Saturday, October 22, 2016

တကယ်ကြုံနေရတာပါ။

Okka Kyi Winn

ကျွန်တော်တို့ခြေရင်းအိမ်က သူတို့အိမ်ခေါင်မိုးကို ကျွန်တော်တို့အိမ်ဘက်တစ်ပေခွဲလောက်ကျော်ပြီး ချထားတယ်။
ရေတံလျှောက်လည်း မခံထားဘူး။
သူတို့အိမ်ဆောက်ထားတာကလည်း လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်လောက်ကတည်းကပါ။
မိုးရွာလို့ရေဆင်းတဲ့အခါ အဲဒီအမိုးကရေတွေက ကျွန်တော်တို့အိမ်ဘက်ကိုထိုးကျတယ်။
ကျွန်တော်တို့ဘက်ကလည်း အုတ်နံရံဆိုတော့ ထွေထွေထူးထူးပြဿနာမရှိပါဘူး။
အေးအေးဆေးဆေးပါပဲ။

အဲ ပြီးခဲ့တဲ့နှစ်နှစ်နွေရာသီလောက်က တအားပူလို့ဆိုပြီး ကျွန်တော်တို့အိမ်နံရံတွေကိုဖြိုပြီး ပြတင်းပေါက်သုံးပေါက်ဖောက်လိုက်တယ်။

နွေရာသီမှာတော့ ဘာမှပြဿနာမရှိသေးဘူး။ မိုးတွင်းမိုးလည်းရွာရော သူတို့အိမ်ခေါင်မိုးကမိုးရေတွေဟာ ကျွန်တော်တို့ပြတင်းပေါက်ထဲကို တိုက်ရိုက်ထိုးဝင်တော့တာပဲ။
သူတို့ကိုခေါ်ပြပြီး ရေတံလျှောက်လေးတပ်ပေးဖို့တောင်းပန်တယ်။
မရဘူး။ လုပ်မပေးဘူး။
ဒါဆိုရင်လည်း ဒီဘက်ကိုကျူးနေတဲ့အမိုးတစ်ပေခွဲကို ပြန်ဖျက်ပေး။ ကျွန်တော်တို့ဘက်ကသွပ်ပြားကာလိုက်မယ်ဆိုတော့ ပိုဆိုးသေး။
အိမ်က လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်လောက်ကတည်းက ဒီအတိုင်းပဲဆောက်ထားတာလေတဲ့။ မတတ်နိုင်ဘူးတဲ့။
ဘာမှ လုပ်မပေးနိုင်ဘူးတဲ့။
အဲဒါနဲ့ ရပ်ကွက်ရုံးတွေ ဘာတွေရောက်ကြတာပေါ့။
လူကြီးတွေညှိပေးလည်း သူတို့ဘက်က ဘာမှလုပ်မပေးနိုင်ဘူးဆိုတာချည်းပဲ။
အဲဒါနဲ့ ကျွန်တော်လည်းရှေ့နေနဲ့တိုင်ပင်တယ်။ ဘယ်လိုလုပ်ရမလဲ။ ဒီဘက်ကိုကျူးနေတဲ့ အမိုးတစ်ပေခွဲကို ဖျက်ချပစ်လိုက်ရမလားလို့။
ရှေ့နေကတားတယ်။ ဟာ သွားမလုပ်နဲ့။ ပြဿနာတက်လိမ့်မယ်တဲ့။
ဟင် ကိုယ့်မြေပေါ်ကျော်နေလို့ ဖျက်တာလေ။ မရဘူးလားလို့ဆိုတော့ မရဘူးတဲ့။
သူတို့ကျူးနေတာကို တရားရုံးကလက်ခံတဲ့အထိတင်ပြရမယ်။ မြေတိုင်းအဖွဲ့တွေ လာတိုင်းမယ်။ တကယ်ကျူးနေတာဟုတ်မဟုတ် တရားရုံးကလာကြည့်မယ်။ ကျူးနေတာသေချာရင်တော့ ဖျက်ပေးဖို့အမိန့်ချမယ်။ သတ်မှတ်ထားတဲ့အချိန်အတွင်း သူတို့ဘက်ကမဖျက်ပေးရင် မျက်မြင်သက်သေတွေအားလုံးရှေ့မှာ စည်ပင်၊ ရဲတွေရဲ့အကူအညီနဲ့ဖျက်မှရမယ်တဲ့။
ကဲ ဘယ်လောက် သောက်ဇယားရှုပ်လိုက်သလဲလို့။
ဟိုဘက်ကတော့ အေးဆေးပဲ။ ရဲလာဖျက်ပေးရင် သူတို့တောင်အကုန်အကျသက်သာသေးတယ်ဆိုတဲ့အထာနဲ့ မသိချင်ယောင်ဆောင်နေတယ်။
အဲဒါနဲ့ စည်ပင်ကိုစာတင်။ မြေတိုင်းအဖွဲ့လာ။ ပထမအဆင့်မြေတိုင်း၊ နောက်လေးလလောက်ကြာတော့ ဒုတိယအကြိမ် အထက်အဆင့်လူတွေပါပါတဲ့ အဖွဲ့နဲ့ နောက်တစ်ကြိမ်ထပ်တိုင်း။
အားလုံးကလည်းလက်ခံတယ်။
မြေအကျယ်အဝန်းနယ်နိမိတ်က ဘယ်လောက်အထိဆိုတာ။
အိမ်ခေါင်မိုးကြီး ဒီဘက်ကိုကျော်နေတာလည်း အားလုံးအမြင်ပဲ။
သူတို့ကလည်း ခပ်မာမာပဲ။ ဟုတ်တယ် ကျော်နေတယ်။ ဒါပေမယ့် ဖျက်မပေးနိုင်ဘူး။ ရေတံလျှောက်တပ်မပေးနိုင်ဘူး။
ဘာလုပ်ချင်လဲ။ တိုင်ချင်ရာ ထပ်တိုင်လိုက်ဦးတဲ့။ ကဲ ကြည့်။ ပြောတာက ဂိတ်ဆုံးနေပြီ။
ခုတော့ ရှေ့နေနဲ့တိုင်ပင်ပြီး တရားရုံးတင်ထားတာ တစ်နှစ်ကျော်သွားပြီ။ မထူးခြားသေးဘူး။
ကိုယ်တွေလည်း စိတ်လျှော့ပြီး မိုးလေးနည်းနည်းညိုတာနဲ့ ပြတင်းပေါက်တွေကိုပြေးပြေးပိတ်ထားရတယ်။
ကျွန်တော်သာ ရှေ့နေနဲ့မတိုင်ပင်ဘဲ ကိုယ်မှန်နေတာပဲလေဆိုပြီး စိတ်လိုက်မာန်ပါနဲ့သူတို့အမိုးသွားဖျက်ရင် ပြဿနာတက်တော့မှာ။
ကိုယ့်ကျူးတာ မကျူးတာက လူမသိဘူး။ ကိုယ်က သူတို့အမိုးသွားဖျက်တယ်လို့ပဲ အများကမြင်ကြမှာ။
လောကကြီးက အဲဒါပဲ။
ကိုယ်မှန်တိုင်းလည်း စိတ်လိုက်မာန်ပါလုပ်လို့မရတဲ့ကိစ္စတွေ အများကြီးပဲ။
လူ့အသိုင်းအဝိုင်း ပတ်ဝန်းကျင်နဲ့နေနေတာဆိုတော့ အများအမြင်မှာဘယ်လိုရှိလဲ၊ ဥပဒေကြောင်းအရ ဘယ်လိုသွားရမလဲဆိုတာအမြဲစဉ်းစားရတယ်။ လူမိုက်ဆန်ဆန် လုပ်လို့မရဘူး။
ကဲ....
ပြောချင်တာက ခုမှလာပြီ။
ခုဖြစ်နေတဲ့ အနောက်တံခါးပြဿနာလည်း အဲဒီလိုပဲ။ ခေတ်အဆက်ဆက် လူကြီးမင်းတွေ တာဝန်မဲ့ခဲ့တော့ ဝင်ချင်တိုင်းဝင်၊ ကျူးချင်တိုင်းကျူးခဲ့ကြတာ။ ပိုက်ဆံယူပြီး ပြည်တွင်းကိုခေါ်သွင်းလာတာတွေ၊ ရွေးကောက်ပွဲမှာမဲလိုချင်တာနဲ့ ဝှိုက်ကဒ်တွေသန်းနဲ့ချီပြီး ထုတ်ပေးခဲ့တာတွေ။
အဲဒါတွေအားလုံး ခုတော့ပေါက်ကွဲထွက်လာကြပြီ။
ပြောထားပြီးသား။ ဒါဟာ ဘာသာရေးပြဿနာမဟုတ်ဘူး။ လူမျိုးရေးပြဿနာမဟုတ်ဘူး။
တရားဥပဒေစိုးမိုးမှုမရှိတဲ့ ပြဿနာပဲ။ တာဝန်ရှိသူတွေ တာဝန်မဲ့ခဲ့ကြ ကိုယ်ကျိုးရှာခဲ့ကြတဲ့ပြဿနာပဲ။
ဒါကို ငါတို့မှန်တာပဲဆိုပြီး အကုန်သတ်ကြဟေ့လို့ သွားလုပ်လို့မရဘူး။ နိုင်ငံတကာအမြင်မှာ ကိုယ်ပဲနံမည်ပျက်ရတယ်။
လွန်လေပြီးခဲ့သောအစိုးရမင်းများကလည်း လူချစ်လူခင်ပေါကြသူများဆိုတော့ သူတို့ဘာလုပ်လုပ် တကမ္ဘာလုံးကအနှုတ်လက္ခဏာပဲမြင်ခဲ့ကြတာလေ။
ဆိုတော့ ကျူးနေတဲ့သူတွေ တကယ်ကျူးနေပါလားဆိုတာ အားလုံးမြင်အောင်ချပြရတယ်။
အဲဒီလိုချပြဖို့က ကိုယ့်လူတွေကချည်းပဲလုပ်လို့ဘူး။ နိုင်ငံတကာကလေးစားလက်ခံလောက်တဲ့လူတွေ ထည့်ရတယ်။
ဒါမှလည်း သူတို့ပြောပြတာကိုလက်ခံကြမှာ။
အဲဒါကို ပြည်တွင်းရေးဝင်ရောက်စွက်ဖက်ပါတယ်ဆိုပြီး ကော်ဖီအနမ်းကြီး ခုထွက်သွားတို့ ဘာတို့လျှောက်လုပ်နေကြတာ တော်တော်ရှက်ဖို့ကောင်းတယ်။ ကျွန်တော်တို့ သောက်ပိန်းတွေပါလို့ ရိုက်မစစ်ရဘဲ အော်ပြနေသလိုပဲ။
ခု ဒေါ်အောင်ဆန်းစုကြည်ကပြောတယ်။ တရားဥပဒေအတိုင်းလုပ်ကြပါ။ ဘယ်သူဘယ်ဝါမသေချာသေးရင်တော့ နံမည်တပ်ပြီးမပြောချင်သေးဘူးဆိုတဲ့သဘော။
တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့ခေါင်းဆောင်အဆင့်တင်မဟုတ်ဘူး။ ကမ္ဘာ့ခေါင်းဆောင်အဆင့်ဝင်တယ်။
သူလိုလူတစ်ယောက်ရဲ့ ပါးစပ်က
"ဒါး ဒါး ချင်း၊ လှံ လှံ ချင်း ယှဉ်မလား.." တို့ ၊ "မိုးပေါ်ထောင်မပစ်ဘူး.."တို့
အဲဒီလို လူမိုက်စကားတွေပြောရမလား။
အဲဒီလိုပြောလိုက်ရင်ရော ပြဿနာတွေပြီးသွားရောတဲ့လား။
လူတိုင်းကတော့ သွေးပူနေချိန်မှာ သတ်ဟယ်ဖြတ်ဟယ်စကားသံတွေကြားချင်နေမှာပဲ။
လူပြိန်းကြိုက်လုပ်ချင်ရင်က လွယ်လွယ်လေး။
သို့သော် ဒေါ်အောင်ဆန်းစုကြည်လိုလူမျိုးဟာ စကားတခွန်းမှားတာနဲ့ တိုင်းပြည်ပျက်သွားနိုင်လောက်အောင် နိုင်ငံရေးသြဇာကြီးလှတယ်။
စကားတစ်လုံးတောင် လွယ်လွယ်ထွက်လို့မရဘူး။
ကုန်ကုန်ပြောရရင် မိန့်ခွန်းပြောတဲ့လေသံတောင် Tone အနိမ့်အမြင့်ကိုလိုက်ပြီး အခြေအနေတွေ ပြောင်းသွားနိုင်တယ်။
ပြောရင်းနဲ့ ဘုန်းတော်ဘွဲ့တွေပြောတဲ့ဘက်ရောက်သွားတော့မယ်။
ကဲ မြန်မြန်ဖြတ်လိုက်တော့မယ်။
ပြောချင်တာက ကိုယ်မှန်တယ်။ ကိုယ်ခံရတယ်ဆိုတိုင်း စွတ်မလုပ်သင့်ဘူး။
ကိုယ်မှန်တာကို၊ ကိုယ်ခံရတာကို အများလက်ခံအောင် မြင်အောင်ပြ။
အားလုံးက အမှန်အတိုင်းမြင်တော့မှ တွယ်ပေတော့ဗျာ။
ဟုတ်ပလား..။
ကဲ လှောင်လိုက်ကြပါဦး..
ဒီအဘွားကြီး တခါလာလည်း တရားဥပဒေအတိုင်း၊ တခါလာလည်းတရားဥပဒေအတိုင်းပဲ အော်နေတယ်လို့...။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...