Saturday, May 7, 2016

ငန်းထနေဆဲ မြန်မာ့နိုင်ငံရေး || စိုင်းထွန်းအောင်လွင် ||

The Ladies News Journal

ယခုရက်ပိုင်းအတွင်း နိုင်ငံရေးကိစ္စတစ်ခုက ရုပ်ဆိုးလွန်းလှသည်။ ၀ ခေါင်းဆောင် တော်တော်များများ စိတ်ပျက်နေကြသည် ဟု နီးစပ်သူများက ဆိုသည်။ အကြောင်းမှာ ၀ တပ်ဖွဲ့ ခေါင်းဆောင်များက လက်ခံတွေ့ဆုံခဲ့သော NLD ကိုယ်စားလှယ် ဦးစိုးမြင့် ( အငြိမ်းစား ဗိုလ်မှူးချုပ်နှင့် စစ်သံမှူးဟောင်း ) ကို အစိုးရ ၊ လွှတ်တော် ၊ ပါတီ မည်သည့်ဘက်မျှ ကိုယ်စားမပြုဟုဆိုသည်။ မြန်မာနိုင်ငံ မြောက်ပိုင်း တိုင်းရင်းသား အင်အားစုများကို သြဇာရှိသော ၀ တပ်ဖွဲ့အနေဖြင့် ၄င်း၏ ပြည်နယ်ရပိုင်ခွင့် အပါဝင် ငြိမ်းချမ်းရေးနှင့် အပစ်ရပ်ရေးဆိုင်ရာ ကိစ္စရပ်များကို ပွင့်လင်းစွာ ချပြခဲ့သော်လည်း ယင်းကိုယ်စားလှယ်မှာ တရားမ၀င် ဖြစ်သွားခဲ့သဖြင့် ခဲလေသမျှ သဲရေကျသည့် အသွင်ဖြစ်သွားမည်မှာ မလွှဲဧကန်ပင်။

ဝ ဒေသ ပန်ဆန်းတွင် ပြုလုပ်ခဲ့သော ဆွေးနွေးပွဲတွင် ၀( UWSA ) ခေါင်းဆောင်များ အနေဖြင့် စိတ်အားထန်သန်စွာ ဆွေးနွေးခဲ့ကြပြီး ဒီချုပ်အစိုးရနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန်ပါ ကတိပြုခဲ့သည့်အပြင် ပြည်ထောင်စုမှ မခွဲထွက်ပါ၊ ငြိမ်းချမ်းရေး ပြသ၁နာများကို စေ့စပ်ညှိနှိုင်း အဖြေရှာသွားမည်၊ ယခင်အစိုးရ အဆက်ဆက်နှင့် ချုပ်ဆိုခဲ့သည့် စာချုပ်များကို အသိမှတ်ပြုရေး ၊ ၀ ပြည်နယ်အရေးတို့ကို အဆိုပြုခဲ့ပြီး စစ်ရေးနည်းလမ်းဖြင့် အဖြေရှာမည် မဟုတ်ဟုလည်း ၀ ခေါင်းဆောင် ရှောက်မီလျံက ကတိပြုခဲ့ပါသည်။ သည်လို သွားသည့်ကိစ္စက တကယ်ပဲ တာဝန်မပေးဘဲ ကိုယ်တိုင်စူးစမ်းလိုသည့် သဘောဖြင့် သွားသည်လား တစ်ဦးတစ်ယောက်၏ လှုံဆော်မှုကြောင့်လား ကာယကံရှင်သာ သိပေလိမ့်မည်။
ကိုးကန့် နှင့် AA ရခိုင်တပ်ဖွဲ့တို့ကိုလည်း တပ်မတော်က ယခုအချိန်အထိ လက်ခံရန် အရိပ်အယောင် မပြသေးပါ။ လွှတ်တော်အတွင်း ဆွေးနွေးမှုများတွင် AA အား ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ လာရောက်ခွင့်ပြုရန် တိုင်းရင်းသား ကိုယ်စားလှယ် အများအပြားက ထေက်ခံခဲ့သော်လည်း NLD မှာ တပ်မတော်ကိုလည်း လွန်ဆန်နိုင်ဟန် မတူချေ။ တပ်ကိုယ်စားလှယ်များကတော့ အပြင်းထန် ကန့်ကွက်ခဲ့သည်ကို တွေ့ရသည်။ AA အား ဆွေးနွေးပွဲ တက်ရောက်ခွင့်ကို အစိုးရက မဆောင်ရွက်ပေးလည်း ရနေသည့် သဘောဖြစ်နေသည်။ ကိုးကန့်တပ်ဖွဲ့နှင့် AA ရခိုင်အဖွဲ့တို့မှာ ယခင်အစိုးရ လက်ထက် ကတည်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ခွင့် တားမြစ်ခံထားရသည့် အဖွဲ့များဖြစ်ပေသည်။
၎င်းတို့မှာ ငြိမ်းချမ်းရေး ဆွေးနွေးလိုသော်လည်း AA ရခိုင်အဖွဲ့မှာ ဒီမိုကရေစီကို တိုက်ခိုက်နေခြင်းသာ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး၏ ပြောဆိုချက်မှာ ဒွိဟဖြစ်စေ ပါသည်။ လက်နက်ကိုင် အဖွဲ့များစွာရှိနေ၍ ဒီမိုကရေစီ အရေး နှောင့်နှေးသည် ဆိုသည်မှာ ယေဘုယျကျသော်လည်း ငြိမ်းချမ်းရေး လုပ်လိုသည့်အဖွဲ့များကို လက်သင့် မခံသည်ကတော့ မေးခွန်းထုတ်စရာ ကောင်းနေဆဲပင်။ လက်နက်ချမှ ငြိမ်းချမ်းရေး လွတ်ငြိမ်းခွင့် ပေးမည်ဟုပါ သဘောသက်ရောက်နေပါသည်။
တိုင်းရင်းသား လက်နက်ကိုင်များ၏ နောက်ပိုင်း တောင်းဆိုနေသည့် ပြည်ထောင်စု တပ်သဘောသဘာဝမှာ နှစ်လတာရှည် အမျိုးသားရေးဝါဒီ ဆန်ဆန် အဓိက အခြေပြုခဲ့ဖွယ် ရှိသည့် တပ်မတော်ဖွဲ့စည်းမှုနှင့် ဆက်စပ်နေသည် ကိုလည်း ငြင်းပယ်၍ မရနိုင်ပါချေ။ AA ရခိုင်တပ်ဖွဲ့နှင့် ပတ်သက်၍ ကိုယ်စားပြုမှုနှင့် ပတ်သက်၍ ပြည်သူထောက်ခံမှုအရ ရခိုင်ပြည်နယ်အတွင်း ဆန္ဒခံယူမှုလုပ်ကြည့်လျှင်ပင် တပ်မတော်ဘက်မှ ရှုံးနိမ့်ရန် ရာခိုင်နှုန်းများနေသည်ဟု အလွယ်တကူ ကောက်ချက်ချနိုင်ပေသည်။
ထို့ကြောင့် AA ၊ ကိုးကန့် တို့နှင့်အဆင်မချောသည့်နောက် ၀ နှင့်ပါ သို့လော သို့လောဖြစ်လာသော တိုင်းရင်းသား လက်နက်ကိုင် အရေးတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုဖြင့် ဆွေးနွေးပွဲများ ပြန်စမည်ဖြစ်ငြားသော်လည်း စိန်ခေါ်မှုများစွာ ရှိနေသည်။ လက်ကျန်အဖွဲ့များဖြစ်သည့် တအာင်းပလောင်အဖွဲ့မှာလည်း သူ့အတိုင်းအတာနှင့် သူ ကန့်သတ်ခံရသည့် အနေထားဖြစ်နေဆဲ ဖြစ်သည်။ AA ၊ ကိုးကန့် ၊ ၀ ၊ တအာင်းပလောင်တို့ တိုက်ရိုက် မပါဝင်နိုင်ခဲ့လျှင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြားတွင်လည်း စုစည်းညီညွတ်သည့် အစုအဖွဲ့အဖြစ် ဆွေးနွေးပွဲတွင် ပါဝင်ခွင့်မှာ အခွင့်လမ်း နည်းနေ ဦးမည်သာဖြစ်သည်။
တစ်ဖက်တွင်လည်း NLD နှင့် ပြည်တွင်းရှိ ဥပဒေဘောင်အတွင်းမှ တိုင်းရင်းသားပါတီများ၏ ဆက်ဆံရေးမှာ မေးခွန်းထုတ်စရာ အခြေနေတွင် ရှိနေဆဲဖြစ်သည်။ ရှမ်းတိုင်းရင်းသားများ ဒိမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ဒေါ်အောင်ဆန်းစုကြည်၏ ၂၁ ရာစု ပင်လုံ ညီလာခံကို မူအရ လက်ခံသော်လည်း နှစ်လအတွင်း လုပ်မည်ဆိုသည့် ကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အလျင်စလို ပြောသည့် အသွင် ထောက်ပြဝေဖန် မှုများ ပြုလုပ်ခဲ့သည်။ ထိုနည်းတူစွာ နိုင်ငံရေးလေ့လာသူ အချို့ကလည်း ပင်လုံညီလာခံမှာ အလျင်စလို လုပ်ကောင်းသည့်အရာ မဟုတ်ဟု ဆိုနေပြန်သည်။
အစိုးရသစ်တွင် လုပ်ပိုင်ခွင့်ရှိသည် ဆိုငြားလည်း လတ်တလော ဖြစ်ပျက်ခဲ့သည့် ၀ တပ်ဖွဲ့ကို သူရဦးရွှေမန်းနှင့် နီးစပ်သူ ဦးစိုးဌေး သွားတွေ့မှု၊ AA နှင့် ပတ်သက်၍ NLD ဘက်မှ ပြတ်သားသော ရပ်တည်ချက် မရှိ။ လတ်တလော မြန်မာ့နိုင်ငံရေး အခြေနေအရ ပြည်ခိုင်ဖြိုးပါတီ မှာ နာလန်မထူနိုင်သော်လည်း တပ်မတော်မှာ အခြေခံ ဥပဒေကို ကစားခွင့်ရှိနေရာ ဒီမိုကရေစီ ဘက်တော်သားနှင့် တိုင်းရင်းသား အင်အားစုများဘက်မှ အင်အားမရှိဘဲ သွားကစားလျှင် မုချရှုံးနိမ့်ဦးမည့် ဘောလုံးပွဲစဉ်ကဲ့သို့သာ ဖြစ်နေဦးမည်။ အပစ်ရပ်ရေးကိုပဲ ကြည့်မည်ဆိုရင် ရခိုင် ၊ တအာင်းပလောင် ၊ ကိုးကန့် MNDAA တို့ကို ကန့်သတ်သလို ဖြစ်သွားခဲ့ပြီဖြစ်ပြီး ၊ ကချင် KIO လည်း နည်းဗျူဟာတချို့ကို ပြောင်းလဲရန် ပြင်ဆင်နေပြီဖြစ်သည်။ အပစ်ရပ်ထားသည့် ရှမ်းလက်နက်ကိုင် RCSS / SSA နှင့် ကေအန်ယူတို့လို အဖွဲ့များမှာလည်း အခြားနည်းလမ်းများ စတင်စဉ်းစားနေလောက်ပြီ ။
တိုင်းရင်းသား အဖွဲ့အချို့မှာလည်း ဒေ၀ဒတ်နှင့် ပေါင်းမှန်းမသိ ပေါင်းဘိ သကဲ့သို့ ဖြစ်နေဆဲဟု လေ့လာသူအချို့က ဆိုကြပါသည်။ တိုင်းရင်းသားများ အနေဖြင့်လည်း မိမိတို့နယ်မြေနှင့် လူမျိုး အကျိုးစီးပွားအတွက် သာမကဘဲ တစ်နိုင်ငံလုံးကို ခြုံငုံသည့် မူဝါဒရေးရာများ ချမှတ်ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်သည်။ အကယ်၍ ပြည်မခေါင်းဆောင်များ၏ မူဝါဒလွဲချော်ခဲ့သော် အခြားသော နည်းလမ်းဖြင့် ပြန်လည်ကုစား တည့်မတ်ပေးရန် လိုနေဦးမည်သာ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား အင်အားစုများအကြား ၊ NLD နှင့် အခြားဒီမိုကရေစီ အသိုင်းအ၀ိုင်း ဆက်ဆံရေးမှာလည်း လွန်ခဲ့သည့် ငါးနှစ်အတွင်း ပုံမှန်မရှိခဲ့ပါ။ ထင်ရှားသော ဒီမိုကရေစီ အင်အားစုဖြစ်သည့် ၈၈ မျိုးဆက်ဆိုလျှင် ရွေးကောက်ပွဲတွင် NLD ပါတီဘက်မှ ပူးပေါင်းပါဝင်ခွင့်အတွက် အဖွဲ့ဝင် အမြောက်အမြားမှာ ငြင်းပယ်ခံခဲ့ရသည်။
ပြည်သူအများ ထည့်သွင်းမစဉ်းစားကြသည်မှာ ဒေါ်အောင်ဆန်းစုကြည် အလွန် မြန်မာ့နိုင်ငံရေးပင်ဖြစ်ရာ အဆိုပါကွက်လပ်တွင် ဖြည့်တင်းရန် တာဝန်ရှိသည့် ၈၈ များမှာလည်း ငန်းထနေဆဲ ပြိုကွဲ ပဲ့စင်၍ ကောင်းနေဆဲသာဖြစ်သည်။ အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်သူများလည်း တဖြည်းဖြည်းတိုးလာနေပါသည်။ ဦးကိုကိုကြီး ၊ ဦးမြအေးတို့မှာ နိုင်ငံရေး စိတ်ဓာတ်ရှိသော်လည်း သူတို့ထက်ပို၍ နာမည်ကြီးသော ဦးမင်းကိုနိုင် နှင့် အပေါင်းပါတချို့မှာ အနုပညာဘက်ကိုသာ ပို၍အားသန်ပုံရှိပြီး NGO ဆန်ဆန်အဖွဲ့ကိုတော့ ကိုင်ထားဆဲဖြစ်သည်။ ပါတီနိုင်ငံရေး ဘက်ကိုတော့ တစ်လှမ်းမှပင် မလှည့်သေးပါ။ လူထုအခြေပြု အဖွဲ့စည်းဟု ဆိုထားသော်လည်း CBO ၊ CSO တာဝန်ဖြစ်သော ပြောသင့်ပြောထိုက်သည့် ကိစ္စများတွင် ပြောဆိုရန် နှေးကွေးလေးလံ လွန်းလှသည်ဟု ကောက်ချက်ချနိုင်ပါသည်။
ဆိုခဲ့သော အနေထားတွင် ၈၈ အချို့မှာ ခွဲ၍ ပါတီထောင်လျှင်လည်း အားကောင်းမောင်းသန်ဖြစ်ရန် ခဲယဉ်းပါသည်။ နိုင်ငံရေးအရ ရဲတင်းလွန်းလှသည့် ကျောင်းသား သမဂ္ဂအချို့နှင့် ၈၈ မျိုးဆက်တို့မှာ တစ်ကျောင်းတည်း ထွက်များ ဖြစ်သော်လည်း ဟိုဘက်အစွန်း ဒီဘက်အစွန်းသာ ဖြစ်နေပေသည်။
ဒီမိုကရေစီတွင် အရေးကြီးသော အရပ်ဘက် အဖွဲ့စည်း ကဏ္ဍကိုကျော်လွန်၍ သတင်း မီဒီယာ ကဏ္ဍကို ကြည့်မည် ဆိုလျှင်လည်း ခါတော်မှီ အမေခေါ်ဆိုမှုများနှင့် ပရိသတ်အား မလွန်ဆန်နိုင်မှုများ ဒုနဲ့ဒေး တွေ့မြင်နေရသည်။ ခြွင်းချက် အနေဖြင့်အချို့မှာ မှန်မှန် ကန်ကန် ဝေဖန် ထောက်ပြနေကြသည်။ သတင်းဌာန ပေါ်လစီကြောင့် လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့သော် အချို့သတင်းသမားများမှာ ခါတော်မှီ လော်ဘီဖြစ်မှန်းမသိ ဖြစ်လာသည်ကတော့ သေချာသည်။
ယခင်က မြန်မာ့ငြိမ်းချမ်းရေးစင်တာနှင့် ဦးသိန်းစိန်တို့ကိုသာ လော်ဘီလုပ်ပေးခဲ့သူ အီလစ်သတင်းသမားအချို့မှာ ယခုအခါတွင် အမေ ၊ အမေ ဟု တစာစာအော်နေကာ ဒီမိုဘက်ပြောင်း ပြည်ခိုင်ဖြိုးများနှင့် နီးကပ်နေကြသည်။ သို့သော် အဆိုပါ သတင်းသမားများ၏ သတင်းတင်ဆက်မှုများကို လေ့လာကြည့်ပါက လူ့အခွင့်ရေး ချိုးဖောက်ခံရမှုကဲ့သို့ ကိစ္စများတွင် ပြည်သူအား လမ်းမှန်ညွှန်ပြရေးသားမှု နည်းပါးနေဆဲဖြစ်သည်။
ကြံ့ခိုင်ရေးပါတီ ဘက်မှ ဒီမိုကရေစီ ဘက်တော်သားများ အဖြစ် ကူးပြောင်းလာသူများ၏ ကွင်းအတွင်း ခြေရည်မှာလည်း ညံ့နေဆဲဖြစ်ကြောင်း ပေါ်လွင်နေသည်။ မြိုင်ကြီးငူ ဆရာတော် ဘာသာခြားများ၏ ဘုရားကျောင်းဝင်းထဲ စေတီလိုက်တည်သည့် ကိစ္စများတွင် အပူတပြင်း မဖြေရှင်းဘဲ အချိန်ယူ သည်းခံဖြေရှင်းရန် ဆိုသည့် သာသနာရေးဝန်ကြီး၏ မှတ်ချက်မှာ ပြည်သူအများကို ဒေါသထွက်စေသည့်ကိစ္စ ဖြစ်နေသည်။ ပြည်ခိုင်ဖြိုး ဒီမိုဘက်ပြောင်းအချို့မှာလည်း ဖေ့စ်ဘုတ်မှသာ ၀ါဒဖြန့်ပြီး အကောင်ထည် ဖော်မှုဆိုင်ရာ အားနည်းနေသည့် အတွက် လူပြိန်းကြိုက်အဆင့်မှ တက်မလာဆဲဖြစ်နေသည်။ အဆိုပါ ဒီမိုဘက်ပြောင်းများကို တပ်မတော်အရာရှိများက မျက်စိစပါးမွေးစူးမှုများ ရှိနေသည် မှာလည်း အသေချာပင်။
တစ်ချိန်တည်းတွင်လည်း ကြံ့ခိုင်ရေးပါတီ အနေထားမှာလည်း ကုရာနတ္ထိ ဆေးမရှိသကဲ့ သို့ပင် နောက်တစ်ခါ ရွေးကောက်ပွဲတွင် ပြန်လာနိုင်ပါ့မလား စိုးရိမ်စရာပင် ။ ပါတီတွင်း တိုက်ပွဲများမှာ မြင်မကောင်း ရှုမကောင်းအောင် ဖြစ်နေပြီး သံဝေဂ ယူစရာပင်။ ပြည်သူ့စစ် တချို့၏ နယ်မြေများတွင်လည်း ဘိန်းခင်များမှာ ဝေဆာနေဆဲပင်။ ယင်းအပြင် တိုင်းရင်းသား မျိုးနွယ်စုဆိုင်ရာ အင်အားစုများကလည်း သူတလူ ငါတမင်း ညီညွတ်မှုမရှိခြင်း တို့ကြောင့် နိုင်ငံရေးသည် ဆက်လက် ငန်းထဖွယ်ရာရှိနေတော့သည်။
တပ်ပေါင်းစု ညီညွတ်ရေး ၊ဒီမိုကရေစီအင်အားစု ၊ တိုင်းရင်းသားအင်အားစု ၊ တပ်မတော် ဆိုသည့် သုံးပွင့်ဆိုင် အမျိုးသား ပြန်လည်သင့်မြတ်ရေး ရည်ရွယ်ချက်မှာလည်း နှစ်ပေါင်း ၂၅ နှစ် ကျော်လာချိန်တွင် ရည်မှန်းချက်မှာ အကောင်ထည် ဖော်နိုင်ခြင်း မရှိသေးသည်ကို မြင်တွေ့နေရဆဲဖြစ်ပါသည်။

အမျိုးသား ပြန်လည်သင့်မြတ်ရေးဟု ဆိုသော်လည်း တပ်မတော် လုပ်လိုသည့် သင့်မြတ်ရေး မှာ အကန့်အသတ် တစ်ရပ်နှင့် ဖြေလျှော့မှု အတိုင်းအတာ တစ်ရပ်အထိသာ ရှိနေသည် ကိုလည်း မျက်ဝါးထင်ထင် မြင်တွေ့နေရပေသည်။ တိုင်းရင်းသားများ ညီညွတ်ရေးကိုလည်း လိုလားပါ့မလားဟု မေးခွန်းထုတ်စရာ ကောင်းနေဆဲပင်။
အချုပ်အားဖြင့် ဆိုသော် ဒီမိုကရေစီ အင်အားစုများ၏ ညီညွတ်ရေး တည်ဆောက်နိုင်မှု အားနည်းခြင်း၊ တိုင်းရင်းသားများမှာလည်း မညီညွတ်ခြင်း ၊ တိုင်းရင်းသားနှင့် ဒီမိုမညီညွတ်ခြင်း ၊ အားလုံးတွင် ခိုင်မာသည့် အမျိုးသား ပြန်လည်သင့်မြတ်ရေး မူဝါဒမရှိခြင်း ၊ ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ ဖြစ်သည့် သတင်းမီဒီယာများ အားမကောင်းသေးခြင်း ၊ အရပ်ဘက် အဖွဲ့အစည်းကဏ္ဍ အားနည်းနေခြင်း တို့ကြောင့် မြန်မာ့နိုင်ငံရေးမှာ ငန်းထနေဆဲပင် ဖြစ်သည်။
စိုင်းထွန်းအောင်လွင်
The Ladies News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...