းမြို့နယ်နှင့် ဖားကန့်မြို့နယ် တို့တွင် ကျောက်စိမ်းတူးဖော် ဧရိယာ ၁၇၄၄၇၅၇ ဧကရှိပြီး နိုင်ငံတော်နှင့် ပူးပေါင်းတူးဖော်သည့် လုပ်ကွက် ၃၀၅ ကွက်နှင့် ပုဂ္ဂလိကလုပ်ကွက် ၇၃၄၄ ကွက်တို့အား လုပ်ပိုင်ခွင့်ပေး ထားလျှက်ရှိသည်။
ကိုပေါက်
Photo - Jan Khone
The Ladies News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...