Tuesday, August 9, 2016

ရယ်သံများ


ကလေးလေးတစ်ယောက်ရဲ့ လည်ပင်းက
"ကျွန်တော် သူခိုးပါ"ဆိုတဲ့
စာနာမှုကန်းတဲ့ စာတန်းကို ဖတ်ပြီး
အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံထဲက
သစ်ခုတ်သမားအချို့က ရယ်တယ်
ကျောက်တူးသမားအချို့က ရယ်တယ်။

တောင်ဖြို မြစ်ရောင်း
လယ်ယာမြေသိမ်းသမားအချို့က ရယ်တယ်
ကော်ပီတေးရေးသမားအချို့က ရယ်တယ်
နိုင်ငံခြားဇာတ်ကား ဖြတ်ညှပ်ကပ်
ရုပ်ရှင်သမားအချို့က ရယ်တယ်
ကျူရှင်ပြစားတဲ့
ကျောင်းဆရာ/ဆရာမအချို့က ရယ်တယ်
အထူးကုဆေးခန်းမှာ
မတန်တဆဆေးကုသကြေးတောင်းတဲ့
ဆရာဝန်အချို့က ရယ်တယ်
ရပ်ကွက်စာရေးလေးကနေ
ညွှန်ကြားရေးမှူးချုပ်အထိ
ဌာနဆိုင်ရာဝန်ထမ်းအချို့က ရယ်တယ်
မယားငယ်တစ်ယောက်က ရယ်သလို
လင်ငယ်တစ်ယောက်ကလည်း ရယ်တယ်
ကြက်သားရေထိုးရောင်းတဲ့
ဈေးထဲက ဒေါ်ကုလားမက ရယ်သလို
အရက်အတုရောင်းတဲ့ လမ်းထိပ်စတိုးဆိုင်က
ဦးတရုတ်ကြီးကလည်း ရယ်တယ်
ဘုရားအလှူငွေတွေ ဘုံးထားတဲ့
ဂေါပကအဖွဲ့ဝင်လူကြီးအချို့က ရယ်သလို
ပရဟိတအရောင်ပြ
လုပ်စားသမားတချို့ကလည်း ရယ်တယ်
လမ်းတံတားအင်ဂျင်နီယာအချို့က
ရယ်သလို
စစ်ဗိုလ်ချုပ်အချို့ကလည်း
ရယ်တယ်
အဲသလို
ကမ္ဘာ့အကျင့်စာရိတ္တအဆင်းရဲဆုံး
တစ်နိုင်ငံလုံးက
တက်ညီလက်ညီ အားပါးတရ
ရယ်မောနေကြချိန်မှာ
မျက်စိသူငယ် နားသူငယ်
လူမမည် ကလေးငယ်တစ်ယောက်ကတော့
ယဉ်ကျေးမှုမျက်နှာဖုံးစွပ် လူဗိုလ်ပုံအလယ်
မျက်ရည်လည်ရွှဲနဲ့
ခေတ်ကြီးရဲ့ အကောင်းဆုံးပျက်လုံးတစ်ခုကို
ဘဝနဲ့ရင်းပြီး
တင်ဆက်ခဲ့လေတယ်။

ညီမင်းညို
1/8/2016
Mon; pm 2:30
မန္တလေး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...