Thursday, September 1, 2016

မရေးချင်တော့တဲ့ ဒိုင်ယာရီ

Min Ko Naing

ဖားကန့်မှ အထက်တန်းကျောင်းသူ မဂျာဆိုင်းအိမ်၊ ကျောင်းက
အိမ်အပြန်၊ လမ်းတွင် သေနတ်သံများကြား လဲကျ၊ အသက်ဆုံး
သွားရ။ နောက်ဘ၀များတိုင် သူ့စိတ်ထဲ ကျောင်းသွားလျှင်
သေနတ်မှန် သေတတ်သည်ဟုများ စွဲမှတ်သွားလေမည်လား။


*-*-*-
ဗန်းမော်မန်ဝိန်းကြီးလမ်းနံဘေး “စိန့်ပက်ထရစ်”ဘုရားကျောင်း
နံဘေး၊ ဆမ်မိုင်အမည်ရှိ(၁၄)နှစ်အရွယ် (၇)တန်းကျောင်းသားလေး။
ရေခဲအောင်ချမ်းလွန်း၍ အနွေးထည်လိုချင်၊ တောထဲမှာ သစ်ခွ
ရိုင်းတစ်မျိုး တစ်ပိဿာ ခုနှစ်သောင်းပေးဝယ်သူရှိ။ အနွေးထည်
ဝယ်ရန် သစ်ခွခူးရောင်းဖို့တောထဲသွား အုန်းခနဲ့ မြောက်တက်
သွားပြီးနားတွေ ကန်းကုန်။ သတိရလာတော့ ခြေတစ်ဖက်
မရှိတော့။
-*-*-*
ရှမ်း/မြောက်ဒေသ ဟိုက်ပါ-၀မ်ဟိုင်းက စစ်ရှောင်စခန်းရှိ
ကလေးများထံပို့ရန် ကစားစရာအရုပ်များ အလှူခံ၊ ကလေး
မလေးတစ်ဦးက သူ့မောင်လေး ယူလာသည့် ကစားစရာ
သေနတ်ကို တွေ့သော်ထိတ်ထိတ်ပြာပြာ အိတ်ထဲပြန်
ထည့်ရင်း သူ့မောင်လေးကိုပြော“ တခြားအရုပ်တွေပဲပေး၊
သေနတ်တော့မပေးပါနဲ့ မောင်လေးရယ်။ ”
*-*-*-
ဟိုက်ပါ-၀မ်ဟိုင်းမှ စစ်ရှောင်ကလေးတွေ၊ လက်ဆောင်
အရုပ်တွေရသွားလို့ ပျော်နေကြ၊ သူတို့အတွက် အားပေး
တဲ့စာ၊ မိတ်ဖွဲ့စာတွေတွေ့လို့ ၀မ်းသာနေကြ။ ဘယ်က
လာပို့တာလဲမေး။ ရန်ကုန်ကလို့ ဖြေတော့ -
“ရန်ကုန်မှာ စစ်မတိုက်ကြဘူးလား”လို့ ထပ်မေး။
-*-*-*
ပြည်မ,မြို့ကြီးပေါ်က ကလေးတွေက ရေးတဲ့စာထဲမှာ
“ စိတ်ဓာတ်မကျနဲ့ သူငယ်ချင်း၊ ငါတို့အရုပ်လေးတွေ
ဖက်အိပ်ပြီး အိပ်မက်ထဲမှာ မိသားစုနဲ့ ပျော်ရွှင်ပါစေ၊
အိမ်ကိုအမြန်ဆုံးပြန် ကျောင်းတက်နိုင်ပါစေ ” တဲ့။
စစ်ဘေးရှောင်စခန်းက ကလေးက ပြန်ရေး
“ ကျေးဇူးတင်ပါတယ် .. ငါလည်း ကျောင်းတက်ချင်တယ်”
*-*-*-
“ သူငယ်ချင်းရေ အရမ်းချမ်းနေသလား ။ ငါ့အနွေးထည်
ထည့်ပေးလိုက်တယ်။ မချမ်းပါနှင့်တော့ကွာ တက္ကသိုလ်
ရောက်ရင်တွေ့မယ်နော်” ဘုန်းထွဋ်ခေါင်(ပြည့်လျှံဖြိုး)
တတိယတန်း(H)၊ အထက(၁)ဒဂုံ
.
သူငယ်ချင်း ဘုန်းထွဋ်ခေါင်
“ မင်းပေးတဲ့လက်ဆောင် ငါရပါတယ်။ ကျေးဇူးတင်ပါ
တယ်ကွာ၊တက္ကသိုလ်ရောက်ရင် တွေ့မယ်နော်။ ”
- စိုင်းဆိုင်လီ
မူလွန်၊ ဟိုက်ပါကျေးရွာ။
-*-*-*
လုံးခင်းရှိ စစ်ဘေးရှောင်စခန်းကလေးတွေ အစာစားနေ။
ပြောင်းကြမ်းကို ဓားနဲ့ခြစ် ပြုတ်ရည်ကျဲကျဲ ကလေးတစ်ယောက်က
သောက်နေရင်း မော့ကြည့်။ သူ့မျက်လုံးတွေက အရောင်
မတောက်။
*-*-*-
ကလေးနို့တိုက်နေ တိုင်းရင်းသူတစ်ယောက်ကိုမေး -
“ အိမ်မပြန်ချင်ဘူးလား။ ”
“ ပြန်ချင်တာပေါ့၊ သူတို့ခဏခဏ ရန်ဖြစ်တယ်လေ၊
ကြောက်စရာကြီး။ သေကြတယ်၊ မီးလောင်ကုန်တယ်လေ၊
ရန်မဖြစ်ဖို့ပြောပေးလို့ရမလား”တဲ့။
-*-*-*
တော့ဆန်ကျေးရွာအုပ်စုအားလုံး ကျောက်မဲကို ထွက်ပြေး
လာကြ။ ညဘက်မီးရောင်မြင်ရင် ပစ်မှာစိုးလို့ ထော်လာဂျီကို
မီးမှိတ်မောင်းတော့ ချောက်ထဲထိုးကျပြန်။ ကျောက်မဲက
ဘုရားရင်ပြင်ပေါ် စာကျက်နေတဲ့ ကလေးတွေ ဆယ်တန်းက
ဘယ်မှာဖြေရမှန်းမသိ။
.
“ တော့ဆန်”အထကမှ ဆရာ/ဆရာမတွေထွက်မပြေးဘဲ
တပည့်တွေနဲ့ အတူလိုက်လာ စစ်ရှောင်ဇရပ်တွေမှာပဲ စာသင်
ပေးနေ။ ကျောက်မဲစာစစ်ဌာနစာရင်းထဲ သူတို့ကို ထည့်ပေး
လို့ရမလား။ မရေရာလှတဲ့ အခြေအနေမှာ ကလေးတစ်ယောက်
လွှတ်ခနဲမေး။
“ စာမေးပွဲပြီးမှ စစ်တိုက်လို့မရဘူးလား ”
*-*-*-
ဖားကန့်မှာ ညရောက်တော့ တစ်မြို့လုံး အိမ်ရှေ့လမ်းတွေပေါ်
ရောက်နေကြတာတွေ့ရ။ လူတွေသာမက ခွေးကလေး၊ ကြောင်
ကလေးတွေပါ ထွက်လာနေကြ။
“ အခုမှ တိုက်ပွဲရပ်သွားတာကိုး အရင်ရက်တွေက အိမ်ထဲမှာပဲ
ပုန်းနေကြတာလေ၊ အခုမှအသက်၀၀ ရှူနိုင်တာကိုး”ဟု
တစ်ယောက်က ရှင်းပြ။
ကလေးတွေလည်း ခုမှ လမ်းပေါ်ပြေးလွှားကစားခွင့်ရ၍
ပျော်နေကြဟန် ကလေးတစ်ယောက်က ဘောင်းဘီလေး
မ,တင်ရင်း ငြင်း..
“ ဟေ့အေး... စစ်တိုက်တမ်းတော့ မကစားဘူးကောင်ရေ့”။
- #မင်းကိုနိုင်
[ ယနေ့ထုတ် ကြေးမုံသတင်းစာပါ ဆောင်းပါးမှ ]

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...