Thursday, November 3, 2016

ရာဇတောဝါ

Tin Nyunt

ကမ္ဘာဦးတုန်းက လူတွေကို လူတွေကို ပြန်အုပ်ချုပ်ဖို့ မဟာသမ္မတမင်းကို တင်မြှောက်ကြသတဲ့ဗျ။ ကျမ်းဂန်တွေမှာတော့ မဟာသမ္မတမင်းကို ရသေ့မုနိ အစရှိတဲ့ သူတော်ကောင်းတွေနဲ့ တိုင်ပင်ပြီး အုပ်ချုပ်ဖို့ တင်မြှောက်ခဲ့ကြတာပဲ။
ဟိုးတုန်းကတည်းက အထူးထူးသော ဓမ္မသတ်တွေကို ကူးရေးထားပြီး အဲဒီ ဓမ္မသတ်တွေအတိုင်း အုပ်ချုပ်ကြ သတဲ့။ ဓမ္မသတ်တွေအတိုင်း အဂတိတရားလေးပါးမလိုက်ပဲ စီရင်ဖို့ မဟာသမ္မတမင်းကလည်း ကတိခံရတယ်။
လူတွေက သူတို့ထဲက လူတစ်ယောက်ကို သမ္မတမင်းတင်မြှောက်တော့ တောင်းဆိုတာ လေးချက်ပဲရှိတယ်။
(၁) ငါတို့ကို တရားအတိုင်း ဆုံးဖြတ် အုပ်ချုပ်ပေးပါ
(၂) ငါတို့ကောင်းရောင်း ကောင်းဝယ် စိတ်ငြိမ်းချမ်းစွာ နေထိုင် လုပ်ကိုင် စားသောက်နိုင်ဖို့ စောင့်ရှောက်ပါ
(၃) ငါတို့ အကျိုးစီးပွားများ ဖြစ်ထွန်းစေဖို့ ကူညီပါ

(၄) ငါတို့အားလုံး စိတ်နှလုံး အေးချမ်းအောင် ကြည်ညိုဖွယ်ရာကောင်းတဲ့ အမူအရာ အပြောအဆိုတွေနဲ့ နေထိုင်မှုပြုပါ
အဲဒါ ကမ္ဘာဦးကတည်းက သတ်မှတ်ထားတဲ့ တိုင်းပြည်ကို ဦးဆောင်သူတွေ လိုက်နာရမယ့် စည်းကမ်းပဲဗျ။ လူတွေက မဟာသမ္မတကို ဘာခွင့်ပြုထားသလဲဆိုတော့ အမှုထမ်း၊ အရာထမ်းတွေ စစ်သည်ရဲမက်တွေ ခန့်ထား ထူထောင်ပြီး တိုင်းပြည် ငြိမ်းချမ်းအောင် လုပ်ပါတဲ့။ အဲဒီလို စောင့်ရှောက်တာဝန်ယူတဲ့ အမှုထမ်းတွေ စားသောက်ဖို့ မင်းနဲ့တကွ အားလုံးအတွက် ငါတို့က ပစ္စည်းအခွန်တွေကို ပေးဆက်ပါ့မယ်ဆိုပြီး ပြန်ပေး ဆက်ကြတယ်။
ပြောချင်တာက ပြည်သူတွေ ငြိမ်းချမ်းစွာ နေထိုင် လုပ်ကိုင်စားသောက်နေထိုင်နိုင်ဖို့ ပြည်သူတွေကပဲ မင်းဆိုတာကို တင်မြှောက်၊ အဲဒီ မင်းဆိုတာကို ရပ်တည်နိုင်အောင် ထောက်ပံ့ခဲ့ကြရတာ။
ပြည်သူထဲကတင်မြှောက်ပြီး ပေါက်ဖွားလာတဲ့ ပြည်သူ့သားက နောက်ပိုင်း ဖောက်ပြားလာတယ်။ ဘေးမှာ ခစားနေတဲ့သူတွေကလည်း “အရှင်မင်းကြီး” ဆိုပြီးတော့ မြှောက်စားတယ်။ သာမန်လူတွေနဲ့ မတူအောင် ဝတ်စားနေထိုင်ခိုင်းတယ်။ ထိုင်တာတောင် မြင့်မြတ်တော်မူတဲ့အတွက် အမြင့်ကထိုင်ပြီး ရှိခိုးတာခံရအောင် မူးမတ် ပုဏ္ဏားဆိုတဲ့ကောင်တွေကပဲ တီထွင် ချီးမြှောက်ကြတယ်။
မင်းဆိုတဲ့ မဟာသမ္မတကို မြင့်အောင် မြှင့်တင်ပြီး အာဏာရှင်အသွင် တွန်းတင်လိုက်တဲ့ အကျိုးက၊ မင်းနားခစား အမြှောင်တွေပါ ဘုန်းတန်ခိုးသြဇာ အာဏာကြီးလာတာပဲ။
သာမန် လူထဲက လူကို လူတွေကအုပ်ချုပ်ပေးပါဆိုပြီး တွန်းတင်လိုက်တဲ့ကောင်က တဖြည်းဖြည်း အမြင့်မှာ မထိုင်ရရင် မနေတတ်တော့ဘူး။ ဘုရားမထူးရင် မကျေနပ်တော့ဘူး။ သူ့ကို မရှိခိုးရင် စိတ်ထဲတစ်မျိုးထင်လာ တယ်။
“ဟဲ့ … အမတ်တွေ … ငါဘာလုပ်လို့ ရသေးသလဲ”
“မှန်လှပါ … သက်ဦးဆံပိုင်ပါဘုရား … မကျေနပ်ရင် သတ်လို့ရပါတယ်ဘုရား”
“ဘယ်လို သတ်မလဲ”
“အဆန်းမဟုတ်ပါဘုရား … အရှင်ဘုရား နှုတ်တော်က နှစ်လုံးတည်း ထွက်ရုံပါဘုရား”
“ဘာများလဲ မောင်မင်းတို့”
“သတ်စေ”
“အဲဒီ သတ်စေဆိုတာ ဘယ်လောက်အတိုင်းအတာအထိ အကျိုးများသလဲ”
“လူတစ်ယောက်ကို လက်ညှိုးတော်ထိုးပြီး သတ်စေလို့သာပြောလိုက် နောက်တစ်နေ့ အဲဒီလူဟာ ဒီလောကကြီးက ပျောက်သွားပါလိမ့်မယ်ဘုရား”
“အလို … ငါ့လက်ညှိုးတော်က အဲဒီလောက်စွမ်းသလား”
“စမ်းကြည့်ပါဘုရား”
အဲဒီကတည်းက ဘုရင်ဆိုတဲ့ကောင်တွေ ရူးလိုက်ကြတာ။ မကျေနပ်ရင် သတ်စေပဲ။ ဘုရင်ကို မရူး ရူးအောင်လုပ်နေကြ တဲ့ကောင်တွေက မင်းနားခစား လူယုတ်မာများ။ ဘုရင်ဆိုတဲ့ ကောင်တွေကလည်း ကြာလေတုံးလေ။ ဟိုကများများ သောက်ရူးထလေ သူတို့က ပိုကောင်းစားလေ ဆိုပြီး မြှောက်ပေးနေတဲ့ ကောင်တွေက မြှောက်ပေး။ ပညာအခြေခံ ဆင်ခြင်ဉာဏ်နည်းတဲ့ကောင်တွေက အောက်ခြေတွေလွတ်ပြီး ကမ္ဘာဦးကတည်းက အာဏာရူးခဲ့ကြတာ။
ဒီမိုကရေစီခေတ်မှာ သောက်ရူးတွေ မမြင်ပါရစေနဲ့တော့။ ပြည်သူတွေ ရာဇတောဝါဘေးက လွတ်ကင်းကြပါစေ။
၂.၁၁.၂၀၁၆

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...