Saturday, February 4, 2017

**** ဝင်္ကပါ အတွေး ****

Ashin Uttama

ဦးကိုနီ အသတ်ခံရမှုအပေါ် အရှင်ဘုရားဘယ်လိုမြင်လဲဘုရား။ ဒီအမှုက
ဘယ်လိုဖြစ်လာနိုင်သလဲဘုရား။တဲ့
အင်း...၁။ အချက်က ဦးကိုနီကိုဘာ့ကြောင့်ရွေးပြီးသတ်သလဲဆိုတာပဲ။
ဒါက ပုဂ္ဂလိကရန်ငြိုးတော့မဟုတ်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ဟာပြိုင်ဘက်တွေ
မဖြစ်နိုင်ဘူး။ နောက်ပြီးတော့ ဘာသာရေးလို့ပြောရအောင်လည်း သတ်သူဟာ
အမျိုးဘာသာ သာသနာကို နည်းနည်းမှစိတ်မဝင်စားတဲ့ ဘုရားသူခိုးထောင်ထွက်။
ဒီတော့သတ်သူဟာ ကြေးစားဖြစ်ရမယ်။
ကြေးစားဆိုတဲ့နေရာမှာ တစ်ချက်စဉ်းစားစရာရှိတာက ကြည်လင်းကို ခိုင်းစေသူဟာ
ဦးကိုနီနဲ့ ပြိုင်ဘက်ဖြစ်နိုင်တယ်။ နောက်တစ်ချက်က ပြိုင်ဘက်ဖြစ်လို့သေစေချင်ရုံ
သက်သက်ဆိုရင်လည်း လူမြင်သူမြင် အစောင့်တွေရှိတဲ့လေယာဉ်ကွင်းမှာထက်
ဦးကိုနီရဲ့အိမ်မှာ တိတ်တဆိတ်လုပ်ကြံတာကပိုပြီးလွယ်ကူနိုင်တယ်။
ဒီလိုနေရာမှာ
ဒီလိုလူကိုသတ်ဖို့ဆိုတာ မိမိအသက်နဲ့ရင်းပြီးသတ်ရမဲ့အလုပ်။လူသတ်သမားကဒါကို
မစဉ်းစားပဲနေမှာမဟုတ်ဘူး။ဒီလိုနေရာမှာသတ်တယ်ဆိုတာက သေပြီးရောဆိုတဲ့
ပြိုင်ဘက်ရန်ငြိုးရှိသူကခိုင်းတာမဖြစ်နိုင်ဘူး။
သတ်ပေးတဲ့သူရဲ့ဘက်ကစဉ်းစားကြည့်။ ကားတစ်စီးရဖို့လောက် အပေးအယူတစ်ခု
ထဲနဲ့ ကိုယ့်အသက်နဲ့လောင်းကြေးထပ်ပြီး ဒီလိုနေရာမှာသတ်မှာမဟုတ်ဘူး။ လူသူမသိတဲ့
အခြားနေရာတစ်ခုကိုရွေးမှာပဲ။ ဒီနေရာမှာသတ်ရတယ်ဆိုတာကိုက သူဟာ နေရာရွေးချယ်
ပိုင်ခွင့်မရှိတဲ့ လူသတ်သမားဖြစ်နေတယ်။ သူ့အတွက် ရွေးချယ်လို့မရနိုင်တဲ့ ( သူ့အသက်နဲ့
လောင်းကြေးထပ်ရမဲ့ ) အပေးအယူဖြစ်နိုင်တယ်။ စေခိုင်းသူဟာ အညှာကိုကိုင်ထားနိုင်သူ
ဖိအားပေးနိုင်သူဖြစ်ရမယ်။
သူ့ကိုဘာအတွက်ဖိအားပေးနိုင်မလဲစဉ်းစားကြည့်တော့လည်း သူလုပ်တာတွေက ဥပဒေနဲ့
မလွတ်ကင်းတဲ့အလုပ်တွေ။ဥပမာ..သေဒဏ်ပေးလို့ရတဲ့အမှုတွေရှိကောင်းရှိနေနိုင်တယ်။
ဒီလိုဥပဒေချိုးဖောက်သူတွေဟာ ဖိအားပေးအသုံးချလို့ကောင်းတဲ့လူမျိုးတွေဖြစ်တယ်။
ကားတစ်စီးရလိုမှုထက်..သူတို့ပြစ်မှု၊သူတို့အသက်နဲ့ အပေးအယူလုပ်ပေးရတဲ့ အလုပ်မျိုးက
ပိုပြီးဖြစ်နိုင်တယ်။ ဒါက ကြည်လင်းနေရာကနေစဉ်းစားတာ။
နောက်တစ်ခု..စေခိုင်းသူဟာ ဦးကိုနီကို ဒီလိုနေရာမှာဘာ့ကြောင့်သေစေချင်တာလဲ။
ဒီလိုနေရာက လုပ်ကြံဖို့ဘယ်သူမှမစဉ်းစားတဲ့နေရာ။ အနီးတစ်ဝိုက်မှာ လုံခြုံရေးတွေ၊ ခရီးသည်
တွေ၊တက္ကစီသမားတွေပေါတဲ့နေရာ။ နိုင်ငံတကာနဲ့ဆက်ဆံသွားလာတဲ့တကယ့်အဓိကနေရာ။
ဒီလိုနေရာကိုရွေးချယ်တယ်ဆိုတာ အကြောင်းကတစ်ချက်ထဲရှိတယ်။ ရန်ကုန်မြို့တော်ရဲ့အဓိက
နေရာကြီးမှာတောင်မှ လုံခြုံမှုမရှိတော့ဘူး။ တရားဥပဒေစိုးမိုးမှုမရှိတော့ဘူး။ အစိုးရဟာ လုံခြုံမှု
မပေးနိုင်ဘူး။ အစိုးရဟာ ပြည်သူတွေရဲ့ဘဝလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးမှုကိုအကာအကွယ်
မပေးနိုင်တော့ဘူးဆိုတဲ့ အသိစိတ်မျိုး ပြည်သူတွေတွေးထင်ကြောက်လန့်လာအောင် မက်ဆေ့ခ်ျ
ပေးချင်တာတစ်ခုထဲပဲ။
ဒီမက်ဆေ့ခ်ျပေးချင်တာလောသွားလို့ စကားထွက်လာတာရှိတယ်။ အမတ်ဟောင်းဦးလှဆွေရဲ့
တိုက်စစ်ဆင်လိုက်တဲ့စကား။ ဒါတွေကိုထောက်ခြင်းအားဖြင့် ဦးကိုနီကိုလုပ်ကြံဖို့စေခိုင်းသူတွေဟာ
လက်ရှိအစိုးရကိုပြည်သူတွေအပြစ်မြင်လာဖို့အလိုရှိနေသူတွေဖြစ်တယ်ဆိုတာသိသာတယ်။
စေခိုင်းသူဟာ လက်ရှိအစိုးရကို အလိုမရှိသူတွေဖြစ်နေနိုင်တယ်။ ဒါဆိုရင် ဒါကသာမန်လူသတ်မှု
မဟုတ်တော့ဘူး။ နိုင်ငံရေးကစားကွက်တစ်ခုဖြစ်နေနိုင်တယ်။
ဒါဆိုရင်..စေခိုင်းသူဟာ ၊ ဝန်ကြီးဒေါက်တာဖေမြင့်ရယ်၊ ဦးကိုနီရယ်၊ ကိုမြအေးရယ် နိုင်ငံရေး
ထင်ရှားသူ ၃ယောက်မှာ ဘာ့ကြောင့် ဦးကိုနီကိုရွေးချယ်ခဲ့သလဲ။
ဒါဟာနိုင်ငံရေးကစားကွက်တစ်ခုဖြစ်နေမယ်ဆိုရင် အကောင်းဆုံးပစ်မှတ်ဟာ ဦးကိုနီပဲ။ ဦးကိုနီ
ကိုရွေးချယ်ခြင်းဟာ တစ်ချက်ခုတ် ဆယ်ချက်လောက်ပြတ်နိုင်တယ်။ လောလောဆယ် ရခိုင်အရေး
ကိစ္စကြောင့် နိုင်ငံတကာဖိအားပေးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အစိုးရဟာ တစ်ဘက်မှာလည်း
အမျိုးသားရေးသမားတွေနဲ့ သူတို့ကို ဝန်းရံထောက်ပံ့ပေးနေတဲ့နိုင်ငံရေးအင်အားစုတွေနဲ့ရင်ဆိုင်နေ
ရချိန်ဖြစ်တယ်။ ဒီတော့ ဦကိုနီလို အထင်ကရ အစ္စလာမ်တစ်ယောက်ကို ပစ်မှတ်ထားလိုက်ခြင်းအား
ဖြင့် ဒီအမှုဟာ အမယ်ဘုတ်ကဲ့သူချည်ငင်ဆိုသလို ရှင်းမရအောင် ရှုပ်လို့ရတဲ့အနေအထားမှာရှိ
တယ်။ ဒီကိစ္စမှာ မ.ဘ.သ နဲ့ အမျိုးသားရေးအင်အားစုတွေကို တရားခံလမ်းကြောင်းထဲ ထိုးထည့်လို့
ရနိုင်တယ်။ ဒါကတစ်ကွက်။ ဒါက ရှောင်လွှဲမဲ့လမ်းကြောင်းပေါ့။
ဒါဆိုရင် ကိုမြအေးလည်း အစ္စလာမ်ပဲ သူ့ကိုဘာ့ကြောင့်မရွေးလည်းဆိုတော့။ ကိုမြအေးဟာ
၈၈ မျိုးဆက် အစ္စလာမ်တစ်ယောက်ဆိုတာပဲရှိတယ်။ အရေးပါတဲ့သူမဟုတ်ဘူး။
ဒေါက်တာဖေမြင့်ရော ဘာ့ကြောင့်မရွေးချယ်သလဲမေးစရာရှိတယ်။ သူ့ကိုရွေးချယ်သတ်လို့ ဘာမှ
ဖြစ်လာစရာအကြောင်းမရှိဘူး။
နောက်တစ်ချက်က ဦးကိုနီဆိုတာ ၂၀၀၈ခြေဥရဲ့ ရည်ရွယ်ချက်နဲ့ ဟာကွက်တွေ ကိုတကယ်ကို
ကျွမ်းကျင်ပိုင်နိုင်တဲ့သူ။ ၂၀၀၈ခြေဥဟာ လုံးဝကို ခိုင်ပြီလို့ ယူဆထားတဲ့အတွက် ရွေးကောက်ပွဲ
ကျင်းပပြီး အစိုးရရွေးချယ်ခွင့်ပြုလိုက်တာပဲ။ ဒီလောက်အပိုင်ချုပ်နှောင်ချည်တုတ်ထားထဲအထဲက
နေ သူတို့ရဲ့ဥပဒေဟာကွက်ကနေထိုးဖောက်ထွက်လာပြီး ယခုလိုအခြေအနေထိရောက်လာတာ
ဟာ ဥပဒေပညာရှင်တွေရဲ့အစွမ်းပဲ။ ဥပဒေကို လုံးဝပြင်လို့မရအောင်လုပ်ထားတယ်။ ကိစ္စမရှိဘူး။
အသစ်ထပ်ဖြည့်လိုက်တယ်။ ဒီတော့ ၂၅%ဟာ ဘေးရောက်သွားတယ်။
ဒေါ်အောင်ဆန်းစုကြည် လုံးဝ သမ္မတမဖြစ်အောင်လုပ်ထားတယ်။ရတယ်အေးဆေးပဲ။ ၂၀၀၈
နဲ့အညီ နိုင်ငံတော်အတိုင်ပင်ခံရာထူးကိုဖော်ထုတ်လိုက်တယ်။ ဦးကိုနီဆိုတာ ဒီလို ၂၀၀၈ခြေဥရဲ့
အားနည်းချက်တွေကိုကျွမ်းကျင်သူဖြစ်တယ်။ အစိုးရအတွက် ဥပဒေရေးရာတွေမှာ တကယ်အားကိုး
ရတဲ့သူဖြစ်တယ်။ ခန့်မှန်းရတာပေါ့ ဒီအစိုးရရဲ့သက်တမ်းတစ်ဝက်ကျော်ကျော်လောက်မှာ ၂၀၀၈
ခြေဥကိုပြုပြင်ပြောင်းလဲဖို့၊ ဒါမှမဟုတ် အသစ်ပြန်လည်ရေးဆွဲဖို့ ပြုလုပ်လာမယ်လို့ထင်ရတယ်။
ဒါအတွက် ဦးကိုနီရဲ့ဆောင်ရွက်မှုကအဓိကကျတယ်။ အစိုးရရဲ့ဥပဒေအကြံပေးတစ်ယောက်ဖြစ်တဲ့
ဦးကိုနီကို လုပ်ကြံလိုက်တဲ့အတွက် လက်ရှိအစိုးရရဲ့ ဥပဒေရေးရာပိုင်းသုံးသပ်ကိုင်တွယ်မှုတွေမှာ
အနည်းနဲ့အများအားလျော့သွားနိုင်တယ်။ ဒီတော့..ဦးကိုနီကိုလုပ်ကြံဖို့စေခိုင်းသူတွေဟာ ၂၀၀၈
ခြေဥကို ပြုပြင်ပြောင်းလဲပြီးအသစ်ရေးဆွဲမှာကိုမလိုးလားသူတွေလည်းဖြစ်နေနိုင်တယ်။
ဒါက တရားခံလမ်းကြောင်းကိုမှန်းဆတွက်ချက်ကြည့်တာပါ။
တကယ်လို့များ...ဒါဟာ နိုင်ငံရေးကစားကွက်တစ်ခုဖြစ်နေခဲ့မယ်ဆိုရင်တော့..လောလောဆယ်
မြန်မာနိုင်ငံရဲ့ အုပ်ချုပ်မှုအပိုင်းကဏ္ဍအရ ဘယ်လိုမှ မူရင်းတရားခံမပေါ်ပေါက်နိုင်ပါဘူး။
ကြည်လင်းနဲ့ မြင့်ဆွေတင် လမ်းဆုံးပါလိမ့်မယ်။ လုပ်ထုံးလုပ်နည်းအရ ကြည်လင်းက နံပါတ် ၁
တရားခံဆိုပေမဲ့ သူ့အထက်မှာ အနည်းဆုံး ၃..၄ဆင့်လောက်ရှိလိမ့်မယ်။ တကယ်တော့ ကြည်လင်း
ဟာ လွတ်မြောက်ရမှာပါ။ ဒါပေမဲ့ ကြိုးကိုင်စီမံသူတွေရဲ့စီမံချက်ကို အလုပ်ရှုပ်သွားစေတာကတော့
တက္ကစီသမားတွေပါပဲ။ ဒီတက္ကစီသမားတွေသာဝင်မရှူပ်ခဲ့ဘူးဆိုရင် သူတို့ဟာ ဒူးနှံ့ပြီး အစိုးရရဲ့
အခက်အခဲကိုထိုင်ကြည့်နေရုံပါပဲ။ ပြည်ထဲရေးဆိုတာ သူတို့ခေါင်းထဲမှာ ထည့်ထားစရာမဟုတ်ဘူး
လို့ယူဆတွက်ချက်ထားပုံရပါတယ်။ဒါကလည်းအကြောင်းတော့ရှိမှာပေါ့။ ကြည်လင်းအမိခံလိုက်ရ
ပြီဆိုတော့ မီးခိုးကြွက်လျှောက်ဆိုတာကိုသူတို့နားမလည်ပဲနေမှာမှမဟုတ်တာ။ ခုဆိုရင်မြင့်ဆွေဆိုတဲ့
သူဟာ သေရင်တောင်သေနေလောက်ပြီ။ ဆက်သွယ်ရေးလမ်းကြောင်းကိုဖြတ်တောက်လိုက်မှာ
ပေါ့။ မြင့်ဆွေကိုအမိခံမယ်ဆိုရင်လည်းပဲ သူ့အထက်က နံပါတ် ၃ အဆင့်လောက်ဟာ သေနေ
နေလောက်ပါပြီ။ တကယ်တော့ ဘုရားသူခိုးဂိုဏ်းဖြစ်ပုံရတဲ့ ကြည်လင်းနဲ့မြင်ဆွေဆိုတာ နိုင်ငံရေး
တွေစိတ်မဝင်စားတဲ့၊ ဦးကိုနီနဲ့ ဘာပတ်သက်မှုရန်ငြိုးမှ မရှိနိုင်တဲ့ သူတွေဖြစ်နိုင်ပါတယ်။
သူတို့အထက် တစ်ယောက်ကျော်ကစီမံသူဟာ ဘယ်သူဆိုတာသိမှာမဟုတ်သလို၊ သူတို့သတ်လိုက်
တဲ့သူဟာဘယ်လိုလူဆိုတာလည်းသိမှာမဟုတ်ပါဘူး။
ဒီတော့လည်းဒီအမှုရဲ့မူရင်းတရားခံဟာ ဘယ်လိုမှပေါ်ပေါက်နိုင်မှာမဟုတ်တော့ပါဘူး။ ဒီပြဿနာ
ကို ကိုင်တွယ်ဖြေရှင်းမှာက ပြည်ထဲရေး။ ပြည်ထဲရေးဆိုတာကလည်း.....................။
အစိုးရဘာမှမတတ်နိုင်ပါဘူး။ ဇာတ်လမ်းကဒီမှာတင်ဆုံးမှာပါ။
နိုင်ငံခြားဇာတ်လမ်းတွေမှာဆိုရင်တော့ ဒီလိုလူသတ်မှုတွေကိုကျူးလွန်ဖို့ အတွက်
လူသတ်သမားရဲ့အကြောင်းကိုအသေးစိပ်သိတဲ့ ၊ဖိအားပေးခိုင်းစေနိုင်တဲ့ ထောင်မှူး ထောင်ပိုင်
တွေ၊ ရဲမှူးကြီးတွေကရှာဖွေပေးနိုင်တာပေါ့။ ဒီလိုလူတွေဆီက စိတ်ချရတဲ့ လူသတ်သမားကိုရဖို့ဆို
တာကလည်း.................။
သဗ္ဗေသတ္တာ ကမ္မဿကာ။
အရှင်ဥတ္တမ ( တွင်းမ )
1.2.17 ( 11:48am )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...