Thursday, May 12, 2016

“ တောင်ထိပ်က တေးသံ ”

Min Ko Naing

သူ့အကြောင်းကို ငယ်စဉ်ကပင် ကြားဖူးနေကျ၊ ချင်း
ပြည်နယ်၏ အလှဘုရင်မ။
မြန်မာနိုင်ငံတွင် တတိယမြောက် အမြင့်ဆုံးတောင်ဝိတိုရိယ ဟူ၍။
ဒါက အင်္ဂလိပ်ခေတ် အခေါ်အဝေါ် ဆိုတော့ ပြန်ပြောင်းခဲ့ကြသည်။
ချင်းလိုတော့ “ခေါ်နုသုမ်”၊ မြန်မာလို နတ်မတောင် ဟူ၍။
ဒေသခံတွေက ဒီမြန်မာပြန် နာမည်ကို မတိကျ သေးဟု ခံစားနေဆဲပါ။

“တောင်တွေရဲ့ အမေ” ဟု အဓိပ္ပာယ်ရအောင် မှည့်စေချင်ပါသတဲ့။
.
ယောနယ် ဆောမြို့ကလေးမှ ၁၂ မိုင် ဆိုလျှင် ချင်းပြည်နယ်
ကန်ပက်လက်ကို ရောက်ပြီ။ ထိုမှသည် အရောက်သွား
ရမည်က ချင်းအခေါ် “ခေါ်နုသုမ်” မြန်မာပြည်မှာ တတိယ
အမြင့်ဆုံးဆိုပေမယ့် မြေသား တောင်ထဲမှာတော့ သူက
အမြင့်ဆုံးတောင်။
ကချင်ပြည်နယ်က ခါကာဘိုရာဇီ၊ စာရာမေတိတို့လို
ကျောက်သား၊ ရေခဲတောင် မဟုတ်။

ချင်းတောင် ဆိုသည်နှင့် “ဇလပ်နီ”ကိုသာ စိတ်ထဲ မြင်
ယောင်ကြည့်ကြစမြဲ။ ကျွန်တော် ချင်းတောင်ကို ၃ ခေါက်
ရောက်ဖူးသော်လည်း ပေ ၄-၅ ထောင် အထိသာမို့
ထိုမြင်ခဲလှသည့် ဇလပ်နီကို ကြည့်ချင်လျက် မမြင်ခဲ့ရ။
သူက ပေ ၆ ထောင် ၇ ထောင် ကျော်မှ ပွင့်သည့် နတ်ပန်း
ပေကိုး။
.
ခရီးသွား ဧည့်သည် တစ်ဖွဲ့လုံးမှာ တောင်ဇလပ်နီကို
ရင်ခုန်ချင်လှဘိ။ ပေ ၆ ထောင် ကျော်သည်နှင့် ရှာကြမည်။
အရင် တွေ့သူ ကံထူးစတမ်း။ ဒီနတ်ပန်း ဘယ်အဆင်းနဲ့
ဂုဏ်သတင်း ဒီလောက် မွှေးနေပါ့။ စိတ်ထဲ ကြုံးဝါး
ကြပါသည်။
*-*-*
အမြင့်ပေ ၄၅၆၀ ရောက်တော့ “ကန်ပက်လက်”မြို့ကို နှုတ်
ဆက်ခွင့်ရသည်။ ကန်ပက်လက်က ထွက်တော့ “ကန်ပုလဲ”
ဆိုသည့် ကန်ဟောင်းကို မြင်ရ၏။ အချို့ကလည်း ကန်ပုလဲ
ကနေ ကန်ပက်လက် ဖြစ်သွားတယ်ဟု ဆိုပြန်သည်။
ကျွန်တော် အတိအကျ မသိခဲ့ရပါ။ထူးခြားနေတာက အခြား
မြို့များလို(ဟားခါး၊ တီးတိန်၊ တွန်းဇံ၊ မတူပီတို့လို) ချင်းနာမည်
ဘာကြောင့် မဖြစ်ရသလဲ။
.
ကန်ပက်လက်တွင် နှစ်ပေါင်း ၃၀ နီးပါး တာဝန်ထမ်းဖူးသူ
သမ ဦးစီးမှူးက ထိုကိစ္စကို ရှင်းပြပါသည်။ အင်္ဂလိပ်ခေတ်က
ဒီဒေသဟာ မကွေးတိုင်း မင်းကြီး နယ်ပယ်ထဲမှာပါ။
နွေရာသီ အပူရှောင်ဖို့ ဒီမှာ မြို့တည်ပါသတဲ့။ သြော်၊
သူက ရှမ်းပြည်မှာ ကလော၊ ယခင် မေမြို့၊ ယခု ပြင်ဦးလွင်
တို့လိုပေါ့ဟု နားလည် လိုက်ပါသည်။
ဒါကြောင့်လည်း မြို့အထွက်မှာ အုတ်တိုက်နီနီ ခေါင်းတိုင်
မြင့်နှင့် ဘိုတဲ တစ်လုံးကို မြင်ခဲ့တာကိုး။
ဒေသအခေါ် မှိုင်းတိုက်သည့်ဒဏ် ခံနိုင်ရန် တိုက်နံရံကို
နှစ်ထပ် ကာထားသည့် ဘိုတဲနီမှာ မီးကျွမ်း သစ်ငုတ်တွေ
နောက် ရှေ့၊ အထီးကျန် ဇာတ်ကြောင်းပြန်ချင်နေပုံရသည်။
.
ထိုဒေသ တာဝန်ကျသည့် အမှုထမ်းတွေ က ပြောသည်။
“ဟိုတုန်းကဆို ဆောင်းနှောင်း ရာသီမှာ တောတောင်
သစ်ပင်တွေ လှချက်ဗျာ၊ ကိုရီးယား ကားတွေထဲ လှသ
လောက်တော့ ဒီကလည်း ပြိုင်ရဲသပေါ့၊ နွေဦးပေါက်ခါနီး
အဝေးမြင်ကွင်းများ ကြည်လင်လို့ကတော့ ဟိုးပုပ္ပားအထိ
လှမ်းမြင်ရတာ” သူက တမ်းတမ်းတတ ပြောနေရင်းမှ
ရုတ်တရက် စကားကို ချိုးကွေ့ချလိုက်သည်။
“ဒါပေမဲ့ တောင်လုံးကျွတ် အဲသလို ၀ါရွှေနီ စုံအောင်
လှပြီးဆိုရင် တအား ငိုချင်တာဗျ”
“ဘာလို့လဲ” ဟု အားလုံးက မချင့်မရဲ မေးသည်။
“အထီးကျန်ဆန်တာကိုးဗျ၊ ကိုယ်နဲ့ ဘာသာစကား ရင်ဘတ်ချင်း
တူသူတွေမှ မရှိတာ၊ သဘာဝအလှကို ခံစားဖို့ ဆိုတာထက်
မြင်စေကြည့်စေချင်သူတွေကို ပြောနိုင်ပြနိုင်မှ၊ ဒီမှာက
အိမ်နီးနားချင်းလည်း မရှိ”
ခုခေတ်လို ဆက်သွယ်ရေး နည်းပညာနဲ့ဆို နည်းနည်း တော်
ဦးမယ်ဟု ကျွန်တော် ဖြေသိမ့် တွေးမိသည်။ Viber ဗီဒီယို
ဖုန်းနဲ့ ရိုက်ပြမယ်ပေါ့။ ကျွန်တော့် အတွေးကို လက်တွေ့
ဘ၀က ရက်ရက်စက်စက် နင်းချေ သွားသည်။ တယ်လီဖုန်း
လိုင်းတောင် ကောင်း ကောင်း မမိ။
.
သူ ပြောပြသည့် ၀ါရွှေနီမောင်း ပင်ပေါင်းစုံ တောလုံးဝေ
အလှကို ကျွန်တော် မြင်အောင် ခံစားရန် ကြိုးစားကြည့်
ပါသေးသည်။ မီးကျွမ်း ငုတ်တုတ် ဒဏ်ချက်များဖြင့်
ထိုတောင်က ဆံပင်ကျိုးတိုးကျဲတဲဘ၀ဖြင့် မျက်လွှဲချ
ရရှာပါ၏။
*-*-*
“ဒီနေရာတွေမှာ အရင်ကဆို ၀ံတွေ၊ ကျားတွေ၊ ကျား
သစ်တွေ ရှိသဗျ၊ နွားနောက်တွေကလည်း ပေါ”
သူက ပြောသာပြောရ အားမရှိလှပုံ။
အခုထိ နွားနောက်တောင် တစ်ကောင် မမြင်ရ။ ၀ံတွေက
လူမြင်လျှင် ရန်လုပ်တတ်သလောက် ကျားကတော့
ရှောင်ပြေးလေ့ ရှိကြောင်း ပြောရင်း ဒီက မြွေဟောက်
တွေက အကောင် ပိုကြီးတယ်လို့ ပြောသည်တွင်
ခရီးသွား ဧည့်သည်တွေ တွန့်ခနဲ ဖြစ်သွားသည်။
ဒါပေမဲ့ အပူပိုင်းဒေသက မြွေဟောက် တွေလို ကိုက်ရင်
ဆေးမမီလောက်အောင် အဆိပ်မပြင်းဘူးဗျလို့
ကြောက်စိတ် ဖြေပေးဖော် ရပါသည်။
ထိုခရီးမှာပင် ပါးရဲထိုးသူ ချင်းအဘွားအို တချို့ကို မြင်ခွင့်
ရခဲ့သည်။ ငယ်သူတွေထဲမှာ မတွေ့ရတော့ပါ။
ပါးရဲခေါ် ဆေးမင် မျက်နှာမှာ ထိုးသည်ကလည်း ဒေသ၊
လူမျိုးတစ်စုနှင့် တစ်စု ထိုးပုံမတူ။ ဒီဇိုင်း ကွဲကြသည်။
Munn တွေက ဒေါင်လိုက်စင်း ထိုးပြီး၊ Ngagahတွေက
ကန့်လန့်စင်း ထိုးသလို၊ Uppriu တွေကျတော့
မျက်နှာပြင် ပြည့်လုနီးနီး ထိုးခဲ့ကြသည်တဲ့။
*-*-*
“ဇလပ်နီတွေ တွေ့ရတော့မယ်ဟေ့
တွေ့ရတော့မယ်၊ ဇလပ်နီတွေ”
ပေ ၆ ထောင် ကျော်သည်နှင့် ခရီးသွား တွေက သံပြိုင်
အော်ရင်း အလုအယက် ရှာနေ ကြသည်။ ဓာတ်ပုံရိုက်
ရန်လည်း ဟန်တပြင်ပြင်။
.
လိုက်ပို့သူ ဒေသခံကား အားတောင့် အားနာ။ တောင်
ဇလပ်ပန်းတွေက ရှားကုန်ပြီ။ ဟိုးတုန်း ကလို မဟုတ်ဘူး။
လူတွေက အလှကြည့် တန်ဖိုးမထားဘဲ အမှတ်တရဆိုပြီး
ခူးယူကြ။ ကိုင်းတွေ ချိုးဖဲ့ကြတော့ မြင်ရခဲ သွားပြီ။
သစ်တောဌာနကတောင် မခူးယူကြဖို့ တားနေတာဟု
မသက်မသာ ရေရွတ်နေပါသည်။ မြင်ဖူးလိုသူတွေက
မချင့်မရဲ၊ တွေ့တော့ တွေ့ရမှာပဲဟု ဇွဲတင်းလာကြပါ၏။
.
အမြင့်ပေ ၁၀,၀၀၀ နား ရောက်သည်နှင့် မြင်ကွင်းက
သိသာစွာ ပြောင်းလာပါသည်။ သီးခြားဆန်သော သို့မဟုတ်
ကမ္ဘာအသစ် တစ်ခုကို ရောက်သလို ခံစားလိုက်ရသည်။
နွေ နေ့လယ်ခေါင်ခေါင် အနွေးထည်တွေ ထုတ်ဝတ်
ရသည်။ မြင်ကွင်းတစ်ခုလုံး အပင် တွေက အအေးဒဏ်
ခံနိုင်အောင် ကျင့်ကြံ နေထိုင်ရသည်ထင့်။ ပုပုလုံးလုံး
ကွေးကွေးလေး တွေချည်း မြင်နေရသည်။ နွေးထွေးသော
အိပ်ရာတွင် ကျွန်တော်တို့ ခြေဆန့်လက်ဆန့် အိပ်
နိုင်သော်လည်း ချမ်းအေးလွန်းသည့် ညများတွင်
အစွမ်းကုန် ပုကွေးနေရသည်နှင့် တူလှပါတော့သည်။
တောင်နံရံ လေကွယ်ရာအရပ်က အပင် တွေ ခါးဆန့်
ရသမျှ၊ လေဟာပြင်ဘက်နေရသည့် အပင်တွေက ဂျပန်
ဘွန်ဇိုင်းပင် တွေလိုချည်း မြင်နေရသည်။
.
အပင်အချို့မှာ “လေသိုက်” ဆိုသည့် ထူးခြားအရာကို
ဒေသခံက ပြသည်။ ဒါဟာ အပင်က ဖြစ်လာတာ
မဟုတ်ဘူး၊ မိုးတွင်းမှာ မှိုင်းတိုက်ရင်းနဲ့ အပင်တွေရဲ့
ကိုင်းတွေမှာ ငှက်သိုက်မျှင်တွေလို ဖြစ်လာပါ သတဲ့။
မှိုင်းတိုက်ရင်း ဖြစ်လာတာ ဆိုတော့ ကျပ်ခိုးစွဲသလိုလားဟု
ကျွန်တော် မေးရာ သူက အားပါးတရ ရယ်နေပါသည်။
.
အာဆီယံ အမွေအနှစ် ဥယျာဉ်ဆိုင်းဘုတ် နားရောက်မှ
တစ်ယောက်က တွေ့ပြီဟု အားရပါးရ အော်ကာ ဓာတ်ပုံ
ရိုက်သည်။
အပင် မြင်သမျှ မော့ကြည့် ရှာဖွေခဲ့ရသော ဒုက္ခလွတ်ပြီပေါ့။
တွေ့ရသည့် တောင်ဇလပ်ပန်းနီလေးကား အရွက်တွေထဲ
ပုန်းနေသည့် ကြားက တွေ့သွားသူတွေကို ရှက်စနိုး
ရယ်နေရော့ထင့်။
ကွယ်တစ်ဝက် ပေါ်တစ်ဝက် မြင်တစ်ဝက် လှုပ်ခတ်နေပါသည်။
.
ဒီနတ်မတောင်တက်လမ်းကို ကားလမ်း ပေါက်သွားသည့်
အပေါ် အမြင်တွေ မတူကြပါ။ လူအသွားအလာ များသည်
နှင့်အမျှ သဘာဝ ၀န်းကျင် ထိခိုက်မှာစိုးသူတွေက ဘ၀င်
မကျ သလို၊ ကိုယ်တိုင် လျှောက်မတက်နိုင်သူတွေကတော့
သဘောတွေ့ကြပါသည်။ အဆိုး အကောင်း တွဲနေသည့်
ကိစ္စမို့ ကိုယ် ပယောဂကြောင့် အလှနှင့် တန်ဖိုးများ
မထိခိုက်အောင် ဆင်ခြင်ကြဖို့သာ ရှိသည်ဟု ယုံကြည်ပါ၏။
.
*-*-*
.
တောင်ထိပ်ရောက်ပြီ။
ရှုခင်းများကား နတ်ပန်းချီသို့။
္ဘကမ္ဘာမြေပေါ်က အံ့ချီးဖွယ် အလှများ နည်းတူတော့
နတ်မတောင်ထိပ်လည်း သရဖူဆောင်းနိုင်သည်ပဲ။
နွေနေ့လယ်ကောင် အနွေးထည်ကို ရင်ဘတ်စေ့ရင်း
သဘာဝ၏ ရခဲသော တန်ဖိုး အလှ ဆွဲဆောင်ရာ
မျောပါလိုက်ပါ၏။
ထင်းရှူး၊ မဂျယ်၊ သစ်အယ်၊ ချယ်ရီ၊ တောင်ဇလပ်နီ
တို့ကို ပင်ယံပေါ် မော်ကြည့်။
ပတ်လည်တံတိုင်း၊ မြူဆိုင်းတောင်တွေ ငေးနေပြီးမှ
ကျွန်တော် ရပ်နေရာ တောင်ထိပ် မြေပြင် မှတ်မထင်
ငုံ့ကြည့်မိသည်။
အလို...မြေပြင်မှာ ကြဲပက်ထားသလို တွယ်ကပ်
နေကြတာဖြူ ပြာ ခရမ်း ပန်းကလေးတွေပါလား။
“မြေကပ် ပန်းကလေးတွေ” ဟု တစ်ယောက်က ရေရွတ်
လိုက်သည်။ ဒေသ အခေါ် ကျွန်တော် မသိပါ။
သိအောင်လည်း မကြိုးစားတော့ပါ။
ဒီနာမည်ကပင် သူတို့ သဘာဝ ဖြစ်တည်မှုကို ပေါ်လွင်
လှပါပြီ။
အမြင့်ပေ တစ်သောင်းကျော် တောင်ထိပ် ရောက်အောင်
အားခဲ လှမ်းလာရသူတွေ အတွက် အခြား သဘာဝ အလှ
များနည်းတူ အမောပြေ နှစ်သိမ့်ကြိုသူတွေထဲ မြေကပ်
ပန်းကလေးတွေလည်း အားတက်သရော ပါခဲ့ပါသည်။
.
.▬-▬-▬
‪#‎ကျွန်တော်တို့‬ ခေါင်းတွေက အမြင့် မျှော်တာ အကျင့်
ပါနေပြီမို့ မမြင်ခဲ့ကြပါ။ သူတို့ ဧည့်ဝတ်ကျေပါလျက်
နှုတ်မဆက်ခဲ့ရပါ။ သိမှတ်ပြု မတုံ့ပြန်ဖြစ်ခဲ့ပါ။
ကျွန်တော် သူတို့နံဘေး ကွက်လပ် ရွေးစရာ စိုးစိမျှ
မနင်းမိအောင် ရှောင်ကွင်းပြီး ညင်သာ ထိုင်လိုက်
ပါသည်။
.▬-▬-▬
အားမရသေး၍ သူတို့နှင့် နံဘေးယှဉ် လဲလျောင်း
လိုက်ပါ၏။
သူတို့ မျက်နှာများနှင့် ပိုနီးသွားပါပြီ။
မြေကပ်ပန်းကလေးများ၏ ဧည့်ကြို တေးသံကို
ခုမှ ကြားရပါပြီ။
တန်ဖိုးပျက်သွားမှာ စိုး၍ ပြန်မပြောပြတတ်ပါ။
ကိုယ်တိုင် နားဆင်ခွင့် ရစေကြချင်ပါသည်။
‪#‎မင်းကိုနိုင်‬
[ ပြည်သူ့အရေးဂျာနယ်၊ အတွဲ-၂၊ အမှတ် ၈၃ မှ )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...