Thursday, August 18, 2016

“ ဓာတ်ပုံဟောင်း ”

Min Ko Naing

သူငယ်ချင်းရယ်
ငါတဖန် ငတ်မွတ်ချင်တယ်
ကျောင်းပြန်ချိန် အစာအိမ်တွေလို
ဘာမဆို အငမ်းမရ ၀ါးမျိုဖို့
ချစ်မေတ္တာ၊ အနုပညာရှုခင်းတွေကို
ငတ်မွတ်ချင်ရဲ့
ဒါပေမယ့် ငါတို့
အခါလွန်လို့ အဆာလွန်ခဲ့ပြီလား။


.
လိပ်လောက်၊ ဆင်လောက်တောင်
အသက်မရှည်တဲ့ လူ့ဘ၀မှာ
ဘာတွေလုကြဦးမှာလဲ..။
.
မုန့်ဝေစားရင်း
ရခဲ့တဲ့ သူငယ်ချင်းကို
မိုက်ခွက်လုရင်း စွန့်ခဲ့ရ
ချွေးနည်းစာ ထုတ်ချေးခြင်းဖြင့်
မိတ်ဆွေရင်းတွေ ဆုံးရှုံးရ
ငါတို့ အရင်းပြုတ်ကြ ပြီလား..။
.
ဆီးချိုရောဂါအတွက်
ဇီး(ဆီး)ချိုသီးရှောင်ရ
.
စာချုပ်ချုပ်ရင်း
တံခါးရွက်တွေ ဂျက်ထိုးရ
.
သားကောင်ချောင်းနေတဲ့
ကင်မရာခလုတ် ကီးဘုတ်လက်ကွက်တွေကိုရှောင်ရ
.
ဘ၀င်အစား
သက်ပြင်းချရတိုင်းမှာ
နံ့သာချယ်မျက်နှာပေါ်
ပေကျံနေတဲ့ သံသယတွေကို
ဖိနပ်သဲကြိုးက ဖုန်တွေလို
လမ်းပေါ် ခြေဆောင့် “ခါ”ထုတ်
တဘုတ်ဘုတ်မြည်အောင် မပျော်ရတော့ဘူးလား
.
အားလုံးထမင်းမြိန်တယ်ဆိုရင်
တို့စရာခွက်ထဲ ပဲ့ကျန်ခဲ့တဲ့
သရက်ကင်းလေးတောင်
သူ့ဘ၀သူ တင်းတိမ်သေးတယ်
.
သူငယ်ချင်းရေ...
ဒီစာရေးနေသူကို
ဓာတ်ပုံဟောင်းထဲ ပြန်ရှာပါ
ရှေ့ဆုံးတန်းမှာက ဆရာမနဲ့ အချစ်တော်များသာ
ဒုတိယ ၊ တတိယတန်းလည်းမပါ
မထင်မရှား နောက်ဆုံးတန်းမှာ
ခေါင်းလေးတခြမ်း နားရွက်လေးတဖက်ထဲ ပေါ်နေတဲ့“ငါ”
မင်းသူငယ်ချင်းပါ...။ ....။
.
‪#‎မင်းကိုနိုင်‬
(၁၆/သြဂုတ်/၂၀၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...