Sunday, May 29, 2016

သဘောတရားအတူတူပဲ

နိုင် လင်း ထွန်း
 
" ငါယိုးမ NLD အစိုးရသစ်
မီးကလည်း ပျက်သေး
မိုးရွာတော့ ရေကလျှံသေး
ဆန္ဒပြတော့ ဖမ်းသေးတယ်၊ မဲပေးမိတာမှားတာပဲ " ဟု
အိမ်ရှေ့မှ အော်ဟစ်ဆဲဆို ကြိမ်းမောင်းနေတာက ဘကြီးတူ မောင်ပေါ....
ဒီကောင်က မျိုးချစ်ယောင်ယောင်၊ တတိယအုပ်စုဝင်ယောင်ယောင်ဖြင့် ယောင်ခြောက်ဆယ်လုပ်နေတဲ့ ငယောင်။

သို့နှင့် မောင်ပေါကို ပညာပေးရန် ဘကြီးစဉ်းစားခန်းဝင်ပြီးသကာလ မောင်ပေါကို လှမ်းခေါ်လိုက်သည်။
" မောင်ပေါရေ ဘကြီးကိုကူညီပါအုံးကွာ"
" ဘာများလဲ ဘကြီး"
" မင်းရဲ့အဖေ၊ ဘကြီးရဲ့ညီ ရုတ်တရက်ဆုံးပါးသွားလို့ ငါသတင်းလာမေးတာ မင်းသိတယ်နော်"
" ဟုတ်၊ သိတယ်လေ ဘကြီး"
" မင်းအဖေဖြစ်တဲ့ ငါ့ညီက မိဘတွေစကားနားမထောင်လို့ အိမ်ကနှင်ချလိုက်ကတည်းက ထွက်သွားတာဟာ သေမှပဲ မင်းဆီက သတင်းရလို့ ဘကြီးလိုက်လာကြည့်တာရော မင်းသိတယ်နော် "
" ဟုတ်.. သိပါတယ်ဗျ၊ အာ့ဘာဖြစ်လို့လဲ ဘကြီး"
" မင်းအဖေဆုံးတာ တလကျော်ကျော်ပဲရှိသေးတယ်နော်"
" ဟုတ်တယ်လေ"
" မင်းအဖေဆုံးတဲ့နေ့ နောက်တရက် ဘကြီးရောက်တာလည်း မင်းသိတယ်နော်"
" အာ့လည်း သိတယ်လေ၊ ဘာဖြစ်လို့လဲ"
" အခု မင်းအမေမှာ ဗိုက်ထွက်လာတာရော ဘကြီးနဲ့ဆိုင်တယ်လို့ မင်းပြောမလား"
" ဟာဗျာ.. ဘကြီးကလည်း လာနောက်နေတယ်၊ ဘကြီးရောက်တာက တလလောက်ပဲရှိသေးတယ်၊ အမေ့ဗိုက်က အတော်ထွက်နေတာကြီးကို ဘယ်လိုလုပ်ပြီး ဘကြီးနဲ့ဖြစ်မှာလဲ"
" မင်းကသာ မဖြစ်နိုင်ဘူးပြောနေတာ၊ တချို့က ဘကြီးကိုပဲ ဝိုင်းဆဲနေကြတယ်ကွ"
" ဘယ်သူတွေက ဆဲတာတုန်းဗျ၊ ဦးနှောက်မရှိကြဘူးလား၊ ရောက်တာ တလပဲရှိသေးတာကို ဒီလောက်ထွက်နေတဲ့ဗိုက်ကို စွပ်စွဲစရာလား"
" အေးကွာ .. ဘကြီးလည်း အဲဒါပြောတာ၊ မင်းတို့သားအမိကို ကူညီစောင့်ရှောက်ဖို့တာဝန်က ဘကြီးမှာ တာဝန်ရှိပြီးသားမို့ ပြဿနာမရှိပေမယ့် အခုလိုစွပ်စွဲခံရတာတော့ သိပ်မဟုတ်သေးဘူးကွ"
" ပူမနေနဲ့ ဘကြီး၊ ကျုပ်ကြည့်ရှင်းလိုက်မယ်"
ဤသိုဖြင့် မောင်ပေါတယောက် အိမ်ရှေ့ထွက်လျက် သူ့အမေဗိုက်ထွက်တာဟာ ဆုံးသွားတဲ့သူ့အဖေနဲ့ဖြစ်တာကြောင့် ဘကြီးကို စွပ်စွဲတဲ့ကောင် ထွက်လာပြီး ရင်ဆိုင်ရန်၊ ဤမျှထွက်လာသော ဗိုက်ကို တလမျှသော ရှိသေးသောလူတယောက်၏ လက်ချက်ဟု စွပ်စွဲရအောင် ဦးနှောက်မရှိကြဘူးလား၊ ရူးနေကြသလား စသဖြင့် ထုံးစံအတိုင်း အော်ဟစ်ဆဲဆိုပြီး သကာလ အိမ်ပေါ်ပြန်တက်လာရင်း ....
" ကျုပ်ရှင်းလိုက်ပြီ ဘကြီး၊ အေးဆေးပဲ၊ ဒီကောင်တွေ ဦးနှောက်မရှိတာပါ "
" မောင်ပေါ မင်းလည်း အဲလိုပြောတဲ့ကောင်တွေနဲ့ အတူတူပဲကွ၊ ဦးနှောက်မရှိဘူး "
" ဟင် .. ဘာဆိုင်လို့လဲ ဘကြီးရဲ့၊ ကျုပ်ကသိတယ်လေ"
" မင်းမသိလို့ပဲ၊ စောစောက အိမ်ရှေ့မှာ အစိုးရသစ်ကို ထိုင်ဆဲနေတာပေါ့ကွ"
" အန်.. ဆိုင်လို့လား"
" ဆိုင်တယ်လေကွာ၊ တာဝန်ယူတာ တလကျော်ပဲ ရှိသေးတာကို မင်းက သိမ်းကျုံးပြီး အပြစ်တင်ဆဲဆိုနေတာပဲလေ"
" ဒါကတော့.. ဟွာလေ"
" ဘာမှ လာပြောမနေနဲ့၊ ဒီအစိုးရသစ်ကို မင်းအပြစ်တင်နေတာဟာ မင်းအမေရဲ့ဗိုက်က ဘကြီးကြောင့်လို့ ပြောတာနဲ့ သဘောတရားအတူတူပဲ "
" တိန်"😖😖😖
Ye Tay Za

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...