Sunday, July 10, 2016

သမိုင်းကို ငြင်းဆန်ကြသူများ

Min Ko Naing

ရန်ကုန်မြို့က ဒီနှစ် ၁၀ တန်းအောင် လူငယ်တစ်ယောက်ဟာ
၁၉၈၈ သမိုင်းဖြစ်ရပ်တွေကို စာတမ်းပြုစုဖို့အတွက် အဲဒီ
အရေးတော်ပုံ ဆင်နွှဲပါဝင် တာဝန်ယူခဲ့တဲ့ ကျောင်းသားဟောင်း
တွေထဲက သူသိမီသမျှ လူတွေကို လိုက်တွေ့ မေးပါသတဲ့။
တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာနှင့် အတူ ဒီသမိုင်း ပြုစုချက်
ကိုလည်း ရေးတင်မှာ ပါတဲ့။


.
ဘယ့်နှယ် ... ဒီနှစ် ရန်ကုန်တက္ကသိုလ် မှာ သမိုင်းဘာသာ
အထူးပြုယူမယ့် ကျောင်း သား မရှိဘူးလည်း ပြောတယ်။
ဒါက ဘယ်လိုပါ လိမ့်။ ဒီကျောင်းသားလေး သမိုင်း ဘာသာ
သင်ယူမှာက အင်္ဂလန်နိုင်ငံ၊ အောက်စဖို့ဒ် တက္ကသိုလ်မှာ
ပါတဲ့။ ကျောင်း ၀င်ခွင့်အတွက် စာတမ်းပြုစုနေတာမို့ အခုလို
လိုက်လံ မေးမြန်းပြုစုနေတာပါ။ သူက ၈၈ အရေးတော်ပုံ
အကြောင်း ပြုစုရာမှာ တော်လှန် ပြောင်းလဲခဲ့သူ တွေဘက်က
အမြင်၊ အတွေး ပြောဆိုချက်တွေ တင်မက အဲဒီတုန်းက
ငြင်းဆန် နှိပ်ကွပ်ခဲ့သူ တွေရဲ့ အာဘော်အမြင်တွေကိုလည်း
လိုက်မေး ဦးမှာပါတဲ့။ ပြီးတော့ အဲဒီခေတ်ကို ဖြတ်သန်း
သိမီလိုက်တဲ့ သာမန် အရပ်သား ပြည်သူတွေ၊ ၀န်ထမ်း
တွေကိုလည်း မေးမယ်။ အဲဒီအချိန်က မှတ်တမ်းတင်ခဲ့တဲ့
မီဒီယာပေါင်းစုံရဲ့ အထောက် အထားတွေကိုလည်း ရှာဖွေဖို့
တက်ကြွနေပါတယ်။
.
ရန်ကုန်တက္ကသိုလ်မှာ ဒီနှစ် သမိုင်းမေဂျာ ယူလိုသူမရှိ
ဆိုတဲ့ သတင်းက ပညာရေးကို တန်ဖိုးထားသူတွေ အသိုင်း
အ၀ိုင်းနဲ့ အနာဂတ် ရေးကို တွေးမျှော်သူတွေကြား လှုပ်ခါ
သွား ခဲ့ပါတယ်။ သမိုင်း အထူးပြု မယူလိုကြတာ
ဘာကြောင့်လဲ မေးကြည့်တဲ့အခါ “အဲဒီ (သမိုင်း) ဘွဲ့နဲ့
ဘာလုပ်စားလို့ရမှာလဲ” လို့ သူတို့က ပြန်မေးကြတာ
များပါတယ်။ ကုမ္ပဏီက ကြိုက်တဲ့ ဘွဲ့မျိုး မဟုတ်ဘူး၊
စာရင်းအင်း ပညာတို့၊ စီမံခန့်ခွဲမှုတို့ ဒါမှမဟုတ် Language
ခေါ်တဲ့ ဘာသာစကားနဲ့ ဆိုင်တဲ့ ဘွဲ့လက်မှတ်၊ ဒီပလိုမာ
တွေကမှ လက်တွေ့ကျဦးမယ်တဲ့။ ဘ၀ အသက်မွေးမှု
အတွက် အာမခံချက် မရှိဘူးဘဲ ပြောပါတော့။
.
တချို့ကတော့ ဒီလို ရှင်းပြကြပါတယ်။ တက္ကသိုလ် ပညာ
ဆိုတာ အလုပ် လုပ်စားဖို့ ဖြစ်ချင်မှ ဖြစ်မယ်၊ ဒါ ပြဿနာ
မဟုတ်ပါဘူးတဲ့။ ခက်တာက သမိုင်းမေဂျာယူတော့ကော
တကယ့်သမိုင်းကို အမှန်ကို သင်မှာလား ဆိုတာပါပဲ။
ဒါတောင် သင်နည်းကို မဆွေးနွေး သေးပါဘူး။
.
သူတို့ ဖြတ်သန်းခဲ့တဲ့ ကျောင်းစာတွေမှာ သင်တဲ့ သမိုင်း
ဆိုတာ အင်အားကြီး အနိုင်ရ သူတွေကပဲ အလွတ်ကျက်
ခိုင်းထားတဲ့ သက္ကရာဇ်ပါ ဖြစ်စဉ်တွေသာ မဖြစ်မနေ
ပါဝင် ကြီးစိုးထားတာပဲ မဟုတ်ပါလား။ အဲဒါတွေဟာ
မမျှတဘူး၊ မပြည့်စုံဘူး ဆိုတာလောက်တော့ သူတို့
သိတယ်။ သမိုင်းဆိုတာ ကိုယ်ပြောချင် တာပဲ ရွေးပြော
ရွေးသင်လို့ မလုံလောက်ဘူး ဆိုတာလည်း သူတို့
သိတယ်။ အဲဒီလို သင်လာ ရတဲ့ အခြေခံ ပညာရေးကို
မယုံတော့ အဆင့်မြင့်ပညာ (တက္ကသိုလ်) မှာ သင်မယ့်
သမိုင်းဆိုတာကိုလည်း မယုံတော့ပါဘူး။
.
သင်နည်းဆိုပြန်တော့လည်း သူတို့ တစ်သက်လုံးက
ပြဋ္ဌာန်းစာကို အလွတ်ကျက် ရတာပဲဆိုတော့ အတွေး
တွေက ဒီမှာတင် လမ်းဆုံးတော့တာပါပဲ။ ကြိမ်ဖန်
များစွာ ကျွန်တော်တို့ ဆွေးနွေးဖူးပါတယ်။ မြန်မာ့
သမိုင်းမှာဆိုရင်လည်း ၁၉၆၂၊ ၁၉၈၈ အာဏာသိမ်းမှု
များဟာ တိုင်းပြည်ချောက်ထဲကျရန် လက်တစ်လုံး
အလို ကယ်တင်ခဲ့ရတယ် ဆိုတာချည်းပါပဲ။ ဒီအာဘော်
ကနေ ဆံချည် တစ်ထောက်မျှ သွေဖည်လို့ မရပါဘူး။
၁၉၅၈ အိမ်စောင့်အစိုးရလည်း ဒီတိုင်းပါပဲ။ သုံးကြိမ်လုံး
ကယ်တင်ခဲ့ရတယ်လို့ သူတို့ ဆိုလိုချင်တာပါ။
.
ကျောင်းသားတစ်ယောက်က အခုလို ပြောပါတယ်။
ကိုလိုနီခေတ် မြန်မာ့သမိုင်းမှာ နယ်ချဲ့ဆန့်ကျင်ရေး၊
အမျိုးသား လွတ်မြောက် ရေး ခေါင်းစဉ်အောက်မှာ
ကျောင်းသား လှုပ်ရှားမှု သမိုင်းကို သူ အလွန်စိတ်ဝင်စား
ပါတယ်တဲ့။ အထူးသဖြင့် ကျောင်းသား သပိတ်များ၊
ပထမ ကျောင်းသားသပိတ်နှင့် အမျိုးသားနေ့ ဖြစ်ပေါ်
လာပုံ၊ အမျိုးသား ပညာရေး။ တတိယ ကျောင်းသား
သပိတ်နှင့် ၁၃၀၀ ပြည့် အရေးတော်ပုံ ဆက်စပ်မှုတွေကို
စိတ်အားထက်သန် ကျက်မှတ်ပေမယ့် စာမေးပွဲကြီးတွေ
ကျရင် ဒါတွေကို ဘယ်တော့မှ မမေးပါတဲ့။ နိုင်ငံရေး
သမားတွေရဲ့ အားနည်းချက် များ ဥပမာ၊ ဂျီစီဘီအေ
အကွဲအပြဲများ၊ ဒိုင်အာခီ အုပ်ချုပ်ရေးနှင့် ၉၁ ဌာန
အုပ်ချုပ်ရေးတွေမှာ ရာထူးယူ ဖောက်ပြန်ကြပုံ စသဖြင့်
စိတ်ပျက် စရာတွေကိုသာ ပြဋ္ဌာန်း၊ စာမေးပွဲမှာလည်း
မေးလေ့ရှိတာမို့ ကြာတော့ သမိုင်းဘာသာကို စိတ်အချဉ်
ပေါက်လာတယ်လို့ ဆိုပါတယ်။
.
အဲဒီ ကျောင်းသားကို သမိုင်း ဆရာ တစ်ယောက်က
အခုလို ပြောဖူးပါသတဲ့။ မင်း မြန်မာ့သမိုင်းကို တကယ်
သိချင် တတ်ချင် တာလား၊ ၁၀ တန်း စာမေးပွဲမှာ သမိုင်း
အမှတ် ကောင်းကောင်း ရချင်တာလား၊ အဲဒီ နှစ်ခု
သေချာရွေးပါတဲ့။ ဆရာ ဆက်ပြောတာကတော့ သမိုင်း
သိချင်ရင် အပြင်စာတွေ အပါအ၀င် ရှားပါးစာအုပ်များ
ရှာဖွေဖတ်၊ ပါးစပ်နဲ့ ပြန်ပြော နိုင်သူများထံ ချဉ်းကပ်၊
စာနယ်ဇင်း အဟောင်း များနဲ့ စာကြည့်တိုက်ကောင်းကောင်း
မှာ ၀င်မွှေပေါ့တဲ့။ ဒီလိုမှမဟုတ် စာမေးပွဲ အမှတ်ကောင်းရုံ
ဆိုရင်တော့ ၁၉၅၈ အိမ်စောင့်အစိုးရ၊ ၁၉၆၂ အာဏာ
သိမ်းတာ မှန်ကန်ကြောင်း၊ ဒီမိုကရေစီခေတ် မြန်မာ
နိုင်ငံဟာ အရပ်သား အစိုးရ အပါအ၀င် နိုင်ငံရေးသမား၊
နိုင်ငံရေး ပါတီများ အားနည်းမှုများကြောင့် ယိုယွင်း ပျက်စီး
မကယ်မဖြစ် အခြေအနေ အဲဒါတွေကို ကျက်ဖြေရုံပဲလို့
ညွှန်ပါတယ်။
.
တိုင်းရင်းသားတွေဘက်က ထောက်ပြ စရာကောင်းတဲ့
သမိုင်းဆိုင်ရာ ပြဋ္ဌာန်း သင်ကြားမှုတွေ ရှိပါသေးတယ်။
ကျယ်ပြန့်လှတဲ့ ကိစ္စတွေမို့ သုတေသန အခြေခံတဲ့
ချဉ်းကပ်မှု မျိုးနဲ့ပဲ ကျောင်းသားတွေ လေ့လာခွင့် ရသင့်
ပါတယ်။
.
သမိုင်းပညာကို တန်ဖိုးထားကြတဲ့ နိုင်ငံတိုင်းမှာ သုတေသန
ပညာရေးပဲ အခြေခံတာပါ။ အခုန ဖြစ်စဉ်မှာပဲ ကြည့်ရင်
အာဏာသိမ်း အဖွဲ့အစည်းကလည်း သူ့အာဘော်ကို ပြော
ခွင့်ရှိသလို၊ အသိမ်းခံရတဲ့ အစိုးရ ဖဆပလ၊ ပထစ စသဖြင့်
အဖွဲ့အစည်း တွေရဲ့ တုံ့ပြန် ရှင်းလင်းချက်တွေကိုလည်း
လေ့လာရပါမယ်။ တစ်ခါ ဒီမိုကရေစီခေတ်က အတိုက်
အခံတွေ ဖြစ်တဲ့ ပမညတလို ပုဂိ္ဂုလ် အဖွဲ့အစည်းတွေရဲ့
ဝေဖန်သုံးသပ်ချက်တွေလည်း မဖြစ်မနေ ပါရဦးမှာပါ။
နောက်ထပ် ထိုစဉ်က ခေတ်ပြိုင် တိုင်းရင်းသား ခေါင်း
ဆောင်များ၊ သတင်းစာ ဆရာများ၊ သမိုင်းပညာရှင်များ
သာမက သိမီလိုက်သူ အရပ်သား ပြည်သူများရဲ့ သဘောထား
အာဘော်တွေကိုလည်း စုဆောင်း ရပါတယ်။ ပြီးတော့မှ
လေ့လာတွေ့ရှိသမျှကို သုတေသနပြု သင်ယူကြရတာပါ။
ဒါပဲအမှန်၊ ဒါပဲမေးမယ်၊ ဒါပဲ ကျက်၊ ဒီအတိုင်းပဲဖြေ ဆိုတဲ့
စနစ်ကြီး ဖြတ်သန်းလာရတော့ သမိုင်းဆိုတဲ့ ပညာရပ်အပေါ်
သဘောထားတွေ မကောင်း ကြတော့တာ မဆန်းပါဘူး။
.
နောက်တစ်ချက်က သမိုင်းပညာရှင် တစ်ယောက်ကို အဲဒီ
လူ့အဖွဲ့အစည်းက ဘယ်လောက် တန်ဖိုးထားသလဲ
ဆိုတာလည်း အရေးပါ ပါတယ်။ သမိုင်းပညာရှင်တင်
မကပါဘူး၊ ဥပဒေ၊ အတွေးအခေါ်၊ နိုင်ငံရေး သိပ်္ပံ၊ ပထ၀ီ
စတဲ့ ပညာရှင်တွေကိုလည်း ဘယ်လောက် တန်ဖိုးကြသလဲ။
ထင်ရှားတဲ့ ပညာရှင်တွေ ဒေါက်တာသန်းထွန်း၊ ဒေါက်တာ
တိုးလှ၊ ဗိုလ်မှူးဘရှင် စသဖြင့် ကျွန်တော်တို့ ဂုဏ်ယူခဲ့
ကြတာ ပြန်တမ်းတမိပါတယ်။ ဒါပေမဲ့ လက်ချိုးရေရတဲ့
ပညာရှင် အရေအတွက် လောက်ကို ပြနေရုံနဲ့ မလုံလောက်ပါ။
.
ကိုယ့်မိသားစုဝင် တစ်ယောက်လောက်က သမိုင်း အဓိက
မေဂျာယူမယ်ဆိုရင် ကိုယ်တွေ ဘယ်လို သဘောထား
ကြမလဲ။ မတတ်သာလို့ ယူလိုက်ရတဲ့ ဘွဲ့အပေါ် နှစ်သိမ့်
ကျေနပ် လိုက်ရတာမျိုးကို မဆိုလိုပါ။ ပြီးခဲ့တဲ့ ခေတ်
တစ်လျှောက်မှာ သမိုင်းဘာသာ ယူတယ်ဆိုရင် ရယ်သွမ်း
သွေးကာ သမိုင်းဝင် ပုဂိ္ဂုလ်ဖြစ်ပြီ ဆိုပြီး နောက်ပြောင်ခံ
ကြရတာ နာကျင်စရာပါ။
.
တကယ်တော့ သမိုင်းပညာရှင်ဆိုတာ ဓားမိုးထားလည်း
အမှန်ကို ပြောရဲသူ၊ မခိုင်လုံ မတိကျရင် ဘယ်လို ဖိအား
ပေးပေး မမှန်တာကို မရေးသူတွေအဖြစ် ကျွန်တော်တို့
တန်ဖိုးထားရ သူတွေ မဟုတ်ပါလား။ ရာထူးဝင်ငွေတွေနဲ့
တိုင်းတာတဲ့ တန်ဖိုးမျိုး မဟုတ်လို့လည်း ပိုလေးစား
ယုံကြည်ရတာပါ။
.
သမိုင်းဟာ အစွဲတွေနဲ့ ချဉ်းကပ်ပြုစု လို့လည်း မရကောင်းတဲ့
အရာဆိုတော့ ကိုယ့်လူမျိုး ညံ့လို့ နိမ့်ပါးရတဲ့ ကိစ္စတွေ
ဖြစ်စဉ် တွေအပေါ် ၀န်မခံချင်လို့လည်း မရပါဘူး။ သမိုင်းရဲ့
သဘောကိုက သင်ခန်းစာယူရမယ့် ကိစ်္စဆိုတော့ အမှန်
တရားကို လက်ခံရဲတဲ့ သတိ္တမျိုးလည်း လိုသေးတာပေါ့။
အမျိုးဂုဏ် မောက်ဖို့ အကြောင်းတွေပဲ ရေးပြီး သင်မယ်
ဆိုလို့လည်း မရတဲ့ အမျိုးအစားပါ။
.
သမိုင်းဘာသာရပ်ဆိုတာ အမှတ် နည်းသူတွေ မတတ်
သာလို့ ယူရတာမျိုး ဘယ်နည်းနဲ့မှ မဖြစ်သင့်ပါ။
ကျွန်တော်တို့ နိုင်ငံရဲ့ အမျိုးသား ခေါင်းဆောင်ကိုယ်တိုင်ဟာ
တက္ကသိုလ် ကျောင်းသားဘ၀က ဘီအေ ကျောင်းသား
ဖြစ်ခဲ့ပြီး သမိုင်းဘာသာရပ်ကို သင်ချင်လို့ကို ရွေးသင်ခဲ့တဲ့
စိတ်ကြိုက် ဘာသာရပ် (Optional Subject) အဖြစ်
တန်ဖိုးထားခဲ့တာကို လွမ်းဆွတ် ဂုဏ်ယူ အမှတ်ရမိ
ပါတယ်။
.
လူ့သမိုင်းနဲ့ ယှဉ်လိုက်ရင် ဘာမှမကြာတဲ့ အသက်မွေး
ဝမ်းကျောင်း အပြောင်းအလဲ ရေပန်းစားမှုတွေအောက်
ဝင်ငွေ၊ ရာထူး ပေတံလောက်နဲ့ တိုင်းတာလို့ သမိုင်း
ဘာသာရပ် ဟာ နိမ့်ပါးရရိုးလား။
.
တစ်နေ့တော့ မြန်မာပြည် တက္ကသိုလ် များရဲ့ သမိုင်း
ဘာသာ စာသင်ခန်းထဲ သုတေသန စာတမ်း ရင်ဝယ်ပိုက်ပြီး
ကျောင်းသားတွေ ခေါင်းမော့ ၀င်လာမယ့် ခေတ်ကို ရောက်
ရဦး မှာပေါ့။
.
‪#‎မင်းကိုနိုင်‬
[ ပြည်သူ့အရေးဂျာနယ် အတွဲ၂၊ အမှတ် ၉၁၊ ဆောင်းပါး ]

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...